Blog

၀၀၅။ စူရာ မာအီဒဟ် : ခဲဖွယ်ဘောဇဉ်၊ အစောင်-၆ ၊ ကဏ္ဍ-၅၊ အာယသ်တော် ၁၂၀

surah-5_img
The Holy Quran and Myanmar Translation

၀၀၅။ စူရာ မာအီဒဟ် : ခဲဖွယ်ဘောဇဉ်၊ အစောင်-၆ ၊ ကဏ္ဍ-၅၊ အာယသ်တော် ၁၂၀


Notice: Undefined index: options in /home/kpr4d695aq7d/public_html/wp-content/themes/edumall/elementor/widgets/original/section.php on line 45

မပြတ်မစဲ သနားကြင်နာ ညှာတာတော်မူသော မဟာကရုဏာတော်ရှင် ဖြစ်တော်မူသော အလ္လာဟ်အရှင်မြတ်၏ နာမံတော်ဖြင့် အစပြုပါ၏။

၀၀၅ : ၁။ အို-မုအ်မင်န် သက်ဝင်ယုံကြည်သူအပေါင်းတို့၊ အသင်တို့သည် (မိမိတို့ထားရှိကြလေသော) ပဋိညာဉ်ကတိဝန်ခံချက်များအတိုင်း လိုက်နာဆောင်ရွက်ကြလေကုန်။(လာလတ္တံ့သော မုက္ခပါဌ်တော်၌ ) အသင်တို့အား ကြားနာစေအံ့သော အရာများမှအပ (ကုလားအုတ်၊ ကျွဲ၊ နွား၊ သိုး၊ ဆိတ်ကဲ့သို့သော) ခြေလေးချောင်းရှိသော တိရစ္ဆာန်တို့သည်ကားအသင်တို့အဖို့ (ဟလာလ် ဟူ၍ စားသုံး) ခွင့်ပြုထားပြီးဖြစ်ချေ သတည်း။ သို့ရာတွင် အသင်တို့သည် (“ဟဂျ်”ပြုရန် အတွက်) ” အိဟ်ရာမ်” ဝတ်ရုံကို ဝတ်ဆင်ပြီးဖြစ်နေကြစဉ်အမဲလိုက်ခြင်းကို (ဟလာလ်) ခွင့်ပြုပြီးဖြစ်သည်ဟူ၍မထင်မှတ် မယူဆ ကြရပေ။ စင်စစ်ဧကန် အလ္လာဟ််အရှင်မြတ်သည်မိမိ အလိုတော်ရှိရာကိုသာ အမိန့်ပေးတော်မူပေသတည်း။

၀၀၅ : ၂။ အို-အီမာန် ယုံကြည်ခြင်း သဒ္ဓါတရားထားရှိကြသူ “မုအ်မင်န်” အပေါင်းတို့၊အသင်တို့သည် အလ္လာဟ််အရှင်မြတ်၏(သာသနာတော်၏) ထူးခြားထင်ရှားသော အထိမ်းအမှတ်တို့ကိုလည်းကောင်း၊ ထူးမြတ်သောလများကိုလည်းကောင်း၊ “ဟရမ်” ဟူ၍ သတ်မှတ် ထားသောနယ်နိမိတ်အတွင်း ပြုလုပ်မည်ဖြစ်သော “ကုရ်ဗာနီ “သားကောင်ကိုလည်းကောင်း၊ ကုရ်ဗာနီ ပြုလုပ်ရန်အတွက် လည်ပင်းတွင် လည်ဆွဲ၊ ပန်းကုံး၊ အမှတ်အသား တစ်ခုခုဆွဲထားသော ကုရ်ဗာနီသားကောင်များကိုလည်းကောင်း၊ မိမိတို့အားမွေးမြူတော် မူသောအရှင်မြတ်၏ ကျေးဇူးတော်နှင့်နှစ်သက်မှုကို ရှာဖွေဆည်းပူးခြင်းအားဖြင့် “အလ်ဗိုက်သုလ်ဟရာမ်”ထူးမြတ်သော အိမ်တော် (၀ါ) “ကအ်ဗဟ်” ကျောင်းတော်သို့့သွားရောက်ရန် ရည်စူးကြကုန် သောသူတို့ကိုလည်းကောင်း၊မရိုမသေ မလေးမခန့်မပြုကြကုန်လင့်။ ၎င်းနောက် အသင်တို့သည်(မိမိတို့) “အိဟ်ရာမ် “ဝတ်ရုံကို ချွတ်ပြီးကြလေသောအခါ အမဲလိုက်ခြင်းကို (ပြုလိုက)ပြုကြလေကုန်။ ၄င်းပြင်အသင်တို့သည် အကြင်လူမျိုးတစ်မျိုး ကို မုန်းတီးခြင်းသည်အသင်တို့ အား(တရာစည်းမျဉ်းကို) ကျူးလွန်ဖောက်ဖျက်ရန်လှုံ့ဆော်ရန်သည် မရှိစေရ။ ထိုလူမျိုးသည် (“ဟုဒိုဗီယဟ်”တွင် စစ်ပြေငြိမ်း ရေးစာချုပ် ချုပ်ဆိုသောနှစ်တွင်) အသင်တို့အား ကအ်ဗဟ် ကျောင်းတော်သို့ (သွားရောက်ခြင်း)မှပိတ်ပင်တားဆီးခဲ့ ကြလေသည်။ ထို့ပြင်တဝ အသင်တို့သည်ကောင်းမှု ကုသိုလ် ပြုရာ၌လည်းကောင်း၊ မကောင်းမှုဒုစရိုက်မှကြဉ်ရှောင် ရာ၌ လည်းကောင်း၊ အချင်းချင်း ကူညီယိုင်းပင်းကြလေကုန်။ သို့ရာ တွင် ပြစ်မှုဒုစရိုက်ကို ပြုကျင့်ရာတွင်လည်းကောင်း၊ ကျူးကျော်စော်ကားရာတွင်လည်းကောင်း၊ အချင်းချင်း ယိုင်းပင်းကူညီ ခြင်းကို မပြုကြကုန်လင့်။ ထိုမှတစ်ပါးအသင်တို့သည် အလ္လာဟ်အရှင်မြတ်ကို ကြောက်ရွံ့ ကြလေကုန်။ အလ္လာဟ််အရှင်မြတ် သည် မလွဲဧကန် ပြင်းထန်စွာအပြစ်ပေးတော်မူသော အရှင်မြတ် ပင်တည်း။

၀၀၅ : ၃။ အလိုအလျောက်သေသော တိရစ္ဆာန်သည်လည်းကောင်း၊ သွေးသည်လည်းကောင်း၊ ဝက်တိရစ္ဆာန်၏အသားသည် လည်းကောင်း၊ အလ္လာဟ််အရှင်မြတ်မှတစ်ပါးအခြားကို ရည်စူးထားသော တိရစ္ဆာန်သည်လည်းကောင်း၊လည်မျို (ညှစ်၍ဖြစ်စေ၊ လိမ်၍ဖြစ်စေ) သေရသောတိရစ္ဆာန်သည်လည်းကောင်း၊ ရိုက်နှက်၍ဖြစ်စေ၊ ထိခိုက်၍ဖြစ်စေ သေသောတိရစ္ဆာန်သည်လည်းကောင်း၊ မြင့်ရာမှကျ၍ သေသောတိရစ္ဆာန်သည်လည်းကောင်း၊ ဦးချိုဖြင့်ဝှေ့ခတ်ခြင်းခံရ၍ သေသော တိရစ္ဆာန်သည်လည်းကောင်း၊ (အသက်မထွက်မီ တရားတော်နှင့်အညီ)အသင်တို့ “ဇဗ်ဟ်”လှီးဖြတ် နိုင်ခဲ့သောတိရစ္ဆာန်များမှအပ သားရဲတိရစ္ဆာန်များ ကိုက်ခဲသတ်ဖြတ်ထားသောတိရစ္ဆာန်သည်လည်းကောင်း၊ အသင်တို့အပေါ်၌ ဟရာမ်ဟူ၍တားမြစ်ထားပြီး ဖြစ်လေပြီ။ ရုပ်ပွားဆင်းတုများထားရှိရာဌာနများတွင် ပူဇော်သက္ကာပြုရန် လှီးဖြတ်ထားသော တိရစ္ဆာန်များသည်လည်းကောင်း၊ မဲမြှားတို့ ဖြင့် အသင်တို့့ ဝေစုဝေပုံခွဲခြင်းသည်လည်းကောင်း၊ အသင်တို့အဖို့့(စားသုံးခြင်း မပြုကြရန်) ဟရာမ် တားမြစ်ထားပြီး ဖြစ်ချေသည်။ ဤသည်တို့ကားပြစ်မှုဒုစရိုက်များ ပင်တည်း။ ယနေ့အဖို့မှာကား ကာဖိရ်သွေဖည်ငြင်းပယ် သောသူတို့့သည် အသင်တို့၏သာသနာကို(ဖျက်ဆီးနိုင်ခြင်း)မှ မျှော်လင့်ချက် ကင်းမဲ့ကြပြီးဖြစ်ရာ အသင်တို့သည် ထိုသူတို့ကို စိုးရိမ်ကြောက်ရွံ့ခြင်း မရှိကြဘဲ ငါအရှင်မြတ်ကိုသာလျှင် ကြောက်ရွံ့ကြလေကုန်။ ယနေ့သော်ကားငါအရှင်မြတ်သည် အသင်တို့အဖို့ အသင်တို့၏ ဒီန်သာသနာကို ပြည့်စုံစေတော်မူခဲ့လေပြီ။ ၎င်းပြင် ငါအရှင်သည်မိမိ၏ကျေးဇူးတော်များကို အသင်တို့အဖို့ အပြည့်အစုံ ချီးမြှင့်ပေးသနားတော်မူခဲ့လေပြီ။ ၎င်းပြင် ငါအရှင်သည် အစ္စလာမ်သာသနာကို အသင်တို့့အဖို့ ‘ဒီန်သာသနာတော်အဖြစ်သဘောတူ နှစ်မြို့တော်မူခဲ့လေပြီ။ သို့့ရာတွင် (အထက်တွင်မြစ်တားထားခဲ့သော အရာများနှင့်စပ်လျဉ်း၍ သိအပ်သောအချက်တစ်ရပ်မှာ) မည်သူမဆို အပြင်းအထန် ဆာလောင်မွတ်သိပ်၍ မလွှဲမရှောင်သာသည့် အခြေသို့ ဆိုက်ရောက်ခဲ့သဖြင့် ထိုသူသည် ပြစ်မှုကို နှစ်သက်လိုလားခြင်း မရှိဘဲ(မြစ်တားထားသော အရာများကို စားသုံးမိပါက) မချွတ်ဧကန်အလ္လာဟ်် အရှင်မြတ်သည် အလွန်တရာ လွတ်ငြိမ်း ချမ်းသာခွင့်ပေးတော်မူသောအရှင်၊ အလွန်တရာ ကြင်နာ သနားတော်မူသောအရှင် ဖြစ်တော်မူပေသတည်း။

၀၀၅ : ၄။ (အို-နဗီတမန်တော်) ထိုသူတို့သည် မိမိတို့ (စားသုံးခြင်း) အလို့့ငှာမည်သည့် (တိရစ္ဆာန်များ) ကို “ဟလာလ်” ခွင့်ပြုထားပြီးဖြစ်ပါသနည်းဟု အသင့်အား လာရောက်)မေးမြန်းကြကုန်၏။ အသင်သည် (၎င်းတို့အားဤသို့) ဖြေကြားပါလေ။ (အို-အချင်းတို့)၊ အသင်တို့ (စားသုံးရန်) အလို့့ငှာစင်ကြယ်သန့်ရှင်းသော(တိရစ္ဆာန်)ဟူသရွေ့တို့သည် ‘”ဟလာလ်” ခွင့်ပြုပြီးဖြစ်ကုန်၏။ ၎င်းပြင် အသင်တို့သည် အလ္လာဟ််အရှင်မြတ် သင်ကြားပြသတော်မူသော နည်းနိသျှည်းအတိုင်း မိမိတို့၏ အမဲလိုက်တိရစ္ဆာန်များကို (အမဲလိုက်ရန် စည်းကမ်း များကိုတတ်သိလိမ်မာအောင်) သင်ကြားပြီး လွှတ်လိုက်၍ အသင်တို့အဖို့ ဖမ်းဆီးခဲ့သော အမဲကိုလည်း အသင်တို့သည် စားသုံးကြလေကုန်။ သို့ရာတွင် အသင်တို့သည် (ထိုအမဲလိုက်တိရစ္ဆာန်ကိုအမဲလိုက်ရန်အလို့ငှာလွှတ်လိုက်သောအခါ) အလ္လာဟ််အရှင်မြတ်၏နာမံတော်ကို တသကြလေကုန်။ ဧကန်စင်စစ်အလ္လာဟ််အရှင်မြတ်သည် လျင်မြန်စွာ စစ်ဆေးစောကြောတော်မူမည့် အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။

၀၀၅ : ၅။ (အို-မုစ်လင်မ်အပေါင်းတို့)့ ယနေ့ စင်ကြယ်သန့်ပြန့်သော အရာဟူသမျှတို့သည် အသင်တို့အဖို့ စားသုံးခွင့်ပြုပြီးဖြစ်လေသည်။ ၎င်းပြင် (ရှေးအထက်) ကျမ်းဂန်ကိုချီးမြှင့်ပေးသနားတော်မူခြင်း ခံကြရသော သူတို့၏စားသုံးဖွယ်ရာများသည်လည်း အသင်တို့အဖို့ (စားသုံး) ခွင့်ပြုပြီးဖြစ်ချေသည်။ ထိုနည်းတူစွာ အသင်တို့၏ စားသုံးဖွယ်ရာများသည်လည်း အသင်တို့အဖို့ (စားသုံး)ခွင့်ပြုပြီးဖြစ်၏။၎င်းပြင် သိက္ခာကိုစောင့်ထိန်းသော မုစ်လင်မ်အမျိုးသမီးတို့သည်လည်းကောင်း၊ အသင်တို့အလျင် ကျမ်းဂန်ကို ချီးမြှင့်ပေးသနားတော်မူခြင်းခံကြရသော သူတို့အနက်မှ ကာယိန္ဒြေကိုစောင့်ထိန်းသော အမျိုးသမီးတို့သည်လည်းကောင်း၊ အကယ်၍ အသင်တို့သည် ထို အမျိုးသမီးတို့့အား ၎င်းတို့့၏ “မဟ်ရ်” ထိမ်းမြား ကြေးများကိုပေးဆပ်၍ ထင်ထင်ပေါ်ပေါ် ကာမဂုဏ်လိုက်စားခြင်းနှင့် တိတ်တိတ်ပုန်း အမြှောင်မယား ထားခြင်းမပြုဘဲ မိမိတို့၏သိက္ခာကို စောင့်ထိန်းခြင်းအားဖြင့်သာ ထိမ်းမြားကြပါမူ။ (ထိမ်းမြားခွင့်ပြုပြီး ဖြစ်လေသည်)။ စင်စစ်သော်ကားမည်သူမဆို အီမာန် ယုံကြည်မှုကို ပယ်ရှားပါလျှင် ထိုသူ၏(ပြုခဲ့သမျှသော) ကောင်းမှုသည် မလွဲဧကန် အလဟဿအချည်းနှီးပင်ဖြစ်အံ့။ ၎င်းပြင် ထိုသူသည် နောင်တမလွန်ဘဝ၌လည်း ကျိုးယုတ် ပျက်စီးသောသူတို့တွင် အပါအဝင်ဖြစ်လတ္တံ့။

၀၀၅ : ၆။ အို-မုအ်မင်န် သက်ဝင်ယုံကြည်သူအပေါင်း တို့၊ အသင်တို့သည် “ဆွလာတ်” ဝတ်ပြုရန် ထကြသောအခါ မိမိတို့၏ မျက်နှာများကိုလည်းကောင်း၊ လက်များကို တံတောင်ဆစ်ပါလည်းကောင်း၊ ဆေးကြောကြလေကုန်။ ထိုနည်းတူစွာ အသင်တို့၏ ဦးခေါင်းများကို ပွတ်သပ်ကြလေကုန်။ ၎င်းပြင် အသင်တို့သည် မိမိတို့၏ ခြေများကိုလည်း ခြေမျက်စိများပါ (ဆေးကြောကြလေကုန်)။ သို့့ရာတွင် အကယ်၍ အသင်တို့သည် ‘”ဂျနုဗ်”ခန္ဓာကိုယ်မသန့့်သော သူများဖြစ်၍ (ရေသုံးသပ်ရန် ထိုက်နေကြပါလျှင် တစ်ကိုယ်လုံးကို) သန့်စင်အောင် ပြုကြလေကုန်။၎င်းပြင် အကယ်၍ အသင်တို့သည် ဝေဒနာရှင်များ ဖြစ်နေကြသော်လည်းကောင်း၊ ခရီးသည်များ ဖြစ်နေကြသော်လည်းကောင်း၊ သို့တည်းမဟုတ် အသင်တို့အနက် တစ်စုံတစ်ယောက်သောသူသည် ကျင်ကြီး ကျင်ငယ်စွန့်ရာမှ ပြန်ခဲ့သည်ရှိသော်လည်းကောင်း၊ သို့မဟုတ် အသင်တို့သည် (မိမိတို့၏)ဇနီးမိန်းမများနှင့် မေထုန်သံဝါသ ပြုခဲ့ကြသည်ရှိသော်လည်းကောင်း၊ ပြီးနောက် အသင်တို့သည် ရေကိုမရရှိခဲ့ကြပါလျှင်စင်ကြယ်သန့်ပြန့်သော မြေကြီးဖြင့် “သယမ်မွန်မ် “ပြုကြလေကုန်။ ထို(ကဲ့သို့ “သယမ်မွန်မ် “ပြုသော)အခါ အသင်တို့သည်(လက်ဝါးနှစ်ဖက်ဖြင့် မြေကြီးကိုရိုက်ပုတ်၍) မိမိတို့၏ မျက်နှာနှင့် လက်များကို ထိုမြေကြီးဖြင့်ပွတ်သပ်ကြလေကုန်။ အလ္လာဟ််အရှင်မြတ်သည် အသင်တို့ အပေါ်၌ ကျဉ်းကြပ်မှုကို ပြုလုပ်ရန်ရည်ရွယ်တော် မူသည်မဟုတ်။ သို့ရာတွင် ထိုအရှင်မြတ်သည်အသင်တို့အား သန့်ရှင်းစင်ကြယ်အောင် ပြုလုပ်ရန် နှင့် မိမိကျေးဇူးတော်ကို အသင်တို့အဖို့ အပြည့် အစုံပေးသနားတော်မူရန်သာ ရည်စူးတော်မူလေသည်။ သို့မှသာလျှင်အသင်တို့သည် ကျေးဇူးတော် ကိုသိတတ်သူများ ဖြစ်တန်ကြရာလေသတည်း။

၀၀၅ : ၇။ တဖန် အသင်တို့သည် မိမိတို့အပေါ်၌ အလ္လာဟ််အရှင်မြတ်က ပြုတော်မူသော ကျေးဇူးတော်ကိုလည်းကောင်း၊အသင်တို့က “ကျွန်တော်မျိုးတို့သည် (အမိန့်တော်များကို) နာခံကြပါပြီ၊ ထို့ပြင် ကျွန်တော်မျိုးတို့သည်(ယင်းအမိန့်တော်များအတိုင်း) လိုက်နာကြပါပြီ” ဟု ပြောဆိုကြသော အချိန်တွင်ထိုအရှင်မြတ်သည် အသင်တို့နှင့် မြဲမြံခိုင်ခံ့စွာ ဖွဲ့တော်မူသောထိုအရှင်မြတ်၏ ပဋိညာဉ်တော် ကိုလည်းကောင်း၊ ပြန်လည်အောက်မေ့သတိရကြလေကုန်။ ၎င်းပြင် အသင်တို့သည်အလ္လာဟ််အရှင်မြတ်အား (အမြဲတစေ) ကြောက်ရွ့ံကြလေကုန်။ဧကန်စင်စစ် အလ္လာဟ််အရှင်မြတ်သည် (လူတို့၏) စိတ်နှလုံးများ တွင်ရှိသည်တို့ကို အကြွင်းမဲ့ သိရှိတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူ၏။

၀၀၅ : ၈။ အို-မုအ်မင်န်သက်ဝင်ယုံကြည်သူအပေါင်း တို့၊အသင်တို့သည် အလ္လာဟ််အရှင်မြတ်(၏ နှစ်သက်မှုရယူရန်)အလို့ငှာ ဖြောင့်မတ်တည်ကြည် သောသူများ၊ (သက်သေခံရာတွင်) တရားမျှတစွာ သက်သေခံသူများဖြစ်ကြလေကုန်။၎င်းပြင် မည်သည့် လူမျိုးတစ်မျိုးကိုမဆို မုန်းတီးခြင်းသည်အသင်တို့အား တရားမျှတမှုကို မပြုဘဲနေကြရန် လှုံ့ဆော်သည်မရှိစေရ။ အသင်တို့သည် (မည်သည့် ကိစ္စမျိုး၌မဆို)တရားမျှတကြလေကုန်။ ယင်းတရားမျှတမှုသည်ကား ပြစ်မှုဒုစရိုက်တို့မှ ကြဉ်ရှောင်ခြင်းနှင့် အနီးစပ်ဆုံးပင်တည်း။ထိုမှတစ်ပါးအသင်တို့သည် အလ္လာဟ််အရှင်မြတ်ကို ကြောက်ရွ့ံကြလေကုန်။ မလွဲဧကန် အလ္လာဟ််အရှင်မြတ်သည် အသင်တို့ပြုမူသမျှတို့ကို အကြွင်းမဲ့ ကြားသိတော်မူသော အရှင်မြတ်ပင်ဖြစ်တော်မူချေသတည်း။

၀၀၅ : ၉။ အလ္လာဟ််အရှင်မြတ်သည် အီမာန် ယုံကြည်ခြင်းသဒ္ဓါတရား ထားရှိ၍ ကောင်းမြတ်သောအကျင့် သီလများကို ဆောက်တည်ကြကုန်သော သူတို့အား၊ ‘၎င်းတို့အဖို့လွတ်ငြိမ်းချမ်းသာခွင့်နှင့် ကြီးကျယ် လှစွာသောအကျိုး ဆုလပ်သည်ရှိပေသည်’ ဟူ၍ ဝန်ခံကတိ ထားရှိတော်မူခဲ့ချေပြီ။

၀၀၅ : ၁၀။ သို့ရာတွင် သွေဖည်ငြင်းပယ်သည့်ပြင် ငါအရှင်မြတ်၏တန်ခိုးပြာဋိဟာ သက်သေသာဓက လက္ခဏာများကိုမဟုတ်မမှန်ဟု စွပ်စွဲငြင်းဆိုသော သူတို့မူကား ငရဲဘုံသားများပင်ဖြစ်ကြကုန်သတည်း။

၀၀၅ : ၁၁။ အို-မုအ်မင်န် သက်ဝင်ယုံကြည်သူအပေါင်းတို့၊အသင်တို့သည် မိမိတို့အပေါ်၌(ရှိသော) အလ္လာဟ််အရှင်မြတ်၏ ကျေးဇူးတော်ကို အောက်မေ့သတိရ ရှိကြလေကုန်။ တစ်ရံရောအခါ လူမျိုးတမျိုးသည် မိမိတို့၏လက်များကိုအသင်တို့ဘက်သို့ လှမ်း(၍ အသင်တို့ကိုသတ်ဖြတ်)ကြရန်ကြံရွယ်ခဲ့ကြလေသည်။ ထိုအခါ ထိုအရှင်မြတ်သည် ၎င်းတို့၏လက်များကို အသင်တို့(အားသတ်ဖြတ်ခြင်း)မှ တားဆီးတော်မူခဲ့လေသည်။ ၎င်းပြင် အသင်တို့သည် အလ္လာဟ််အရှင်မြတ်ကိုကြောက်ရွ့ံကြလေကုန်။ အမှန်သော်ကား မုအ်မင်န်သက်ဝင်ယုံကြည်သော သူတို့သည် အလ္လာဟ််အရှင်မြတ်အပေါ်၌သာလျှင် ယုံကြည်စိတ်ချ အားထားကြရပေမည်။

၀၀၅ : ၁၂။ ၎င်းနောက်မှ မုချဧကန် အလ္လာဟ််အရှင်မြတ်သည်(မိမိအမိန့်တော်များကို လိုက်နာရန်) အစ္စရာအီလီလူမျိုးတို့ထံမှ(လည်း) ပဋိညာဉ်ဝန်ခံ ချက်ကိုယူတော်မူခဲ့လေသည်။၎င်းပြင် ငါအရှင်မြတ်သည် ထိုသူတို့အနက်မှ၊ ဦးစီးနာယကအကြီးအကဲ ဆယ့်နှစ်ဦးခန့်အပ်တော်မူခဲ့လေသည်။ ထိုနောက်အလ္လာဟ််အရှင်မြတ်သည် မိန့်ကြားတော်မူခဲ့လေသည်။ ဧကန်စင်စစ် ငါအရှင်မြတ်(၏ကူညီ ယိုင်းပင်းမှု) သည် အသင်တို့နှင့်အတူရှိအ့ံ။ အကယ်၍သာ အသင်တို့သည် ဆွလာတ်ဝတ်ပြုမှုကိုလည်း အမြဲ ဆောက်တည်ကြကုန်အံ့။ ၎င်းပြင် အသင်တို့သည် ဇကာတ် တရားဝင် ဒါနကြေးကိုလည်း ပေးဆောင်ကြကုန်အံ့။ ၎င်းပြင် အသင်တို့သည် ငါအရှင်မြတ်၏ရစူလ်တမန်တော်တို့အားလည်း သက်ဝင်ယုံကြည်၍ ထိုရစူလ်တမန်တော်များအား ယိုင်းပင်းကူညီကြကုန်အံ့။ ၎င်းပြင် အသင်တို့သည်အလ္လာဟ််အရှင်မြတ်အားမွန်မြတ်လှစွာသော ကြွေးမြီချေးငှားခြင်း ကိုလည်းပြုကြအံ့၊ ယင်းသို့ဖြစ်လျှင် ငါအရှင်မြတ်သည်အသင်တို့၏ ပြစ်မှုဒုစရိုက်များကို မုချ ပပျောက်စေတော်မူအံ့၊၎င်းပြင် အသင်တို့အား အကြင် ဥယျာဉ်များ၌လည်း မုချဝင်ရောက်စေတော်မူအံ့၊ ထိုဥယျာဉ်များအောက်၌ ရေချောင်းများသည် စီးဆင်းလျက် ရှိကြလတ္တံ့။ သို့ရာတွင်မူကား အသင်တို့အနက်မှ မည်သူမဆို ယင်း(ကဲ့သို့ ပဋိညာဉ်ထားရှိပြီး)နောက်သွေဖည်ငြင်းပယ်ခဲ့ပါမူ၊ ထိုသူသည် ဖြောင့်မှန်သော (တရား)လမ်းမှ မုချ ဝေးကွာသွားခဲ့ချေပြီ။

၀၀၅ : ၁၃။ ထိုနောက် ၎င်း(အစ္စရာအီလီမျိုးနွယ်)တို့သည်မိမိတို့၏ပဋိညာဉ်ကို ဖောက်ဖျက်ခြင်းကြောင့် ငါ အရှင်မြတ်သည် ၎င်းတို့အား(မိမိ၏) ကရုဏာတော်မှ ကင်းဝေးစေတော်မူခဲ့၏။ ထိုပြင်၎င်းတို့၏ စိတ်နှလုံးများကိုလည်း ခက်ထန်မာကျောအောင် ပြုလုပ်တော်မူခဲ့၏။ ထိုသူတို့သည် မုက္ခပါဌ်တော်များကို ၎င်းတို့၏ မူရင်းနေရာမှများမှ ရွေ့ပြောင်းကြသည်။ ၎င်းပြင် ထိုသူတို့သည် မိမိတို့အား ဆုံးမထားသော အဆုံးအမသြဝါဒများအနက်မှ (ကြီးကျယ် သော) အစိတ်အပိုင်းတစ်ခုကိုလည်း မေ့ပစ်ခဲ့ကြလေသည်။ အမှန်သော်ကား အသင်သည်၎င်းတို့အနက်မှ တချို့သောသူတို့မှတစ်ပါး ကျန်လူများ၏သစ္စာဖောက်မှုတစ်ခုခုကို အမြဲပင် ကြားသိလျက်ရှိနေပေမည်။ သို့ရာတွင် အသင်သည် ၎င်းတို့အား ခွင့်လွှတ်ပါလေ၊ ထို့ပြင်(၎င်းတို့ဘက်မှ)မျက်နှာလွှဲရှောင်ပါလေ၊ ဧကန်စင်စစ် အလ္လာဟ််အရှင်မြတ်သည် ကောင်းမှု ပြုသောသူတို့အား ချစ်မြတ်နိုးတော်မူလေသတည်း။

၀၀၅ : ၁၄။ ထိုနည်းတူစွာ ငါအရှင်မြတ်သည် (မိမိတို့ ကိုယ်ကို) “အကျွနု်ပ်တို့သည် နဆွာရာ ခရစ်ယာန် များဖြစ်ကြသည်”ဟု ပြောဆိုကြကုန်သော သူတို့ထံမှလည်း (ငါအရှင်မြတ်၏အမိန့်တော်များကို လိုက်နာကြရန်) ပဋိညာဉ်ဝန်ခံချက်ကိုယူတော်မူခဲ့ လေသည်။ သို့ပါလျက် ယင်းသူတို့သည် ဆိုဆုံးမခဲ့ပြီးဖြစ်သော ဆုံးမသြဝါဒတို့အနက်မှ (အကြီးအကျယ်ဆုံး)အစိတ် အပိုင်းကို မေ့လျော့ပစ်ခဲ့ကြကုန်၏။ သို့ဖြစ်ပေရာငါအရှင်မြတ်သည် ၎င်းတို့ တွင် “ကိယာမတ်” ရှင်ပြန်ထမည့်နေ့တိုင်အောင် ရန်ငြိုးထားမှုနှင့် မုန်းတီးမှုတို့ကိုထည့်သွင်းပေးတော် မူခဲ့လေသည်။ ၎င်းပြင် အလ္လာဟ််အရှင်မြတ်သည် ထိုသူတို့အား ၎င်းတို့ပြုလုပ်လေ့ရှိခဲ့ကြသောအရာ များကို မကြာမြင့်မီ သိမြင်စေတော်မူအံ့။

၀၀၅ : ၁၅။ အို-ကိတာဗီရှေးအထက်ကျမ်းဂန်ရရှိသူအပေါင်းတို့၊ ငါအရှင်မြတ်၏ ရစူလ်တမန်တော် (မုဟမ္မဒ်)သည်အသင်တို့ထံသို့ မုချဧကန် ရောက်ရှိ လာခဲ့ချေပြီ၊ ထိုရစူလ်တမန်တော်သည် (တောင်ရာတ်နှင့်အိန်ဂျီလ်)ကျမ်းထဲမှ အသင်တို့ထိန်ချန် လျှို့ဝှက်ဖုံးအုပ်ထားခဲ့သော အရာများအနက်များစွာသော အရာတို့ကို အသင်တို့အား ရှင်းလင်းထင်ရှားစွာဖော်ပြလေသည်။ ၎င်းပြင် များစွာသောအချက် တို့ကိုမူ အပြစ်မယူဘဲ ခွင့်လွှတ်လေသည်။ အသင်တို့ထံသို့ အလ္လာဟ််အရှင်မြတ်အထံတော်မှ (ထွန်းလင်းတောက်ပသော) ရောင်ခြည်တော်(၀ါ)နဗီတမန်တော်(မုဟမ္မဒ်)နှင့်တကွ ထင်ရှားလှ စွာသော(ကုရ်အာန်)ကျမ်းတော်မြတ်သည် စင်စစ် ဧကန် ရောက်ရှိလာခဲ့ချေပြီ။ (တစ်နည်း) အသင်တို့ထံသို့ အလ္လာဟ််အရှင်မြတ်အထံတော်မှ ရောင်ခြည်တော်တည်းဟူသော ထင်ရှားသော(ကုရ်အာန်) ကျမ်းတော်မြတ်သည် စင်စစ်ဧကန် ရောက်ရှိလာခဲ့ချေပြီ။

၀၀၅ : ၁၆။ အလ္လာဟ််အရှင်မြတ်သည် ထို(ကုရ်အာန်) ကျမ်းတော်မြတ်ဖြင့် မိမိ၏နှစ်သက်မှုကို လိုက်နာသောသူတို့အားငြိမ်းချမ်းသာယာခြင်း၏ လမ်းများကို ပြသတော်မူ၏။ ၎င်းပြင်ယင်းသူတို့အား မိမိအမိန့် တော်နှင့်(၀ါ)မိမိ သတ်မှတ်ပြဌာန်းထားတော်မူသော ဥပဒေစည်းမျဉ်းအတိုင်း “ကုဖ်ရ်” တည်းဟူသော အမှောင်ထုကြီးအတွင်းမှ (အစ္စလာမ်တည်းဟူသော)အလင်းရောင်သို့ ထုတ်ယူပို့ဆောင်တော်မူ၏။ ၎င်းပြင် ထိုအရှင်မြတ်သည် ထိုသူတို့အား ဖြောင့်မတ်မှန်ကန်သော တရားလမ်းကိုလည်း ပြသတော်မူ၏။

၀၀၅ : ၁၇။ “အလ္လာဟ််ဟူသည် ဧကန်မလွဲ မရ်ယမ်၏ သားတော် မစီဟ်(အီစာ)ပင်ဖြစ်သည်”ဟူ၍ ပြောဆိုကြကုန်သောသူတို့ကား ဧကန်စင်စစ် သွေဖည် ငြင်းပယ်သူများဖြစ်ခဲ့ကြချေပြီ။(အို-နဗီတမန်တော်) အသင်သည် (ထိုသူတို့အားဤသို့ချေပ)ပြောဆို ပါလေ။ (“ဟယ်-အချင်းတို့) သို့ဖြစ်လျှင်အကယ်၍ သော ထိုအလ္လာဟ််အရှင်မြတ်သည် ‘မရ်ယမ် ၏သားတော် ‘မစီဟ်ကို၎င်းလည်းကောင်း၊ ထိုမစီဟ်၏ မယ်တော်ကိုလည်းကောင်း၊ ကမ္ဘာမြေပြင်ဝယ်ရှိရှိသမျှအားလုံးတို့ကိုဖျက်ဆီးလိုတော်မူပါလျှင်၊ အလ္လာဟ််အရှင်မြတ်၏ အမိန့်တော်၌တစ်စုံတစ်ရာ ဝင်ရောက်စွက်ဘက် ကန့်ကွက်နိုင်သူကား မည်သူရှိသနည်း။ အမှန်စင်စစ်သော်ကား မိုးကောင်းကင်များကိုလည်းကောင်း၊ ကမ္ဘာမြေကြီးကိုလည်းကောင်း၊ မိုးနှင့်မြေကြားရှိ အရာဝတ္ထု အားလုံးတို့ကိုလည်းကောင်း၊ အလ္လာဟ််အရှင်မြတ် သာလျှင်စိုးပိုင်တော်မူ၏။ ထိုအရှင်မြတ်သည် မိမိအလိုတော်ရှိရာကို ဖန်ဆင်းတော်မူ၏။ စင်စစ်သော် ကားအလ္လာဟ််အရှင်မြတ်သည် အရာခပ်သိမ်းတို့ကို စွမ်းဆောင်နိုင်တော်မူသော အရှင်ဖြစ်တော်မူ၏။

၀၀၅ : ၁၈။ ၎င်းပြင် ယဟူဒီတို့သည်လည်းကောင်း၊ ခရစ်ယာန် တို့သည်လည်းကောင်း၊ “ငါတို့သည် အလ္လာဟ််အရှင်မြတ်၏ သားတော်များလည်းဖြစ်ကြသည်။ ထိုအရှင်မြတ်၏ အချစ်တော်များလည်းဖြစ်ကြသည်” ဟူ၍ပြောဆိုကြ၏။ (အို-နဗီတမန်တော်အသင်သည် ၎င်းတို့အား ဤသို့) မေးမြန်းပါလေ။ (“အချင်းတို့”) သို့ဖြစ်လျှင် ထိုအရှင်မြတ်သည် အဘယ်ကြောင့် အသင်တို့အား အသင်တို့၏အပြစ်များကြောင့်ပြစ်ဒဏ်စီရင်တော်မူပါသနည်း။ အမှန်မှာ အသင်တို့သည်လည်း ထိုအရှင်မြတ်ဖန်ဆင်းတော်မူသည့်(လူသားများ) အနက်မှလူသာမန်များပင်ဖြစ်ကြပေသည်။ ထိုအရှင်မြတ်သည် မိမိအလိုရှိတော်မူသောသူကို လွတ်ငြိမ်းချမ်းသာခွင့် ပေးသနားတော်မူ၍ မိမိအလိုရှိတော်မူသော သူကို ပြစ်ဒဏ်ပေးတော်မူ၏။ အမှန်မှာ မိုးများနှင့် ကမ္ဘာမြေကြီးကိုလည်းကောင်း၊ ထိုမိုးနှင့်မြေ၏စပ်ကြားတွင် ရှိရှိသမျှသောအရာများကိုလည်းကောင်း အလ္လာဟ််အရှင်မြတ် သာလျှင်စိုးပိုင်တော်မူသည်။၎င်းပြင် (လူခပ်သိမ်း တို့သည်) ထိုအရှင်မြတ်ဘက်တော်သို့သာလျှင် ပြန်လည်ရောက်ကြရမည်သာတည်း။

၀၀၅ : ၁၉။ အို-(ရှေးအထက်)ကျမ်းဂန်ရရှိသူ (ယဟူဒီ၊ခရစ်ယာန်) အပေါင်းတို့၊ အသင်တို့သည် (ကိယာမတ်ရှင်ပြန်ထမည့်နေ့တွင်) ကျွန်တော်မျိုးတို့ထံ (မှန်ကန်သော တရားဓမ္မနှင့် စပ်လျဉ်း၍) ဝမ်းမြောက်ဖွယ်ရာသတင်း ပြောကြားသူဟူ၍လည်းကောင်း၊ (လမ်းမှားသို့မရောက်စေရန်) သတိပေးနှိုးဆော်သူဟူ၍လည်းကောင်း၊ တစ်ဦးတစ်ယောက်မျှပင် ရောက်ရှိလာခဲ့သည်မရှိပါဟု မပြောဆိုနိုင်ကြရန် ရစူလ်တမန်တော်များအဆက်ပြတ်နေသော အချိန်ကာလ၌ အရှင်မြတ်၏ ရစူလ်တမန်တော် (မုဟမ္မဒ်)သည် အသင်တို့ထံ ရောက်ရှိလာခဲ့ချေပြီ။ထိုရစူလ်တမန်တော်(မုဟမ္မဒ်) သည် အသင်တို့အား (မှန်ကန်သော တရားဓမ္မ၊ အမိန့်၊ ပညတ်တို့ကို) ပွင့်လင်းထင်ရှားစွာဟောညွှန် လျက်ရှိပေသည်။ သို့ဖြစ်ပေရာ ယခုသော်ကားအသင်တို့ထံ ဝမ်းမြောက်ဖွယ်ရာ သတင်းပြောကြားသူ၊ သတိပေးနှိုးဆော်သူ (နဗီတမန်တော်မုဟမ္မဒ်)သည် ဧကန်မလွဲရောက်ရှိလာခဲ့ချေပြီ။ စင်စစ်သော်ကား အလ္လာဟ််အရှင်မြတ်သည် အရာခပ်သိမ်းတို့ကို စွမ်းဆောင်နိုင်တော်မူသောအရှင်မြတ်ပင် ဖြစ်တော် မူပေသတည်း။

၀၀၅ : ၂၀။ ထို့ပြင်တဝ (ပြန်လည်အောက်မေ့ သတိရရှိကြလေကုန်) အခါတစ်ပါး၌ (နဗီတမန်တော်) “မူစာ”သည် မိမိအမျိုးသားတို့အား (ဤသို့) ပြောကြားခဲ့လေသည်။ အို-ငါ၏အမျိုးသားအပေါင်းတို့၊ အသင်တို့သည် မိမိတို့အပေါ်၌ တင်ရှိသော အလ္လာဟ််အရှင်မြတ်၏ ကျေးဇူးတော်ကို ပြန်လည်အောက်မေ့ သတိရကြလေကုန်။ ထိုအရှင်မြတ်သည် အသင်တို့၌ နဗီတမန်တော်များကို ပွင့်စေတော်မူခဲ့လေသည်။၎င်းပြင်အသင်တို့အားဘုရင်မင်းများ(အဖြစ်)လည်းမြှောက်စားတော်မူခဲ့လေသည်။၎င်းပြင်အသင်တို့အားစကြာဝဠာတွင်မည်သူတစ်ဦးတစ်ယောက်ကိုမျှ ချီးမြှင့်တော်မမူခဲ့သောကျေးဇူးတော်များကိုလည်း ချီးမြှင့်ပေးသနားတော်မူခဲ့လေသည်။

၀၀၅ : ၂၁။ အို-ကျွန်ုပ်၏ အမျိုးသားအပေါင်းတို့၊ အသင်တို့သည် မိမိတို့အဖို့ အလ္လာဟ််အရှင်မြတ်က (သတ်မှတ်) ရေးသားတော်မူပြီးဖြစ်သော ထွတ်မြတ်သည့်(နယ်)အတွင်းသို့ဝင်ရောက်ကြလေကုန်။ ၎င်းပြင် အသင်တို့သည် မိမိတို့၏နောက် ဘက်သို့လှည့်၍ ပြန်မသွားကြကုန်လင့်။ သို့ပြန်လှည့် သွားကြ ပါမူအသင်တို့သည် ဆုံးရှုံးပျက်စီးသူများ ဖြစ်သွားကြရပေမည်။

၀၀၅ : ၂၂။ ၎င်း(အမျိုးသား)တို့ကမူ (ဤသို့)ဖြေကြားခဲ့ကြလေသည်။ အို-မူစာ၊ မုချဧကန် ထို(နယ်)မြေ၌လုံးရပ်အင်အားကြီးမားသော လူမျိုးတစ်မျိုးသည် ရှိနေကြကုန်၏။ ထိုလူမျိုးတို့သည် ၎င်း(နယ်) မြေအတွင်းမှထွက်ခွာ၍ မသွားသမျှကာလပတ်လုံး ကျွနု်ပ်တို့သည် ယင်း(နယ်)မြေအတွင်းသို့ အလျင်းဝင်ရောက်ကြမည်မဟုတ်ပေ။ အကယ်၍ ထိုလူမျိုး တို့သည်၎င်း(နယ်)မြေအတွင်းမှ ထွက်ခွာသွားကြပါမူ၊ ကျွန်ုပ်တို့သည်ဧကန်စင်စစ် (ထိုနယ်မြေအတွင်းသို့) ဝင်ရောက်ကြလတ္တံ့။

၀၀၅ : ၂၃။ (ထိုအခါ) အလ္လာဟ််အရှင်မြတ်ကို ကြောက်ရွံ့ကြကုန်သောသူတို့အနက်မှ အလ္လာဟ််အရှင်မြတ် ကျေးဇူးပြုတော်မူသော လူနှစ်ယောက်သည် (ဤသို့) ပြောဆိုကြလေသည်။(ဟယ် -အချင်းတို့) အသင်တို့သည် ၎င်းတို့ အားတိုက်ခိုက်ရင်းတံခါးဝအတွင်းသို့ ဝင်ရောက်ကြလေကုန်။ အကယ်၍သာအသင်တို့သည် ယင်းတံခါးဝအတွင်းသို့ ဝင်ရောက်ခဲ့ကြပါလျှင်၊အသင်တို့သည်သာလျှင် (စစ်ရေး) အောင်မြင်သူများ ဖြစ်ကြလတ္တံ့။ ၎င်းပြင် အသင်တို့သည် အကယ်၍ “မုအ်မင်န်” သက်ဝင်ယုံကြည်သူများဖြစ်ကြပါလျှင်၊ အလ္လာဟ််အရှင်မြတ် အပေါ်၌သာလျှင် ယုံကြည်စိတ်ချ အားထားကြလေကုန်။

၀၀၅ : ၂၄။ ထိုအခါ အမျိုးသားတို့က “အို-မူစာ၎င်းတို့သည် ထို(နယ်)မြေအတွင်း ရှိနေသမျှကာလပတ်လုံး မုချဧကန်ကျွန်ုပ်တို့သည် ယင်း (နယ်)မြေအတွင်းသို့ မည်သည့်အခါမျှအလျင်း ဝင်ရောက်ကြမည်မဟုတ်ပေ။ သို့ဖြစ်ပေရာ အသင်ကိုယ်တိုင် မိမိအရှင်မြတ်နှင့်တကွ သွားရောက်ပြီး အသင်တို့နှစ်ဦးသာလျှင် တိုက်ခိုက်ကြလေကုန်။ ကျွန်ုပ်တို့မူကား ဤနေရာ၌ပင် ထိုင်၍နေကြကုန်အံ့ ” ဟု ပြောဆိုကြကုန်သတည်း။

၀၀၅ : ၂၅။ ထိုရောအခါဝယ် (နဗီတမန်တော်) မူစာက “အို-ကျွန်တော်မျိုး၏အရှင်မြတ်၊ ကျွန်တော်မျိုးသည် မိမိကိုယ်နှင့် မိမိ၏နောင်တော်(နဗီတမန်ဟာရုန်)မှတစ်ပါး အခြားမည်သူ့အပေါ်၌မျှ အခွင့်အာဏာ ပိုင်ဆိုင်သည်မရှိပါ။ သို့ဖြစ်ရာအရှင်မြတ်သည် ကျွန်တော်မျိုးနှင့် (ဤ)စည်းကမ်းဖောက်ဖျက်သွေဖည် ငြင်းဆန်သောလူမျိုးတို့၏စပ်ကြားတွင် အဆုံးအဖြတ်ပေးတော်မူပါဟု လျှောက်ထားပန်ကြားခဲ့လေသည်၊

၀၀၅ : ၂၆။ ထိုအခါဝယ် (အလ္လာဟ််အရှင်မြတ်ကမူ) “သို့ဖြစ်လျှင် ဧကန်စင်စစ် ထို(နယ်)မြေသည် ၎င်းတို့အဖို့ နှစ်ပေါင်းလေးဆယ်တိုင်တိုင် ‘ဟရာမ်’ မြစ်တားထားပြီးဖြစ်ချေပြီ။၎င်းတို့သည် (ဤသိန ကျွန်းစွယ်၏နယ်) မြေ၌ပင် တဝဲလည်လည် ဖြစ်ကြလတ္တံ့။ သို့ဖြစ်ပေရာ အသင် (နဗီတမန်တော်မူစာ)သည် (ဤ)စည်းကမ်းဖောက်ဖျက် အမိန့်တော် ကိုသွေဖည်ငြင်းဆန်သော လူမျိုးနှင့် ပတ်သက်၍ (လုံးဝ)ပူဆွေးဝမ်းနည်းခြင်းမရှိပါလေနှင့် “ဟု မိန့်ကြားတော်မူခဲ့လေသတည်း။

၀၀၅ : ၂၇။ ၎င်းပြင် (အို -နဗီတမန်တော်) အသင်သည် ထိုသူတို့အား အာဒမ်၏ သားတော်နှစ်ဦး၏ အကြောင်းကို မှန်ကန်စွာပြောပြပါလေ။ တစ်ရံရော အခါ ထိုသားတော်နှစ်ဦးသည်(အလ္လာဟ််အရှင်မြတ် အားရည်စူး၍) တစ်စုံတစ်ရာအလှူဝတ္ထုကို ပူဇော်သက္ကာရပြုကြလေရာ ၎င်းတို့နှစ်ဦးအနက်တစ်ဦး (ဖြစ်သော ညီတော်ဟာဗီဟ်)၏ ပူဇော်သက္ကာရ ဝတ္ထုပစ္စည်းသည် (အလ္လာဟ်အရှင်မြတ်)၏ သဘောတူ တော်မူခြင်းခံရပြီး၊ အခြားတစ်ဦး(ဖြစ်သောနောင်တော် ကာဗီလ်)၏ ပူဇော်သက္ကာရ ဝတ္ထုပစ္စည်းမှာမူ (အလ္လာဟ််အရှင်မြတ်၏) သဘောတူတော်မူခြင်းကို ခံခဲ့ရသည်မရှိချေ။ (သို့ဖြစ်ပေရာ “ကာဗီလ်” က “ဟာဗီလ်” အား) “ငါသည် အသင့်ကို မုချသတ်မည် “ဟုပြောဆိုခဲ့၏။(“ဟာဗီလ်” က) “အလ္လာဟ််အရှင်မြတ်သည် သူတော်စင်များ၏ထံမှသာလျှင် (ပူဇော်သက္ကာရများကို)သဘောတူ လက်ခံတော်မူပေသည် ” ဟု ပြောကြားလေသည်။

၀၀၅ : ၂၈။ အသင်သည် အကယ်၍ ကျွန်ုပ်အား သတ်ဖြတ်ရန် မိမိလက်ကို လှမ်းခဲ့အံ့ငြားလည်း ကျွန်ုပ်သည် အသင့်အားသတ်ဖြတ်ရန် အသင့်ဘက်သို့ ကျွန်ုပ်၏လက်ကိုလှမ်းမည်မဟုတ်ပေ။ ဧကန်စင်စစ် ကျွန်ုပ်သည် စကြာဝဠာခပ်သိမ်းတို့ကို မွေးမြူဖန်ဆင်းတော်မူသော အလ္လာဟ််အရှင်မြတ်အား ကြောက်ရွံ့သောကြောင့်ပင်တည်း။

၀၀၅ : ၂၉။ ဧကန်စင်စစ် ကျွန်ုပ်(အားသတ်ဖြတ်ခြင်း) ၏အပြစ်ကိုလည်းကောင်း၊ အသင်၏ (ယခင်)အပြစ်ကိုလည်းကောင်း၊ အသင်သာလျှင် (မိမိပခုံးဖြင့်) ထမ်းဆောင်၍ ပြန်သွားရန် ကျွန်ုပ်ရည်စူး၏။ ထို့နောက် အသင်သည် ငရဲသားတို့တွင် အပါအဝင် ဖြစ်ချေမည်။ အမှန်စင်စစ် ဤသည်သာလျှင်မတော်မတရား ပြုမူသောသူတို့၏ အကျိုးတည်း။

၀၀၅ : ၃၀။ ထို့နောက် ထို(ကာဗီလ်)၏ စိတ်သည် ၎င်းအားမိမိညီတော်(ဟာဗီလ်)ကို သတ်ဖြတ်ရန် တိုက်တွန်းခဲ့ပေရာ၊ယင်း(ကာဗီလ်)သည် မိမိညီတော်(ဟာဗီလ်)ကို သတ်ဖြတ် ခဲ့လေသည်။ သို့ဖြစ်ပေရာ ၎င်းသည် ကျိုးယုတ် ပျက်ပြားသူတို့အနက် အပါအဝင် ဖြစ်သွားခဲ့လေသတည်း။

၀၀၅ : ၃၁။ ထို့နောက် အလ္လာဟ််အရှင်မြတ်သည် ကျီးကန်းတစ်ကောင်ကို စေလွှတ်တော်မူခဲ့လေ၏။ ထိုကျီးကန်းသည်၎င်း(ကာဗီလ်)အား မိမိညီတော် (ဟာဗီလ်)၏ ရုပ်ကလာပ်ကိုမည်သို့မည်ပုံ (မြှုပ်နှံ) ဖုံးအုပ် လျှို့ဝှက်ရမည်ကို ပြသရန်အလို့ငှာ မြေကြီးကို ကုတ်ခြစ်တူးဆွလေသည်။ ထိုအခါယင်း(ကာဗီလ်)က “သြော် ငါသည် ဤကျီးကန်းကဲ့သို့ပင်မဖြစ်နိုင်သည်မှာ ဝမ်းနည်းဖွယ်ကောင်းလေစွတကား။ အကယ်၍သာ (ယင်း ကျီးကန်းကဲ့သို့) ဖြစ်နိုင်ခဲ့မူ ငါသည် မိမိညီတော်(ဟာဗီလ်)အား (မြေကြီးတူး၍မြှုပ်နှံ) ဖုံးအုပ် လျှို့ဝှက်နိုင်မည်သာဖြစ်ချေသည်” ဟု ပြောဆို (ညည်းညူမြီတမ်း) ခဲ့လေသည်။ထို့နောက် ၎င်း (ကာဗီလ်)သည် နောင်တရသူတို့တွင် အပါအဝင် ဖြစ်လေသတည်း။

၀၀၅ : ၃၂။ ထို့အတွက်ကြောင့်ပင် ငါအရှင်မြတ်သည်အစ္စရာအီလီမျိုးနွယ်တို့အပေါ်၌ (ဤသို့)အမိန့် ပြဌာန်းတော်မူခဲ့လေသည်။ ဧကန်စင်စစ် မည်သူမဆို အကြင်သူတစ်ဦးတစ်ယောက်အား အသက်တစ်ချောင်း၏ အစားလည်းမဟုတ်ဘဲ၊တိုင်းပြည်၌ ဆူပူသောင်းကျန်း (မှုကို ပြုလုပ်)ခြင်းကြောင့်လည်းမဟုတ်ဘဲ (မတရားသက်သက်) သတ်ဖြတ်ခဲ့ပါလျှင်၊ ထိုသူသည်လူခပ်သိမ်းတို့ကို သတ်ဖြတ်ဘိသကဲ့သို့ပင်ဖြစ်၏။ ထိုနည်းတူစွာ မည်သူမဆို လူတဦးတယောက် ကို (အသက်ဘေးအန္တရာယ်မှ ကယ်ဆယ်ခြင်းအား ဖြင့်) အသက်ရှင်စေခဲ့ပါမူ၊ ထိုသူသည်လူအပေါင်းတို့အား အသက်ရှင်စေဘိသကဲ့သို့ပင်ဖြစ်၏။ ၎င်းအပြင် ငါအရှင်မြတ်၏ရစူလ်တမန် တော်များသည် ထို(အစ္စရာအီလီလူမျိုး)တို့ထံ ထင်ရှားလှစွာသော အမိန့်ပညတ်တော်များ၊ သက်သေ လက္ခဏာတော်များနှင့်တကွ မုချ ရောက်ရှိလာခဲ့ကြလေ၏။ သို့ပါလျက်နှင့်ပင် ယင်း (အစ္စရာအီလီလူမျိုး)တို့တွင် များစွာသောသူတို့သည် တိုင်းပြည်၌ စည်းကမ်းဖောက်ဖျက် ရှိကြသေး၏ ။

၀၀၅ : ၃၃။ အကြင်သူတို့သည် အလ္လာဟ််အရှင်မြတ်နှင့် ထိုအရှင်မြတ်၏ ရစူလ်တမန်တော်မြတ်(၏အမိန့်တော်များ)ကို(သွေဖည်ငြင်းဆန်ပုန်ကန်) တိုက်ခိုက်ကြကုန်၏။ ၎င်းပြင်ကမ္ဘာမြေပြင်ဝယ် ပျက်စီးရာပျက်စီးကြောင်းကို ပြုလုပ်ကြကုန်၏။ ထိုသူတို့၏ အပြစ်ဒဏ်သည်ကား ၎င်းတို့သည် သတ်ဖြတ်ခြင်းခံကြရမည်၊ သို့မဟုတ် လက်ဝါးကပ်တိုင်တင်ခြင်း ခံကြရမည်၊ သို့မဟုတ် ၎င်းတို့၏ ခြေလက်တို့ကို လက်ျာလက်ဝဲဘက်လွှဲ၍ ဖြတ်တောက်ခြင်းခံကြရမည်၊ သို့မဟုတ် ပြည်နှင်ဒဏ်ပေးခြင်း ခံကြရမည်ဖြစ်၏။ ဤသည်ကား ၎င်းတို့အား မျက်မှောက်ဘဝ၌ ကျိုးယုတ်ရှက်ရဖြစ်စေခြင်းပင်ဖြစ်၏။ ၎င်းပြင်ထိုသူတို့၌ နောင်တမလွန်ဘဝတွင်(လည်း) အလွန်ကြီးလေးသော ပြစ်ဒဏ်သည် ရှိပေမည်။

၀၀၅ : ၃၄။ သို့ရာတွင် အကြင်သူတို့သည် အသင်တို့ လက်ရမဖမ်းဆီးမီ (သတိသံဝေဂ၊ နောင်တတရားရရှိကာ) ဝန်ချတောင်းပန်ခဲ့ကြသည်ရှိသော်၊ ဧကန်စင်စစ် “အလ္လာဟ််အရှင်မြတ်” သည် အလွန်တရာမျှ လွတ်ငြိမ်းချမ်းသာခွင့် ပေးသနားတော်မူသောအရှင်၊ အလွန်သနားကြင်နာညှာတာ တော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူကြောင်းကို အသင်တို့သည် သိထားကြလေကုန်။

၀၀၅ : ၃၅။ အို-“မုအ်မင်န်” သက်ဝင်ယုံကြည်သူ အပေါင်းတို့၊ အသင်တို့သည် အလ္လာဟ််အရှင်မြတ်ကို ကြောက်ရွံ့ကြလေကုန်။ ၎င်းပြင်အသင်တို့သည် ထိုအရှင်မြတ်၏အပါးတော်သို့ချဉ်းကပ်မှုကို ရှာဖွေကြလေကုန်။ ထိုမှတစ်ပါး၊ အသင်တို့သည်(နောင်တမလွန်ဘဝတွင်) အောင်မြင်ကြအ့ံသောငှါ ထိုအရှင်မြတ်၏ လမ်းတော်၌ (စစ်မက်ပြိုင်ဆိုင် တိုက်ခိုက်ကြလေကုန်)၊(တစ်နည်း) (အပတ်တကုတ် ကြိုးစားအားထုတ်ကြလေကုန်)။

၀၀၅ : ၃၆။ ဧကန်စင်စစ် သွေဖည် ငြင်းပယ်သောသူတို့သည် (မည်သည့်အခါမျှ မိမိတို့၏ အပြစ်များမှ ချမ်းသာခွင့်ရရှိကြလိမ့်မည်မဟုတ်ပေ)။ အကယ်၍ “ကိယာမတ်” ရှင်ပြန်ထမည့်နေ့၏ ပြစ်ဒဏ်များမှ လျော်ကြေးပေး၍ လွတ်မြောက်ခြင်းငှာ ၎င်းတို့ထံ၌ ကမ္ဘာလောက၌ ရှိရှိသမျှသော ဥစ္စာပစ္စည်းအားလုံး ရှိသည့်ပြင် ၎င်းနှင့်တကွ ထိုမျှလောက်သော ဥစ္စာပစ္စည်းနောက်ထပ်ရှိသော်လည်း ထိုပစ္စည်းများကို (လျော်ကြေးပေးကြသည့်တိုင်) ၎င်းတို့ထံမှ သဘောတူ လက်ခံတော်မူလိမ့်မည်မဟုတ်ပေ။ အမှန်သော်ကား ထိုသူတို့အဖို့ အလွန်ပြင်းပြနာကျင်ဖွယ်ဖြစ်သော အပြစ်ဒဏ်သည် အဆင့်သင့်ရှိပေသည်။

၀၀၅ : ၃၇။ ၎င်းတို့သည် “ဂျဟန္နမ်” ငရဲမီးမှ ထွက်လို ကြကုန်အ့ံ။ သို့ရာတွင်မူကား ၎င်းတို့သည် (မည်သည့်အခါမျှ) ထို(“ဂျဟန္နမ်”) ငရဲမီးမှထွက်ကြရမည့် သူများမဟုတ်ပေ။အမှန်စင်စစ်သော်ကား ၎င်းတို့ အဖို့ အမြဲတည်တ့ံသောပြစ်ဒဏ်သည် (အဆင့်သင့်) ရှိနေလေသတည်း။

၀၀၅ : ၃၈။ ၎င်းအပြင် (အို-တရားသူကြီးအပေါင်းတို့) ခိုးသူယောက်ျားပင်ဖြစ်စေ၊ ခိုးသူ မိန်းမပင်ဖြစ်စေ၊ အသင်တို့သည်၎င်းတို့နှစ်ဦးလုံး၏ လက်များကို ဖြတ်တောက်ကြလေကုန်။(ဤသည်) ထိုသူတို့နှစ်ဦး ပြုမူခဲ့ကြသော ပြုမူချက်၏ ပြစ်ဒဏ်လည်းဖြစ်၏။ အလ္လာဟ်် အသျှင်မြတ်အထံတော်မှ(အခြားသူများ) သတိ သံဝေဂရစေရန် ဆုံးမချက်တရပ်လည်းဖြစ်၏။ အမှန်သော်ကား အလ္လာဟ််အရှင်မြတ်သည် တန်ခိုးအာနုဘော်နှင့် ပြည့်စုံတော်မူသောအရှင်၊ ဉာဏ်အမြော်အမြင်နှင့် ပြည့်စုံတော်မူသော အရှင်မြတ်ပင်တည်း။

၀၀၅ : ၃၉။ တဖန် မည်သူမဆို မိမိ ပြစ်မှုကျုးလွန်ပြီး သည့်နောက် (သတိသံဝေဂနောင်တတရား ရရှိကာ အလ္လာဟ််အရှင်မြတ်အထံတော်၌) ဝန်ချတောင်းပန်ပြီး (မိမိကိုယ်ကိုမိမိ) ပြုပြင်ခဲ့ပါ။ မလွဲဧကန် အလ္လာဟ််အရှင်မြတ်သည် ထိုသူ၏ဘက်သို့ကရုဏာတော်နှင့် ပြန်လှည့်တော်မူအ့ံ။ အလ္လာဟ််အရှင်မြတ်သည် စင်စစ်ဧကန် အလွန်တရာ လွတ်ငြိမ်းချမ်းသာခွင့်ပေးသနားတော်မူသောအရှင်၊ အလွန်တရာ သနားကြင်နာညှာတာတော် မူသောအရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။

၀၀၅ : ၄၀။ ဧကန်စင်စစ် မိုးကောင်းကင်များနှင့်ပထဝီမြေကို စိုးမိုးအုပ်ချုပ်မှုအာဏာသည် အလ္လာဟ််အရှင်မြတ်၌သာရှိသည်ကို အသင်သည် မသိလေသလော။ ထိုအရှင်သည် မိမိအလိုရှိတော်မူသောသူအား ပြစ်ဒဏ်ပေးတော်မူ၏။ ထိုနည်းတူစွာ မိမိ အလိုရှိတော်မူသောသူအား ချမ်းသာခွင့် ပေးသနားတော်မူ၏။ အမှန်သော်ကား အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့ကို စွမ်းဆောင်နိုင်တော်မူ သောအရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။

၀၀၅ : ၄၁။ အို-ရစူလ်တမန်တော်၊ အကြင်သူတို့သည် အသင့်အား စိတ်နှလုံးမချမ်းမမြေ့မဖြစ်စေကြရ။ ထိုသူတို့သည် ၎င်းတို့၏ စိတ်နှလုံးများက အီမာန် သက်ဝင်ယုံကြည်ခြင်းမရှိဘဲ မိမိတို့၏နှုတ်များဖြင့်သာ ကျွန်ုပ်တို့သည်သက်ဝင်ယုံကြည်ကြပါပြီဟု ပြောဆိုသူတို့ အနက်မှပင်ဖြစ်စေ၊ယဟူဒီများ အနက်မှပင်ဖြစ်စေ၊ ထိုထိုသောသူတို့သည် မုသားကို အလွန်တရာ ကြားနာသူများ၊ အသင့်ထံမလာကြ သောသူတို့အဖို့ (အသင့်ထံလာရောက်၍) နားစွင့်သူများ ဖြစ်ကြကုန်၏။၎င်းတို့သည် မုက္ခပါဌ်တော်များကို ထိုမုက္ခပါဌ် တော်များ၏မူရင်းနေရာများမှ ရွှေ့ပြောင်းလေ့ ရှိကြသည့်ပြင် (မိမိတို့အုပ်စုဝင်များအား) အသင်တို့သည် (နဗီတမန်တော် မုဟမ္မဒ်၏ထံမှ)ဤ(ရွှေ့ပြောင်းထားသည့်)အတိုင်း အမိန့်ရရှိကြပါမူ နာယူလက်ခံကြလေကုန်၊ သို့ရာတွင် ထို(ရွေ့ပြောင်း ထားသည့်)အတိုင်းမရရှိကြလျှင် ဖယ်ရှောင်ကြလေ ကုန်ဟူ၍လည်း ပြောဆိုလေ့ရှိကြကုန်၏။ အမှန်စင်စစ်သော်ကား မည်သူ့့ကိုမဆိုအလ္လာဟ််အရှင်မြတ်သည် လမ်းလွဲစေတော်မူပါလျှင်၊ အသင်သည် အလ္လာဟ််အရှင်မြတ်နှင့်ဆန့်ကျင်၍ ထိုသူအား မည်သည့်အကျိုးကိုမျှ ပြုစွမ်းနိုင်ခြင်း အလျင်း မရှိပေ။ ဤသူတို့ကားအကြင်သူများတည်း။ အလ္လာဟ််အသျှင်မြတ်သည် ၎င်းတို့၏စိတ်နှလုံး များကို သန့်ရှင်းစင်ကြယ်စေရန် ရည်စူးတော်မူခဲ့သည် မဟုတ်ပေ။ ၎င်းတို့၌(ဤပစ္စုပ္ပန်) လောကီဘဝတွင်လည်း ကျိုးယုတ်ရှက်ရဖြစ်ခြင်းသည်ရှိ၏။နောင်တမလွန်ဘဝတွင်လည်း ၎င်းတို့၌ ကြီးလေး လှစွာသောပြစ်ဒဏ်သည်ရှိချေအ့ံသတည်း။

၀၀၅ : ၄၂။ (တနည်း) အို-ရစူလ်၊ ‘ ကုဖ်ရ် ‘ သွေဖည်ငြင်းပယ်မှု့၌ ပြေးလွှားကျဆင်းလျှက်ရှိသော အကြင်သူများသည် အသင့်အား စိတ်ဒုက္ခမရောက်စေကြရ၊ (အသင်သည် ထိုသူတို့၏ သွေဖည်မှု့များကြောင့် ပူပန်သောက မဖြစ်လေနှင့်)။ (ကုဖ်ရ် သွေဖည်မှု၌ ပြေးလွှားကျဆင်းလျက်ရှိသော)ထိုသူများသည် အကြင်သူတို့ အနက်မှဖြစ်စေ၊ ၄င်းတို့သည် ကျွန်ုပ်တို့ အီမာန် ယုံကြည်ကြပါသည် ဟုမိမိတို့၏ နှုတ်များဖြင့် ပြောဆိုကြ၏ ။ အမှန်မှာ ၄င်းတို့၏ စိတ်နှလုံးများသည် အီမာန် ယုံကြည်ကြသည်မရှိချေ။ (ကုဖ်ရ်၌ ပြေးလွှားကျဆင်းလျက်ရှိသော) ထိုသူများသည် အကြင်သူတို့အနက်မှဖြစ်စေ ၄င်းတို့သည် ယဟူဒီဖြစ်ကြ၏ ။

၀၀၅ : ၄၃။ ယင်း(ယဟူဒီ)တို့သည် မဟုတ်မမှန် မုသားကိုအလွန်တရာမျှပင် နာယူလက်ခံသောသူများ၊ (အလ္လာဟ််အရှင်မြတ် က)’ဟရာမ်’ (ဟူ၍ မြစ်တား ထားတော်မူသော တန်စိုးလက်ဆောင်အစရှိသည်)ကို အလွန်တရာမျှ စားသုံးသူများပင်ဖြစ်ကြကုန်၏။ သို့ဖြစ်ပေရာ အကယ်၍ ထိုသူတို့သည် အသင်၏ထံသို့ (မိမိတို့၏အမှုအခင်းများကို စီရင်ဆုံးဖြတ်စေ ခြင်းငှာ)လာရောက်ကြပါမူ၊ အသင်သည် ၎င်းတို့၏စပ်ကြား၌ (တရားစစ်ဆေးစီရင်လိုက) စစ်ဆေးစီရင်ပါလေ။ သို့တည်းမ ဟုတ်(တရားစီရင် စစ်ဆေးပိုင်ခွင့်မရှိဟူ၍) ၎င်းတို့ဘက်မှ မျက်နှာလွှဲဖယ်၍နေပါလေ။ အကယ်၍ အသင်သည် ၎င်းတို့ ဘက်မှမျက်နှာလွှဲဖယ်ပါမူ၊ ၎င်းတို့သည် အသင့်အားလုံးဝ အကျိုးယုတ်နစ်နာစေနိုင်ကြမည်မဟုတ်ပေ။ သို့ရာတွင် အကယ်၍ အသင်သည် တရားစစ်ဆေး စီရင်သည်ရှိသော်၊ ၎င်းတို့၏စပ်ကြား၌တရားမျှတစွာ စီရင်ဆုံးဖြတ်ပါလေ။ အကြောင်းသော်ကားအလ္လာဟ််အရှင်မြတ်သည် တရားမျှတသောသူတို့အား ချစ်ကြည်မြတ်နိုးတော်မူခြင်းကြောင့်ပင် တည်း။

၀၀၅ : ၄၄။ သို့ရာတွင် ထိုသူတို့သည် အသင့်အား အဘယ်ကဲ့သို့ ခုံသမာဓိတင်မြှောက်ကြပါသနည်း။ အမှန်စင်စစ်သော်ကား ၎င်းတို့ထံဝယ် “တောင်ရာတ် “ကျမ်းလည်းရှိ၏။ယင်းတောင်ရာတ်ကျမ်းတွင် အလ္လာဟ််အရှင်မြတ်၏ အမိန့်တော်လည်းပါရှိ၏။ တဖန် ထို(ကဲ့သို့အသင့်အား ခုံသမာဓိတင်မြှောက်ပြီး) နောက် ယင်းသူတို့သည် (အသင်၏တရားစစ်ဆေးစီရင်ချက်မှ)မျက်နှာလွှဲဖယ်သွားကြပြန်၏။ အမှန်စင်စစ်သော်ကား ၎င်းတို့သည် “မုအ်မင်န်” ယုံကြည်ခြင်း သဒ္ဓါတရားထားရှိသူများ အလျင်းမဟုတ်ကြချေ။

၀၀၅ : ၄၅။ ဧကန်အမှန် ငါအရှင်မြတ်သည် “တောင်ရာတ်”ကျမ်းကို ချပေးသနားတော်မူခဲ့၏။ ယင်း “တောင်ရာတ်”ကျမ်းမြတ်တွင် တရားဓမ္မ ညွှန်ကြားခြင်းနှင့်ရောင်ခြည်တော်သည်ရှိ၏။ (အလ္လာဟ််အရှင်မြတ်၏) အမိန့်တော်များကိုလိုက်နာကြကုန်သော နဗီတမန်တော်များသည် ယဟူဒီများအပေါ်၌ ယင်း”တောင်ရာတ်”ကျမ်းမြတ်နှင့်အညီ တရား စစ်ဆေးစီရင်လေ့ရှိခဲ့ကြကုန်၏။ ထိုနည်းတူစွာ ယဟူဒီဘုန်းကြီးရဟန်းတို့နှင့် ပညာရှင်သုခမိန်တို့သည်လည်း) ယင်းတောင်ရာတ်ကျမ်းမြတ်နှင့်အညီ တရားစစ်ဆေးစီရင်လေ့ရှိခဲ့ကြကုန်သည်။ အကြောင်းသော်ကား ၎င်း(ဘုန်းကြီး ရဟန်းတို့နှင့်ပညာရှင်)တို့သည် အလ္လာဟ််အရှင်မြတ်၏ကျမ်းတော်(နှင့်အညီလိုက်နာကျင့်သုံးကြရန်)ကို ထိန်းသိမ်းစောင့်ရှောက်ရန် အမိန့်ပေးတော်မူခြင်း ခံခဲ့ကြရသည့်အပြင်၊ ၎င်းတို့သည် ထိုကျမ်းတော်ကို လိုက်နာကျင့်သုံးကြပါမည်ဟု ဝန်ခံသူများလည်း ဖြစ်ခဲ့ခြင်းကြောင့်ပင်။ သို့ဖြစ်ပေရာ (အို-ယဟူဒီအကြီးအကဲအပေါင်းတို့)အသင်တို့သည် လူတို့အား မကြောက်ရွံ့ကြလေနှင့်၊ငါအရှင်မြတ်ကိုသာ ကြောက်ရွံ့ကြလေကုန်၊ ၎င်းပြင် အသင်တို့သည်ငါအရှင်မြတ်၏ မုက္ခပါဌ်တော်များကို အနည်းငယ်မျှသောအဖိုးအခကြေးငွေဖြင့် ရောင်းစားခြင်းမပြုကြကုန်လင့်။ ၎င်းပြင် မည်သူမဆို အလ္လာဟ််အရှင်မြတ် ထုတ်ပြန်ချမှတ်တော်မူသည့် (အမိန့်တော်)အတိုင်း တရားစစ်ဆေး စီရင်ဆုံးဖြတ်ခြင်းကို မပြုခဲ့မူ၊ ထိုကဲ့သို့သောသူများသည် “ကာဖိရ် “သွေဖည်ငြင်းပယ်သောသူများပင် ဖြစ်ကြပေသတည်း။

၀၀၅ : ၄၆။ ၎င်းပြင် ငါအရှင်မြတ်သည် ထို “တောင်ရာတ်” ကျမ်းမြတ်တွင် ယင်းယဟူဒီတို့အပေါ်၌ အသက်ဇီဝိန်၏အစား အသက်ဇီဝိန်ဟူ၍လည်းကောင်း၊ မျက်စိ၏အစား မျက်စိဟူ၍လည်းကောင်း၊ နှာခေါင်း၏အစား နှာခေါင်းဟူ၍လည်းကောင်း၊ နားရွက်အစား နားရွက်ဟူ၍လည်းကောင်း၊ သွား၏အစား သွားဟူ၍လည်းကောင်း၊ (အချို့)ဒဏ်ရာဒဏ်ချက်များ၌လည်း(ထပ်တူထပ်မျှ)လက်စားချေခြင်းပင်ရှိသည်ဟူ၍လည်းကောင်း၊အမိန့်တော်ချမှတ် ပြဋ္ဌာန်းတော်မူခဲ့လေသည်။ တဖန် အကြင်သူသည် ယင်းလက်စားချေခြင်းကိုခွင့်လွှတ်ခဲ့လျှင် ထို(ကဲ့သို့)ခွင့်လွှတ်ခြင်းသည်လည်းကောင်း၊(ခွင့်လွှတ်သူ)၏အဖို့ အပြစ်များမှလွတ်ကင်းရန်အကြောင်းပင်ဖြစ်ချေသည်။ ၎င်းပြင် မည်သူမဆိုအလ္လာဟ််အရှင်မြတ် ချမှတ်တော်မူသည့်(အမိန့် တော်)အတိုင်းတရားစစ်ဆေး ဆုံးဖြတ်ခြင်းကိုမပြုခဲ့ပါလျှင် ထိုကဲ့သို့ သောသူများပင် ကျူးလွန်သောသူများ ဖြစ်ကြကုန်သတည်း။

၀၀၅ : ၄၇။ ၎င်းပြင် ငါအရှင်မြတ်သည် (နဗီတမန်တော်)များ၏နောက်၌ ထိုနဗီတမန်တော်များ၏ လမ်းစဉ်ကို ဖဝါးခြေထပ် လိုက်နာကျင့်သုံးရန် အလို့ငှာ “မရ်ယမ်” ၏သားတော်” အီစာ ” အား ၎င်း၏အလျင်ရှိခဲ့သော “တောင်ရာတ် “ကျမ်းကို(အခိုင်အမာပြုသူ) ထောက်ခံသူအဖြစ်ဖြင့် စေလွှတ်တော်မူခဲ့၏။ ၎င်းပြင် ငါအရှင်သည် ထို(တမန်တော်အီစာ) အား “အင်န်ဂျီလ်” ကျမ်းကို ချီးမြှင့်တော်မူခဲ့၏။ ထိုကျမ်းတွင် တရားဓမ္မလည်းရှိ၏။ အလင်းရောင်လည်းရှိ၏။ ထိုကျမ်းသည် မိမိအလျင်ရှိသော “တောင်ရာတ်” ကျမ်းကို ထောက်ခံ(အခိုင်အမာပြု) လျက်ရှိသည့်ပြင်” မွတ္တကီ “သူတော်စင်များအဖို့တရားဓမ္မ အဆုံးအမလည်း ဖြစ်၏။

၀၀၅ : ၄၈။ ထို့ပြင်တဝ “အင်န်ဂျီလ် “ကျမ်းတော်ကိုရရှိ သောသူတို့သည်လည်း ယင်း “အင်န်ဂျီလ် ” ကျမ်းတော်တွင် အလ္လာဟ််အရှင်မြတ်က ထုတ်ပြန်ချမှတ်တော်မူသည့်အတိုင်း စီရင်ကြရပေမည်။ စင်စစ် မည်သူမဆို အလ္လာဟ််အရှင်မြတ် ထုတ်ပြန်ချမှတ်တော်မူသည့် အမိန့်တော်အတိုင်း တရားစီရင်ဆုံးဖြတ်ခြင်းမပြုခဲ့သော်၊ ထိုကဲ့သို့သော သူများသည် အမိန့်တော်ကို ကျူးလွန်ဖေါက်ဖျက်သော သူများပင်တည်း။

၀၀၅ : ၄၉။ ၎င်းပြင် (အို-နဗီတမန်တော်) ငါအရှင်မြတ်သည် အသင့်ထံသို့ မှန်ကန်သောကျမ်းမြတ် (ကုရ်အာန်)ကိုထုတ်ပြန်ချမှတ်တော်မူခဲ့လေသည်။ (ယင်း ကုရ်အာန်ကျမ်းတော်မြတ်သည်) ၎င်း၏အလျင်ရှိခဲ့သောကျမ်းများကို ထောက်ခံလျက်ရှိ၏။ ၎င်းပြင် ယင်းကျမ်းများကို ထိန်းသိမ်းစောင့်ရှောက်လျက်ရှိ၏။ သို့ဖြစ်ပေရာ (အို-နဗီတမန်တော်) အသင်သည် ထိုသူတို့၏ စပ်ကြားဝယ် အလ္လာဟ််အရှင်မြတ် ထုတ်ပြန်ချမှတ်တော်မူသည့် (တရားတော်)နှင့်အညီ စီရင်ဆုံးဖြတ်ပါလေ။ ၎င်းပြင် အသင်သည် မိမိထံ ရောက်ရှိလာသော မှန်ကန်သောကျမ်းတို့ကိုစွန့်၍ ၎င်းတို့၏ အလိုဆန္ဒများကို မလိုက်လေနှင့်။ ငါအရှင်မြတ်သည် အသင်တို့အနက် အသီးသီးတို့ အဖို့တရားဓမ္မသတ်(နည်း၊ ဥပဒေ)တစ်မျိုးနှင့် ထင်ရှားလှစွာသောလမ်းစဉ်တမျိုးကို သတ်မှတ်ပြဋ္ဌာန်းပေးတော်မူခဲ့သည်။အကယ်၍သာ အလ္လာဟ််အရှင်မြတ်သည် အလိုရှိတော်မူခဲ့ပါမူအသင်တို့ (အားလုံး)ကို သာသနာဝင်တစ်မျိုးတည်း ဖြစ်စေတော်မူခဲ့မည်မှာ ဧကန်မလွဲပင်။ သို့ရာတွင် ထိုအရှင်မြတ်သည်မိမိ ပြဋ္ဌာန်းပေးသနားတော်မူသည့် (တရားလမ်းစဉ်) နှင့်စပ်လျဉ်း၍ အသင်တို့အား စမ်းသပ်တော်မူခြင်းငှာ (ထိုကဲ့သို့သာသနာဝင်တစ်မျိုးတည်း ဖြစ်စေတော် မမူခဲ့ချေ)။ သို့ဖြစ်ပေရာ အသင်တို့သည် ကောင်းမှုများကို သူ့ထက်ငါသာအောင်လျင်မြန်စွာ ပြုလုပ်ကြလေကုန်။ အသင်တို့ အားလုံးသည်အလ္လာဟ််အရှင်မြတ်အထံတော်သို့သာလျှင် ပြန်လည် ရောက်ရှိကြမည်ဖြစ်ကုန်၏။ ထိုရောအခါဝယ်၊ ထိုအရှင်မြတ်သည်အသင်တို့ ကွဲလွဲခဲ့ကြကုန်သော အကြောင်း အချက်တို့နှင့်စပ်လျဉ်း၍ အသင်တို့အားအသိ ပေးတော်မူမည်ဖြစ်၏။

၀၀၅ : ၅၀။ ၎င်းပြင် (အို-နဗီတမန်တော်) အသင်သည် ထိုသူတို့၏စပ်ကြားဝယ် အလ္လာဟ််အရှင်မြတ် ထုတ်ပြန် ချမှတ်တော်မူသည့် (တရားတော်)နှင့်အညီ တရားစီရင်ဆုံးဖြတ်ပါလေ။ ၎င်းပြင် အသင်သည် ထိုသူတို့၏ စိတ်အလိုဆန္ဒကို မလိုက်စားပါလေနှင့်။ ထိုမှတစ်ပါး အလ္လာဟ််အရှင်မြတ်က အသင့်ထံထုတ်ပြန်ချမှတ် ပေးသနားတော်မူသော အချို့ အမိန့်တော်များနှင့် စပ်လျဉ်း၍ ထို သူတို့သည်အသင့်အား ချွတ်ချော်တိမ်းပါးစေမည်ကို အသင် သတိထားပါလေ။ ထို့နောက် အကယ်၍၎င်းတို့သည် (အလ္လာဟ််အရှင်မြတ်၏ အမိန့်တော်များကို လိုက်နာခြင်းမရှိဘဲ) မျက်နှာလွှဲဖယ်သွားခဲ့ကြပါမူ၊ အလ္လာဟ််အရှင်မြတ်သည် ၎င်းတို့၏ အချို့ပြစ်မှု ဒုစရိုက်များကြောင့် ယင်းသူတို့ကို (ပစ္စုပ္ပန်လောက ၌ပင်)ပြစ်ဒဏ်ပေးလိုတော်မူကြောင်းအသင်ကောင်းစွာ မှတ်ယူပါလေ။ အမှန်စင်စစ်သော်ကားလူတို့အနက် များစွာသောလူတို့သည် (အလ္လာဟ််အရှင်မြတ်၏)စည်းကမ်းကို ဖေါက်ဖျက်ကျူးလွန် သူများပင် ဖြစ်ကြကုန်သတည်း။၀၀၅ : ၅၀။ ၎င်းပြင် (အို-နဗီတမန်တော်) အသင်သည် ထိုသူတို့၏စပ်ကြားဝယ် အလ္လာဟ််အရှင်မြတ် ထုတ်ပြန် ချမှတ်တော်မူသည့် (တရားတော်)နှင့်အညီ တရားစီရင်ဆုံးဖြတ်ပါလေ။ ၎င်းပြင် အသင်သည် ထိုသူတို့၏ စိတ်အလိုဆန္ဒကို မလိုက်စားပါလေနှင့်။ ထိုမှတစ်ပါး အလ္လာဟ််အရှင်မြတ်က အသင့်ထံထုတ်ပြန်ချမှတ် ပေးသနားတော်မူသော အချို့ အမိန့်တော်များနှင့် စပ်လျဉ်း၍ ထို သူတို့သည်အသင့်အား ချွတ်ချော်တိမ်းပါးစေမည်ကို အသင် သတိထားပါလေ။ ထို့နောက် အကယ်၍၎င်းတို့သည် (အလ္လာဟ််အရှင်မြတ်၏ အမိန့်တော်များကို လိုက်နာခြင်းမရှိဘဲ) မျက်နှာလွှဲဖယ်သွားခဲ့ကြပါမူ၊ အလ္လာဟ််အရှင်မြတ်သည် ၎င်းတို့၏ အချို့ပြစ်မှု ဒုစရိုက်များကြောင့် ယင်းသူတို့ကို (ပစ္စုပ္ပန်လောက ၌ပင်)ပြစ်ဒဏ်ပေးလိုတော်မူကြောင်းအသင်ကောင်းစွာ မှတ်ယူပါလေ။ အမှန်စင်စစ်သော်ကားလူတို့အနက် များစွာသောလူတို့သည် (အလ္လာဟ််အရှင်မြတ်၏)စည်းကမ်းကို ဖေါက်ဖျက်ကျူးလွန် သူများပင် ဖြစ်ကြကုန်သတည်း။

၀၀၅ : ၅၁။ ပြီးနောက်ယင်းသူတို့သည် အမိုက်ခေတ်၏ စီရင်ဆုံးဖြတ်မှုကို လိုလားကြလေသလော။ အမှန် စင်စစ်သော်ကားယုံကြည်မှုထားရှိသော အမျိုးသား တို့အဖို့ အလ္လာဟ််အရှင်မြတ်ထက် ပိုမိုကောင်းမွန်စွာ စီရင်ဆုံးဖြတ်မည့် သူကား အသူနည်း။

၀၀၅ : ၅၂။ အို-“မုအ်မင်န်” သက်ဝင်ယုံကြည်သူ အပေါင်းတို့၊ အသင်တို့သည် ယဟူဒီတို့အားလည်းကောင်း၊ ခရစ်ယာန်တို့အားလည်းကောင်း၊ မိတ်သဟာယ အဆွေခင်ပွန်းများ မပြုကြ ကုန်လင့်။ ၎င်း(ယဟူဒီနှင့်ခရစ်ယာန်)တို့သည်(အသင်တို့ကိုဆန့်ကျင်ရာတွင်)အချင်းချင်း တစ်ဦးကိုတစ်ဦး ယိုင်းပင်း ကူညီသော အဆွေခင်ပွန်းများပင်ဖြစ်ကြပေသည်။ အမှန်သော်ကားအသင်တို့အနက် မည်သူမဆို ထိုသူတို့အား “ကလျာဏ”အဆွေခင်ပွန်း ပြုလုပ်သည် ရှိသော်၊ ထိုသူသည် ဧကန်မုချ ၎င်းတို့တွင်(အပါအဝင်) ဖြစ်၏။ မလွဲဧကန် အလ္လာဟ်် အရှင်မြတ်သည်မတရားကျူလွန်သူတို့အား တရားလမ်းမှန်သို့ ပို့ပေးတော်မူမည်မဟုတ်ပေ။

၀၀၅ : ၅၃။ ထို့ကြောင့်ပင် အသင်သည် စိတ်နှလုံးများတွင်ဝေဒနာ စွဲကပ်လျက်ရှိသော သူတို့အား ထို(ယဟူဒီနှင့် ခရစ်ယာန်)တို့ထံ အပြေးအလွှားသွားကြသည်ကို တွေ့မြင်ရလေသည်။ ထိုသူတို့က”ကျွန်ုပ်တို့သည် မိမိတို့၌(မတော်တဆ) ဘေးဒုက္ခ အန္တရာယ်တစ်စုံတစ်ရာ ဆိုက်ရောက်လာမည်ကို စိုးရိမ်ကြသည်” ဟု ပြောဆိုကြကုန်၏။ သို့ရာတွင် အလ္လာဟ််အရှင်မြတ်သည် မကြာမြင့်မီ (မုစ်လင်မ်တို့အား)ဇေယျ မင်္ဂလာ အောင်မြင်ခြင်းတရားကိုပေးသနားတော်မူအ့ံ။ သို့တည်းမဟုတ် အထူးအကြောင်းတစ်ရပ်ရပ်ကို (ဖြစ်စေတော်မူအ့ံ၊)ထိုအခါ ယင်းသူတို့သည် မိမိတို့စိတ်တွင်း၌ လျိူ့ဝှက် ထိမ်ချန်ထားရှိခဲ့ကြ သောအကြောင်းများနှင့်စပ်လျဉ်း၍ ဝမ်းနည်း ပူဆွေး ကြရလတ္တံ။

၀၀၅ : ၅၄။ ၎င်းပြင် “အီမာန်”သက်ဝင်ယုံကြည်သော သူများက (မုနာဖစ်က်များနှင့်စပ်လျဉ်း၍) “အလ္လာဟ််အရှင်မြတ်အား အထူးတလည် တိုင်တည်၍ မုချဧကန် ၎င်းတို့သည် အသင်တို့နှင့်အတူပင် ရှိကြပါသည်ဟု ပြောဆိုသောသူများမှာ ဤသူများပင်လော” ဟု ပြောဆိုကြမည်။ ၎င်းတို့၏အပြုအမူများသည် အချည်းနှီး ဖြစ်ခဲ့ချေပြီ၊ သို့ဖြစ်ပေရာ၎င်းတို့သည် နစ်နာဆုံးရှုံးသူများပင် ဖြစ်ခဲ့ကြချေပြီ။

၀၀၅ : ၅၅။ အို-မုအ်မင်န် သက်ဝင်ယုံကြည်သူ အပေါင်းတို့၊အသင်တို့အနက်မှ မည်သူမဆို (မိမိ သက်ဝင်ယုံကြည်လျက်ရှိသောအစ္စလာမ်)သာသနာတော်မှ လှည့်၍ ပြန်ထွက်သွားပါလျှင် အလ္လာဟ််အရှင်မြတ်သည် မကြာမြင့်မီကာလအတွင်းအကြင် လူမျိုးတစ်မျိုးကို ဖန်ဆင်းတော်မူအ့ံ။ ယင်းလူမျိုးကိုထိုအရှင်မြတ်သည်ချစ်ကြည်တော်မူအ့ံ။ ထိုနည်းအတူ ၎င်းတို့သည်လည်း အလ္လာဟ််အရှင်မြတ်အား ချစ်ကြည်မြတ်နိုးကြကုန်အ့ံ။ (ယင်းသူတို့သည်) မုအ်မင်န် သက်ဝင်ယုံကြည်သူတို့အဖို့ နိ၀ါတ တရား ထားရှိသူများ ဖြစ်ကြအ့ံ။ ကာဖိရ် မယုံမကြည် သွေဖည်ငြင်းပယ်သော သူတို့အဖို့ကား ပြင်းထန်တင်းမာသော သူများပင်ဖြစ်ကြအ့ံ။ ထိုသူ တို့သည် အလ္လာဟ််အရှင်မြတ်၏ လမ်းတော်၌ သက်စွန့်ကြိုးပမ်း (တိုက်ခိုက်)ဆောင်ရွက်ကြအ့ံ။ ၎င်းပြင် ထိုသူတို့သည် မည်သည့် ပြစ်တင်ကဲ့ရဲ့သော သူတစ်ဦးတစ်ယောက်၏ ပြစ်တင်ကဲ့ရဲ့ပုတ်ခတ်ခြင်းမျှလည်း စိုးရိမ်ကြမည်မဟုတ်ပေ။ ဤသည်ကား အလ္လာဟ််အရှင်မြတ်၏ ကျေးဇူးတော်ပင်တည်း။ ထိုအရှင်မြတ်သည် ထိုကျေးဇူးတော်ကို မိမိအလိုရှိတော်မူသောသူအား ချီးမြှင့်ပေးသနားတော်မူလေသတည်း။ ၎င်းပြင် အလ္လာဟ််အရှင်မြတ်သည် ကျယ်ဝန်းစွာ ပေးသနားတော်မူသောအရှင်၊ အကြွင်းမဲ့သိတော်မူသောအရှင် ဖြစ်တော် မူပေသတည်း။

၀၀၅ : ၅၆။ အမှန်စင်စစ် အသင်တို့၏ ကလျာဏမိတ်သဟာယ အဆွေခင်ပွန်းကား အလ္လာဟ််အရှင်မြတ် သာလျှင်လည်းကော၎င်း၊ ထိုအသျှင်မြတ်၏ရစူလ်တမန်တော်မြတ်သာလျှင်လည်းကောင်း၊ အကြင် မုအ်မင်န် သက်ဝင် ယုံကြည်သော သူတို့သာလျှင်လည်းကောင်း၊ ဖြစ်ကြကုန်၏။ ထို(မုအ်မင်န် သက်ဝင်ယုံကြည်သော)သူတို့သည် ကျိုးနွံသူများအဖြစ်နှင့် ” ဆွလာတ် “ဝတ်ပြုကြ၏။ ဇကာတ်တရားဝင်ဒါနကြေးကိုလည်းပေးဆောင်ကြ၏၊

၀၀၅ : ၅၇။ အမှန်စင်စစ် မည်သူမဆို အလ္လာဟ််အရှင်မြတ်ကိုလည်းကောင်း၊ ထိုအရှင်မြတ်၏ ရစူလ်တမန်တော်ကိုလည်းကောင်း၊ မုအ်မင်န် သက်ဝင်ယုံကြည်သော သူတို့ကိုလည်းကောင်း၊ ကလျာဏ မိတ်သဟာယ အဆွေခင်ပွန်းများ ပြုလုပ်ကြပါလျှင် (ထိုသို့သော သူများသည် အလ္လာဟ််အရှင်မြတ် ဘက်တော်သားများဖြစ်ကြ၏) ဧကန်စင်စစ် အလ္လာဟ််အရှင်မြတ်၏ ဘက်တော်သားများသည်သာလျှင် အောင်မြင်သောသူများဖြစ်ကြပေသတည်း။

၀၀၅ : ၅၈။ အို-မုအ်မင်န်သက်ဝင်ယုံကြည်ကြသူ အပေါင်းတို့၊ အသင်တို့သည် မိမိတို့အလျင် ကျမ်းဂန်ရရှိသော သူတို့အနက်မှ အသင်တို့၏ သာသနာကို ပြက်ရယ် ကျီစယ် ဖွယ်ရာ၊ကစားဖွယ်ရာ ပြုလုပ်သောသူများအားလည်းကောင်း၊ ကာဖိရ်များအားလည်းကောင်း၊ မိတ်ဆွေ ခင်ပွန်းများမပြုလုပ်ကြကုန်လင့်၊ ထို့ပြင် အသင် တို့သည် မုအ်မင်န်သက်ဝင်ယုံကြည်သူများဖြစ်ကြပါလျှင် အလ္လာဟ််အရှင်မြတ်ကိုသာလျှင် ကြောက်ရွံ့ကြလေကုန်။
ထို့ပြင်တဝ အသင်တို့သည် “ဆွလာတ် “ဝတ်ပြုခြင်းငှာ (အဇာန်)ဟစ်ခေါ်ကြသောအခါ၊ ထိုသူတို့သည် ယင်းဟစ်ခေါ်ခြင်းကိုပင် ပြက်ရယ် ကျီစယ်ဖွယ်ရာနှင့် ကစားဖွယ်ရာလည်းကောင်း၊ ပြုလုပ်ကြပေသည်။ ယင်းကဲ့သို့ ပြုလုပ်ခြင်း၏အကြောင်းကား ထိုသူတို့သည် လုံးဝအသိဉာဏ် ကင်းမဲ့သောလူတစ်စုပင် ဖြစ်သောကြောင့်သာတည်း။

၀၀၅ : ၅၉။ (အို-နဗီတမန်တော်) အသင်သည်(ရှေး အထက်ကျမ်းဂန်ရရှိသူ ယဟူဒီနှင့် ခရစ်ယာန်တို့အား ဤသို့) ပြောဆိုပါလေ။ “အို-ကျမ်းဂန်ရရှိသူအပေါင်းတို့၊ အကျွနု်ပ်တို့သည်အလ္လာဟ််အရှင်မြတ်နှင့်တကွ မိမိတို့ထံကျရောက်လာသော ဓမ္မဒေသနာတော်နှင့် ရှေးကထက်ကျော်ကာရီက ကျရောက်ခဲ့လေသော ဓမ္မဒေသနာတော်များကိုပါ သက်ဝင်ယုံကြည်ကြသည်ကိုသာလျှင် အသင်တို့သည် အကျွန်ုပ်တို့ အပေါ်၌ ကဲ့ရဲ့ပြစ်တင်နေကြသည် မဟုတ်ပါလော။ အမှန်စင်စစ်သော်ကား အသင်တို့အနက် များစွာသောသူတို့သည် စည်းကမ်း ဖေါက်ဖျက်သောသူများပင် ဖြစ်ကြပေသတည်း။

၀၀၅ : ၆၀။ အသင်သည် (ကိတာဗီ ရှေးအထက် ကျမ်းဂန်ရရှိသောသူတို့အား ဤသို့) ပြောကြားပါလေ။ “ငါသည်အလ္လာဟ််အရှင်မြတ် အထံတော်၌ အကျိုးအားဖြင့် ထို့ထက်ဆိုးရွားသောအဖြစ်အပျက်ကို အသင်တို့အား ထုတ်ဖော်ပြောဆိုရမည်လော။ (၎င်းအဖြစ်အပျက်မှာ ကား) အကြင်သူတို့၏ (အဖြစ်အပျက်)ပင်တည်း။ အလ္လာဟ််အရှင်မြတ်သည်ထိုသူတို့အား (မိမိ) ကရုဏာတော်မှ ကင်းဝေစေတော်မူခဲ့၏။၎င်းပြင် ယင်းသူတို့အပေါ်၌ အမျက်တော်လည်း ပွားတော်မူခဲ့၏။ ၎င်းပြင် ထိုသူတို့အနက်မှ မျောက်တိရစ္ဆာန်များ နှင့်ဝက်တိရစ္ဆာန်များလည်း ဖြစ်စေတော်မူခဲ့၏။ ၎င်းပြင် ထိုသူတို့သည် ‘ရှိုင်တွာန်’ မိစ္ဆာကောင်ကို လည်း ဆည်းကပ်ကိုး ကွယ်ခဲ့ကြ၏။ ထိုသူတို့သည် (လားရာ) နေရာဌာနအားဖြင့်လည်းအဆိုးရွားဆုံးသော သူများပင်ဖြစ်ကြ၏။ ၎င်းပြင် ဖြောင့်မတ်မှန်ကန်သော တရားလမ်းတော်မှလည်း အလွန်ဝေးကွာလျက်ရှိသော သူများပင် ဖြစ်ကြ၏။

၀၀၅ : ၆၁။ ၄င်းပြင်ထို(မုနာဖစ်က်)တို့သည် အသင်တို့ထံလာကြလေသောအခါ ‘”ကျွန်ုပ်တို့သည် “အီမာန်” ယုံကြည်ခြင်း သဒ္ဓါတရား ထားရှိကြပါပြီ” ဟု (လိမ်လည်) ပြောဆိုကြကုန်၏။ စင်စစ်တမူကား ၎င်းတို့သည် “ကွတ်ဖ်ရ် “သွေဖည်ငြင်းပယ်မှုကို ယူဆောင်၍ ဝင်ရောက်လာကြပြီး ထို “ကွတ်ဖ်ရ်”သွေဖည်ငြင်းပယ်မှုကိုပင် ယူဆောင်၍ ပြန်ထွက်သွားကြလေသည်။ သို့ရာတွင် အလ္လာဟ််အရှင်မြတ်မှာမူကား ၎င်းတို့ထိမ်ချန် လျှို့ဝှက်ထားရှိကြလေသောအရာများကို အသိဆုံးပင် ဖြစ်တော်မူပေသတည်း။

၀၀၅ : ၆၂။ ထို့ပြင်တဝ အသင်သည် ထို (ယဟူဒီ) တို့ အနက်မြောက်မြားစွာသောသူတို့ကို ပြစ်မှုဒုစရိုက် ပြုခြင်း၌လည်းကောင်း၊ မတော်မတရား ကျူးကျော်စော်ကား ခြင်း၌လည်းကောင်း၊ မတရားသဖြင့်ရရှိသောပစ္စည်းကို စား သုံးခြင်း၌လည်းကောင်း သူ့ထက်ငါသာအောင် ပြေးလွှား(သက်ဆင်း)ကြသည်ကို တွေ့မြင်လတ္တံ။ စင်စစ်ဧကန် ၎င်းတို့၏ အပြုအမူတို့သည် ယုတ်ည့ံသိမ်ဖျင်း လှပေတကား။

၀၀၅ : ၆၃။ (၎င်းတို့၏) Ribbi ဘုန်းကြီးရဟန်းတို့နှင့် ပညာရှင်တို့သည် ထိုသူတို့အား အပြစ်ရှိသော(မုသား) စကားကို ပြောဆိုခြင်းမှလည်းကောင်း၊ မတရားသဖြင့်ရရှိသော ပစ္စည်းကိုစားသုံးခြင်းမှ လည်းကောင်း၊ အဘယ်ကြောင့် မတားမြစ်ကြသနည်း။ထိုသူတို့ပြုလေ့ရှိသော အပြုအမူများ သည် မုချဧကန် ဆိုးရွားလှပေ၏တကား။

၀၀၅ : ၆၄။ ၎င်းပြင် ယဟူဒီတို့က “အလ္လာဟ််အရှင်မြတ်၏လက်သည် ဆုပ်ထားပြီးဖြစ်သည် ” ဟု ပြောဆိုကြကုန်သည်။၎င်းတို့၏ လက်များသည်သာလျှင် ဆုပ်ထားပြီးဖြစ်ကြ၏။စင်စစ် ထိုသူတို့သည် မိမိတို့၏ထိုပြောဆိုမှုကြောင့်(အလ္လာဟ််အရှင်မြတ်၏)ကရုဏာတော်မှ ကင်းဝေးကြရလေပြီ။ (အလ္လာဟ််အရှင်မြတ်၏လက်တော်များသည်) အလျင်း (ဆုပ်ထားပြီး)မဟုတ်ပေ။ စင်စစ်မှာမူကား ထိုအရှင်မြတ်၏ လက်တော်နှစ်ဘက်စလုံးပင် ပြန့်လျက်ရှိကုန်၏။ ထိုအရှင်မြတ်သည် မိမိအလိုတော်အတိုင်း သုံးစွဲလျက်ရှိတော်မူ၏။ ၎င်းပြင် အသင်၏အရှင်မြတ်အထံတော်မှ အသင့်ထံသို့ ကျရောက်လာသောအရာ (ကုရ်အာန်ကျမ်းတော်မြတ်)သည် ထိုသူတို့အနက်များစွာသော သူတို့အား ကျူးလွန်မှုနှင့် သွေဖည်ငြင်းပယ်မှုကို မုချတိုးပွားစေအ့ံ။ ထို့ပြင်တဝ ငါအရှင်မြတ်သည် ၎င်းတို့၏စပ်ကြားဝယ် ရန်ငြိုးထားခြင်းနှင့် မုန်းတီးမှုကို “ကိယာမတ်” ရှင်ပြန်ထမည့်နေ့တိုင်အောင် ဖန်တီးတော်မူခဲ့လေသည်။ ၎င်းတို့သည်စစ်မီးကို မွှေးတိုင်း မွှေးတိုင်း အလ္လာဟ််အရှင်မြတ်သည် ထိုမီးကို ငြိမ်းအေးစေတော်မူခဲ့၏။ ထိုမှတစ်ပါး ယင်းသူတို့သည်ကမ္ဘာမြေပြင်ဝယ် ပျက်စီးရာပျက်စီးကြောင်းကို ကြိုးစား အားထုတ်ကြကုန်သည်။ စင်စစ်သော်ကား အလ္လာဟ််အရှင်မြတ်သည် ပျက်စီးရာ ပျက်စီးကြောင်း ပြုလုပ်သောသူတို့အား(အလျင်း) ချစ်ကြည် မြတ်နိုးတော်မူသည် မဟုတ်ပေ။

၀၀၅ : ၆၅။ ၎င်းပြင် အကယ်၍ ရှေးအထက် ကျမ်းဂန်ရရှိသူ ကိတာဗီများသည် “အီမာန်” ယုံကြည်ခြင်း သဒ္ဓါတရားထားရှိ၍ ပြစ်မှုဒုစရိုက်တို့မှ ကြဉ်ရှောင်ကြပါမူ၊ မုချဧကန်ငါအရှင်မြတ်သည် ၎င်းတို့၏ ပြစ်မှုများကို (ခွင့်လွှတ်)တော်မူ၍၎င်းတို့အား ချမ်းသာသုခနှင့် ပြည့်စုံသောဥယျာဉ်များသို့လည်းဝင်ရောက်စေတော်မူအံ့။

၀၀၅ : ၆၆။ ထိုမှတစ်ပါး အကယ်၍သာ ၎င်းတို့သည် “တောင်ရာတ်” “အိန်ဂျီလ်” ကျမ်းများနှင့်တကွ ၎င်းတို့၏အရှင်မြတ်အထံတော်မှ ၎င်းတို့ထံ (နဗီတမန်တော် မုဟမ္မဒ်မှတစ်ဆင့်) ကျရောက်လာ သော (ကုရ်အာန်)ကျမ်းတော်မြတ်ကိုပါ အတည်ပြု လိုက်နာကြပါသော် မုချဧကန် ထိုသူတို့သည်မိမိတို့ အထက်မှလည်းကောင်း၊ မိမိတို့၏ ခြေဖျားအောက်မှလည်းကောင်း၊ (ခဲဘွယ်ဘောဇဉ်များကို ဖေါဖေါသီသီ) စားသုံးကြလတ္တံ့။ ထိုသူတို့တွင် ဖြောင့်မတ်မှန်ကန်သော လမ်းကိုလိုက်သော လူတစ်စုသည်(လည်း) ရှိကြပေသည်။ သို့ရာတွင်ထိုသူတို့အနက် အများစု၏ပြုမူချက်တို့ကား ဆိုးရွားလှချေသတည်း။

၀၀၅ : ၆၇။ အို-ရစူလ်တမန်တော်၊ အသင်သည် မိမိ အရှင်မြတ်အထံတော်မှ မိမိထံသို့ ကျရောက် လာသမျှသော ဒေသနာတော်များကို (လူခပ်သိမ်း တို့ထံသို့) ပိို့ု့ဆောင်ဟောကြားပါလေ။အကယ်တန္တု အသင်သည် (ထိုကဲ့သို့ ပို့ဆောင်ဟောကြားခြင်း)မပြုခဲ့ပါလျှင်၊ အသင်သည် ထိုအရှင်မြတ်၏ အကြောင်းကြားချက်များကို ပို့ဆောင် (ဟောကြား)သည် မမည်ချေ။ (တနည်း) နဗီတမန်တော် ဖြစ်ခြင်း၏ တာဝန်ကို ကျေပြွန်စွာ ဆောင်ရွက်သည် မမည်ချေ။ စင်စစ်သော်ကား အလ္လာဟ််အရှင်မြတ်သည် အသင့်အား လူတို့၏(ဘေးရန်ခပ်သိမ်းတို့)မှ ထိန်းသိမ်း စောင့်ရှောက်တော်မူမည်ဖြစ်သည်။ စင်စစ်ဧကန် အလ္လာဟ််အရှင်မြတ်သည် ကာဖိရ်ငြင်းပယ်သောသူတို့အား (အသင့်ကို လာရောက် ဖျက်ဆီးနိုင်ရန်) လမ်းပေးတော်မူမည်မဟုတ်ပေ။

၀၀၅ : ၆၈။ (အို-နဗီတမန်တော်) အသင်သည် (ဤသို့) ပြောကြားပါလေ၊ အို-(ကိတာဗီ) ကျမ်းဂန်ရရှိသူ အပေါင်းတို့၊ အသင်တို့သည် “တောင်ရာတ်”ကျမ်းကိုလည်းကောင်း၊ ” ‘အိန်ဂျီလ်”ကျမ်းကိုလည်းကောင်း၊ အသင်တို့ထံ အသင်တို့၏ အရှင်မြတ်အထံတော်မှ ကျရောက်လာသည့် (ကုရ်အာန်ကျမ်းမြတ် ကို)ကိုလည်းကောင်း၊ အတည်လိုက်နာခြင်းမရှိသမျှ ကာလပတ်လုံးအသင်တို့သည် မည်သည့် (မှန်ကန်သော) လမ်းစဉ်ပေါ်၌သာတည်ရှိကြသည်မဟုတ်ပေ။ (ကိတာဗီမျာသည် မနှစ်မြို့ဖွယ်ဖြစ်သော အယူသန်မှုတွင် နစ်မွန်းလျက်ရှိကြ၏။ သို့ဖြစ်ပေရာ)အသင့်အား မွေးမြူတော်မူသော အရှင်မြတ် အထံတော်မှအသင့် ထံသို့ကျရောက်လာသော(ကုရ်အာန်ကျမ်းမြတ်သည်)ထိုသူတို့အနက် များစွာသောသူတို့၌ ကျူးလွန်မှုကိုလည်းကောင်း၊ သွေဖည်ငြင်းပယ်မှုကိုလည်းကောင်း၊ အမှန်ပင် များပြားစေမည်ဖြစ်၏။ သို့ဖြစ်ပေရာ အသင်သည် ကာဖိရ် သွေဖည် ငြင်းပယ်သူတို့နှင့် ပတ်သက်၍ ပူပန်သောက မရှိလေနှင့်။

၀၀၅ : ၆၉။ စင်စစ်ဧကန် “မုအ်မင်န်” သက်ဝင် ယုံကြည်သူများသည်လည်းကောင်း၊ “ယဟူဒီ” များသည်လည်းကောင်း၊ “ဆွာဗီ “များသည်လည်းကောင်း၊ ခရစ်ယာန်များသည်လည်းကောင်း၊ မည်သူမဆို အလ္လာဟ််အရှင်မြတ်နှင့် နောက်ဆုံးနေ့ကိုယုံကြည်ပြီး ကောင်းမြတ်သော ကိုယ်ကျင့်တရားများကိုဆောက်တည်ခဲ့ပါလျှင်၊ ထိုကဲ့သို့သော သူတို့အဖို့ မည်သည့်စိုးရိမ်မှုမျှမရှိ၊ ၎င်းတို့သည် ပူဆွေးကြမည်လည်း မဟုတ်ပေ။

၀၀၅ : ၇၀။ ဧကန်မုချ ငါအရှင်မြတ်သည် “အစ္စရာအီလီ” မျိုးနွယ်တို့ထံမှ ပဋိညာဉ်ကို ယူတော်မူခဲ့၏။ ၎င်းပြင် ငါအရှင်မြတ်သည် ၎င်းတို့ထံသို့(များစွာသော) ရစူလ်တမန်တော်များကိုလည်း စေလွှတ်တော်မူခဲ့၏။ မည်သည့်အခါမျိုးမဆို ထိုသူတို့ထံသို့ ရစူလ်တမန်တော် တစ်ပါးပါးသည် ထိုသူတို့မကြိုက် မနှစ်သက်သော အမိန့်ပညတ်တော်ကို ယူဆောင်လာခဲ့သည်ရှိသော်၊ ထိုသူတို့သည် အချို့(ရစူလ်တမန်တော်များ) ကိုမုသာဝါဒီများဟူ၍ ပြောဆိုငြင်းပယ်ခဲ့ကြ၏။ အချို့တမန်တော်များကိုမူ သတ်ဖြတ်ခဲ့ကြ၏။

၀၀၅ : ၇၂။ မလွဲဧကန် ကာဖစ်ရ် ဖြစ်သွားကြသော သူတို့က “ဧကန်စင်စစ် အလ္လာဟ််အရှင်မြတ်သည် ‘မရ်ယမ်’၏သားတော် ‘မစီဟ်’ (အီစာ)ပင် ဖြစ်တော်မူသည် ” ဟု ပြောဆိုခဲ့ကြကုန်၏။ အမှန်သော်ကား “မစီဟ်” (ကိုယ်တိုင်)ကပင် “အို -အစ္စရာအီလီ မျိုးနွယ်အပေါင်းတို့ အသင်တို့သည် ငါ၏အရှင်နှင့်၊ အသင်တို့၏အရှင် ဖြစ်တော်မူသော အလ္လာဟ််အရှင်မြတ်ကိုပင် ခဝပ်ကိုးကွယ်ကြလေကုန်ဟု ပြောဆိုခဲ့လေသည်။စင်စစ်ဧကန် မည်သူမဆို (တစ်စုံတစ်ရာကို) အလ္လာဟ််အရှင်မြတ်နှင့် တွဲဖက် (ကိုးကွယ်)ပါလျှင်၊ အလ္လာဟ််အရှင်မြတ်သည်ထို(ကဲ့သို့သော) သူ၏အဖို့ “ဂျန္နတ်” အမတ သုခဘုံကို မုချဧကန်ပိတ်ပင် ထားတော်မူအံ့။ ၎င်းပြင် ထိုသူ၏ လားရာဌာနသည်ငရဲမီးပင် ဖြစ်လတ္တံ့။ ထိုမှတစ်ပါး (ယင်းကဲ့သို့) မတရားကျူးလွန်သော သူတို့အား ရိုင်းပင်း ကူညီ စောင်မမည့်သူဟူ၍ကားတစ်စုံတစ်ယောက်မျှ ရှိလိမ့်မည်မဟုတ်ပေ။”

၀၀၅ : ၇၃။ ဧကန်အမှန် အကြင်သူတို့သည်လည်း ကာဖိရ်များပင် ဖြစ်သွားခဲ့ကြကုန်၏။ ထိုသူများက “အမှန်စင်စစ်အလ္လာဟ််အရှင်မြတ်သည် (ဘုရား) သုံးဆူအနက် တတိယ(ဘုရား)ဖြစ်သည် “ဟူ၍ ပြောဆိုခဲ့ကြကုန်၏။ အမှန်သော်ကားတစ်ဆူတည်းသော ကိုးကွယ်ရာ (အလ္လာဟ််အရှင်)မြတ်မှတစ်ပါး အခြားကိုးကွယ်ရာ (ဘုရား)ဟူ၍ အလျင်းမရှိချေ။ အကယ်၍သာ ယင်းသူတို့သည် မိမိတို့ပြောဆိုမှုကို မရပ်စဲကြသော် ၎င်းတို့အနက်မှ ဆက်လက်၍ သွေဖည်ငြင်းပယ်ကြသောသူတို့၌ပြင်းပြနာကျင်ဖွယ်ဖြစ်သော ပြစ်ဒဏ်သည် မုချဆိုက်ရောက်ပေမည်။

၀၀၅ : ၇၄။ ယင်းသူတို့သည် အလ္လာဟ််အရှင်မြတ် အထံတော်ဝယ် ဝန်ချတောင်းပန်ခြင်းကိုလည်းကောင်း၊ ထိုအရှင်မြတ်အထံတော်မှ လွတ်ငြိမ်းချမ်းသာခွင့် အသနားခံခြင်းကိုလည်းကောင်း၊ မပြုကြလေသလော။ စင်စစ်တမူကား အလ္လာဟ််အရှင်မြတ်သည် အလွန်တရာမျှ လွတ်ငြိမ်းချမ်းသာခွင့် ပေးသနားတော်မူသောအရှင်၊ အလွန်တရာမျှ သနားကြင်နာညှာတာတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူချေသတည်း။

၀၀၅ : ၇၅။ “မရ်ယမ်” ၏သားတော် “မစီဟ်” သည် ရစူလ်တမန်တော်တစ်ပါးမျှသာ ဖြစ်၏။ ထို “မရ်ယမ်” ၏သားတော် “မစီဟ် “(အီစာ)၏အလျင်လည်း (အခြားသော) ရစူလ်တမန်တော်တို့သည် မုချ ပွင့်ခဲ့ကြလေသည်။ ၎င်းပြင် ထို “မစီဟ်”(အီစာ)၏မယ်တော် (မရ်ယမ်)သည် သစ္စာသမာဓိနှင့် အထူးပြည့်စုံသော မိန်းမမြတ်တစ်ဦးပင် ဖြစ်ချေသည်။ ထို(သားအမိ) နှစ်ဦးလုံးသည် (အခြားလူသားများကဲ့သို့ပင်) အစာအဟာရကို စားသုံးလေ့ရှိခဲ့ကြ၏။ (အို-နဗီတမန်တော်) ငါအရှင်မြတ်သည် ထို(ခရစ်ယာန်)တို့ရှေ့ဝယ် သက်သေသာဓကများကို မည်ကဲ့သို့ ရှင်းလင်းဖော်ပြတော်မူသည်ကို အသင်ရှုပါလေ။ ထို့နောက် တဖန် ယင်းသူတို့သည် (မှန်ကန်သောတရားလမ်းစဉ်ကိုစွန့်၍) အဘယ်သို့ ပြန်လှည့် သွားကြသည်ကိုလည်း အသင်ရှုပါလေ။

၀၀၅ : ၇၆။ (အို-နဗီတမန်တော်) အသင်သည် (ခရစ်ယာန်တို့အား ဤသို့) ပြောကြားပါလေ။ (ဟယ်-အချင်းတို့) အသင်တို့သည် အလ္လာဟ််အရှင်မြတ်မှ တစ်ပါး အသင်တို့အား အကျိုးယုတ် နစ်နာစေခြင်းကိုလည်းကောင်း၊ အကျိုး ဖြစ်ထွန်းစေခြင်းကိုလည်းကောင်း၊ မပြုစွမ်းနိုင်ကြ သောအရာများကို ကိုးကွယ်ဆည်းကပ်ကြလေသလော။ အမှန်စင်စစ်သော်ကား အလ္လာဟ််အရှင်မြတ်သည်သာလျှင် (အလုံးစုံတို့ကို) အကြွင်းမဲ့ကြားသိတော်မူသောအရှင် (အရာခပ်သိမ်းတို့ကို) အကြွင်းမဲ့သိရှိတော်မူသောအရှင် ဖြစ်တော်မူလေသတည်း။

၀၀၅ : ၇၇။ (အို-နဗီတမန်တော်) အသင်သည်(ဤသို့) ပြောကြားပါလေ။ “အို-ကိတာဗီ” ရှေးအထက် ကျမ်းဂန်ရရှိသူအပေါင်းတို့ အသင်တို့သည် မိမိတို့၏ “ဒီန်” ဘာသာ သာသနာရေးတွင် (စည်းကမ်း သတ်မှတ်ထားသည်ထက်) အလွန်အကျွံမဖြစ်ကြကုန်လင့်။ ၎င်းပြင် အသင်တို့သည် အကြင်းသူတို့၏အလိုဆန္ဒများကိုလည်း မလိုက်စားကြကုန်လင့်။ ထိုသူ တို့သည်အထက်ကျော်ကာရီက (မိမိတို့ကိုယ်တိုင်)လမ်းမှားသို့ ရောက်ရှိခဲ့ကြသည်သာမက၊ များစွာသောသူတို့ကိုလည်း လမ်းမှားစေခဲ့ကြကုန်၏။ ၎င်းပြင် ထိုသူတို့သည် ဖြောင့်မတ်မှန်ကန်သော(တရားမှန်ကိုသိကြပါလျက်နှင့်ပင်) တရားလမ်းတော်မှ ချွတ်ချော် တိမ်းပါးခဲ့ကြသတည်း။

၀၀၅ : ၇၈။ အစ္စရာအီလီ မျိုးနွယ်တို့အနက်မှ “ကာဖိရ်” သွေဖည်ငြင်းပယ်ကြကုန်သောသူတို့မှာမူ(နဗီတမန်တော်) “ဒါဝူဒ်”နှင့် “မရ်ယမ် “(သခင်မ) ၏သားတော်၊ (နဗီတမန်တော်) “အီစာ” ၏နှုတ်မှတစ်ဆင့် ကျိန်ဆဲခြင်းခံခဲ့ကြရ၏။ ယင်းကဲ့သို့ဘေးသင့်ခဲ့ကြရခြင်းမှာ ၎င်းတို့သည် သွေဖည်ခဲ့ကြသည့်ပြင်အမြဲတစေ စည်းကမ်းဖောက်ဖျက် ကျူး လွန်လေ့ရှိခြင်း ကြောင့်ပင်တည်း။

၀၀၅ : ၇၉။ ထိုသူတို့သည် မိမိတို့ပြုကျင့်ခဲ့ကြသော မကောင်းမှုဒုစရိုက်မှ အချင်းချင်းတစ်ဦးကိုတစ်ဦး ပိတ်ပင်မြစ်တားလေ့မရှိခဲ့ကြပေ။ စင်စစ်ဧကန် ၎င်းတို့ပြုကျင့်လေ့ ရှိခဲ့ကြကုန်သောအပြုအမူတို့သည် ဆိုးယုတ် သိမ်ဖျင်းလှပေစွတကား။

၀၀၅ : ၈၀။ (အို-နဗီတမန်တော်) ၎င်းတို့အနက် “ကာဖိရ်”သွေဖည်ငြင်းပယ်သော သူတို့အား အဆွေခင်ပွန်းများ ပြုလုပ်ကြသူ အမြောက်အမြားကို သင်သည်တွေ့မြင်ရပေအံ့။ အမှန်စင်စစ် ၎င်းတို့က မိမိတို့ကိုယ်တိုင် မိမိတို့အဘို့ တင်ကြို၍ပို့ထားနှင့်ကြ ကုန်သောအပြုအမူတို့သည် ယုတ်ညံ့ သိမ်ဖျင်းလှပေသည်။ (ထို့အတွက်ကြောင့်ပင်) အလ္လာဟ််အရှင်မြတ်သည် ၎င်းတို့အပေါ်ဝယ် အမျက်တော်ထားတော်မူခဲ့ လေသည်။ ထို့ပြင် ၎င်းတို့သည် ထာဝစဉ် အပြစ်ဒဏ်၌ နေထိုင်ကြရမည်။

၀၀၅ : ၈၁။ အကယ်၍ ထိုသူတို့သည် အလ္လာဟ်် အရှင်မြတ်ကိုလည်းကောင်း၊ နဗီတမန်တော်မြတ်ကိုလည်းကောင်း၊ ထိုနဗီတမန်တော်မြတ်ထံသို့ ကျရောက်လာသည့် (ကျမ်းတော်မြတ်ကုရ်အာန်)ကိုလည်းကောင်း၊ သက်ဝင် ယုံကြည်ကြပါလျှင်၊ ထို(“ကာဖိရ် ” သွေဖည်ငြင်းပယ်သော) သူတို့အား အဆွေခင်ပွန်းများ ပြုလုပ်ကြမည် မဟုတ်ပေ။ သို့ရာတွင် ယင်းသူတို့အနက်များစွာသော သူတို့မှာကား (အမိန့်ကို ဖီဆန်သော သူများပင်ဖြစ်ကြကုန်သတည်း၊) (အီမာန်၏အပြင်ဘက်သို့ ရောက်ရှိနေသူများပင် ဖြစ်ကြ၏။)

၀၀၅ : ၈၂။ (အို-နဗီတမန်တော်) အသင်သည် “မုအ်မင်န်” သက်ဝင်ယုံကြည်သော သူတို့ကို ရန်ငြိုးထားရာ၌ လူသားများအနက် ယဟူဒီတို့နှင့် “မုရှ်ရစ်က် “တို့ကို အပြင်းအထန်ဆုံးသောသူများအဖြစ်တွေ့ရှိရလတ္တံ့။ ၎င်းပြင် အသင်သည်”မုအ်မင်န်” သက်ဝင်ယုံကြည် သောသူတို့ကို မိတ်ဖွဲ့ရာ၌ ထိုလူသားများအနက် အနီးစပ်ဆုံးသောသူများအဖြစ် (မိမိတို့ကိုယ်ကို) “ကျွနု်ပ်တို့သည် ‘နဆွာရာ ‘ များဖြစ်ကြသည် ဟု ပြောဆိုကြကုန်သောသူတို့အား တွေ့ရှိရပေအ့ံ။ အဘယ်ကြောင့်ဆိုသော်ထိုသူတို့တွင် ပညာရှင်များနှင့် ဘုန်းကြီးရဟန်းများ ရှိနေကြသောကြောင့်လည်းကောင်း၊ ထိုသူတို့သည် မာန်မာနထောင်လွှားခြင်းလည်း မရှိကြသောကြောင့်လည်ေးကာင်း၊ ဖြစ်ချေသည်။

၀၀၅ : ၈၃။ ၎င်းပြင် ယင်းသူတို့သည် ရစူလ်တမန်တော်(မုဟမ္မဒ်)၏ထံသို့ ကျရောက်လာသော မုက္ခပါဌ်တော်များကိုကြားနာကြရသောအခါ (ထိုမုက္ခပါဌ်တော်များအားဖြင့်)အမှန်ကို သိမြင်လာကြသောကြောင့်၊ ၎င်းတို့၏ မျက်စိများမှမျက်ရည်များ ယိုစီးလျက်ရှိသည်ကို အသင်တွေ့မြင်ရလတ္တံ့။(၎င်းပြင်) ယင်းသူတို့က “အို – ကျွန်တော်မျိုးတို့အား မွေးမြူတော်မူသောအရှင်၊ ကျွန်တော်မျိုးတို့သည် ယုံကြည်ပါပြီ၊ သို့ဖြစ်ပေရာ အရှင်မြတ်သည် ကျွန်တော်မျိုးတို့အားလည်း ယုံကြည်ထောက်ခံသက်သေထွက်ဆိုသော သူတို့နှင့်အတူ အသိအမှတ်ပြုတော်မူပါ” ဟု လျှောက်ထားပန်ကြား ကြကုန်သတည်း။

၀၀၅ : ၈၄။ ထို့ပြင်တဝ ယင်းသူတို့က “ကျွနု်ပ်တို့သည် မိမိတို့အား မိမိတို့၏အရှင်မြတ်က (ကောင်းမြတ်သောအကျင့်သီလများကို ဆောက်တည်ကြကုန်သော) သူတော်စင် သူတော်ကောင်းတို့ အတွင်း၌ ပါဝင်စေတော်မူမည်ဟု မြှော်လင့်ချက်ထားရှိကြသည်ဖြစ်ရာ ကျွနု်ပ်တို့သည် အလ္လာဟ််အရှင်မြတ်အားလည်းကောင်း၊ (ယခု) ကျွနု်ပ်တို့ထံဝယ် ရောက်ရှိလာသောအမှန်တရားကို လည်းကောင်း၊ မယုံကြည်ကြရန် မည်သည့်အကြောင်းမျှ မရှိတော့ပြီ”(ဟူ၍လည်း ပြောဆိုကြကုန်သတည်း)။ (တစ်နည်း) ၎င်းပြင် (ထိုသူတို့က) ကျွန်ုပ်တို့သည် အလ္လာဟ််အသျှင်မြတ်အားလည်ေးကာင်း၊ ကျွန်ုပ်တို့ထံရောက်ရှိ လာသော အမှန်တရားကိုလည်းကောင်း၊ မယုံကြည်ကြရန် အကြောင်းမရှိပါ။ အမှန်စင်စစ်သော်ကား ကျွန်ုပ်တို့သည် မိမိတို့အား မိမိတို့၏အရှင်က သူတော်စင်တို့တွင် အပါအဝင်ဖြစ်စေတော်မူမည်ကို မျှော်လင့်လျက်ရှိကြပါသည် (ဟုပြောဆိုကြ၏)။

၀၀၅ : ၈၅။ သို့ဖြစ်ပေရာ အလ္လာဟ််အရှင်မြတ်သည်၊ ထိုသူတို့အား ထိုသူတို့၏(ထိုသို့ဝန်ခံ) ပြောဆိုခဲ့ကြသည့် အတွက် ကြောင့်အကြင်ဥယျာဉ်များကို အစားပေးတော်မူအံ့။ ထိုဥယျာဉ်များ၏အောက်၌ စမ်းရေချောင်းများသည် စီးဆင်းလျက်ရှိမည်။ ၎င်းတို့သည် ထိုဥယျာဉ်များ၌ ထာဝစဉ်နေထိုင်ကြမည်။ ဤသည်ကားကောင်းမြတ်သောအကျင့်သီလများကို ဖြည့်ကျင့် ဆည်းပူးကြလေသောသူတော်ကောင်းတို့၏အကျိုးပင်တည်း။

၀၀၅ : ၈၆။ သို့ရာတွင် အကြင်သူများသည် သွေဖည်ငြင်းပယ် နေခဲ့ကြ၏။ ၎င်းပြင် ထိုသူများသည် ငါအရှင်မြတ်၏ဒေသနာတော်များကို မုသားဟုငြင်းဆိုနေခဲ့ကြ၏။ ထိုကဲ့သို့သော သူများသာလျှင် ငရဲသားများဖြစ်ကြပေသည်။

၀၀၅ : ၈၇။ အို-“မုအ်မင်န် “သက်ဝင်ယုံကြည်သူအပေါင်းတို့၊ အသင်တို့သည် မိမိတို့အဖို့ အလ္လာဟ််အရှင်မြတ်က ခွင့်ပြုထားတော်မူသည့် သန့်ရှင်းစင်ကြယ်သော အရာများကို (မိမိတို့အဖို့) (ဟရာမ်)ဟူ၍ ပိတ်ပင်တားမြစ်ခြင်းမပြုကုန်လင့်။ ထိုမှတစ်ပါး အသင်တို့သည် စည်းကမ်း(ဥပဒေ)ကိုလည်း ဖောက်ဖျက် ကျူးလွန်ခြင်းမပြုကြလေနှင့်။ ဧကန်မလွဲ အလ္လာဟ််အရှင်မြတ်သည် စည်းမ်းဖောက်ဖျက်ကျူးလွန်သော သူတို့ကိုနှစ်သက်မြတ်နို်းတော်မူသည် မဟုတ်ချေ။

၀၀၅ : ၈၈။ ထို့ပြင်တဝ အသင်တို့သည် မိမိတို့အားအလ္လာဟ််အရှင်မြတ်က ပေးသနားတော်မူသည်များ အနက်မှ(စားသုံး)ခွင့်ပြုထားတော်မူသော သန့်စင်သောအရာများကို စားသုံးကြလေကုန်။ ၎င်းပြင် အသင်တို့သည် မိမိတို့ သက်ဝင် ယုံကြည်လျက်ရှိကြကုန်သော အလ္လာဟ််အရှင်မြတ်အားသာ ကြောက်ရွံ့ကြလေကုန်။

၀၀၅ : ၈၉။ အလ္လာဟ််အရှင်မြတ်သည် အသင်တို့၏ အချည်းနှီးသော ကျိန်ဆိုချက်များနှင့် စပ်လျဉ်း၍ အသင်တို့အား ပြစ်ဒဏ်ပေးတော်မူမည်မဟုတ်၊ သို့ရာတွင် အသင်တို့ အခိုင်အမာကျိန်ဆိုကြသော ကျိန်ဆိုချက်များနှင့် စပ်လျဉ်း၍ကား အသင်တို့ကို အပြစ်ဒဏ်ပေးတော်မူမည်ဖြစ်သည်။ သို့ဖြစ်ပေရာ(ယင်းကဲ့သို့သော ကျိန်ဆိုချက်များကို ချိုးဖောက်ခဲ့သည်ရှိသော်) ထိုကျိန်ဆိုချက်ကို (ချိုးဖောက်ခြင်း)၏ အပြစ် အာပတ်ဖြေမှုကားအသင်တို့သည် မိမိတို့၏ အိမ်သူအိမ်သား တို့ကို ကျွေးမွေးလေ့ရှိကြသော ခဲဘွယ်ဘောဇဉ်မျိုးထဲမှ အလတ်စားဖြစ်သောခဲဘွယ်ဘောဇဉ်ကို သူဆင်းရဲ ဆယ်ယောက်အား ကျွေးမွေးခြင်းသော်လည်းကောင်း၊ ထိုသူ ဆင်းရဲသား (ဆယ်ယောက်)တို့အားအဝတ်အစား (တစ်စုံကျစီ) ပေးခြင်းသော်လည်းကောင်း၊ ကျွန်တစ်ယောက်ကို ကျွန်အဖြစ်မှ လွတ်မြောက်စေခြင်းသော်လည်းကောင်း၊ ဖြစ်ချေသည်။ သို့ရာတွင် အကြင်သူသည် (ဤအချက်များကိုလိုက်နာရန်) မတတ်စွမ်းနိုင်ခဲ့ပါမူ (ထိုသူသည်) သုံးရက်(ဆက်၍) ဆွိယာမ် ဥပုသ်ဆောက်တည် ရမည်။ဤသည်တို့ကား အသင်တို့ ကျိန်ဆိုပြီး (မိမိတို့၏ ကျိန်ဆိုချက်များကို ချိုးဖောက်)ခဲ့သည်ရှိသော် အသင်တို့ကျိန်ဆိုချက်များ၏ အပြစ်အာပတ် ဖြေခြင်းပင်ဖြစ်သည်။ ၎င်းပြင် အသင်တို့သည် မိမိတို့၏ ကျိန်ဆိုချက်များကို စောင့်ထိန်းကြလေကုန်။ ဤသို့အားဖြင့် အလ္လာဟ််အရှင်မြတ်သည် မိမိ၏အမိန့်တော်များကို အသင်တို့အဖို့ ရှင်းလင်းစွာထုတ်ဖော် မိန့်ကြားတော်မူလေသည်။သို့မှသာလျှင် အသင်တို့ ကျေးဇူးသိတတ်ကြပေမည်။

၀၀၅ : ၉၀။ အို-“မုအ်မင်န်” သက်ဝင်ယုံကြည်သူအပေါင်းတို့၊ မုချဧကန် သေစာအရက်သည်လည်းကောင်း၊ လောင်းတမ်းကစားခြင်းသည်လည်းကောင်း၊ ရုပ်ထု၊ ဆင်းတု အစရှိသည့်အရာ)များသည်လည်းကောင်း၊ မြှား(ဖြင့်ကံစမ်းခြင်း)သည်လည်းကောင်း၊ အလွန်ဆိုးရွား ညစ်ညမ်းလှသော အမှုကိစ္စများ၊ “ရှိုင်တွာန်”အပြုအမူများသာလျှင်ဖြစ်၏။ သို့ဖြစ်ပေရာ အသင်တို့သည် ထို(ဆိုးရွားညစ်ညမ်းသောအရာ)ကို ရှောင်ကြဉ်ကြကုန်လော့။ သို့မှသာလျှင် အသင်တို့သည် အောင်မြင်ကြပေမည်။

၀၀၅ : ၉၁။ မုချဧကန် “ရှိုင်တွာန်” မိစ္ဆာကောင်သည် သေစာအရက်(ကို သောက်စားစေခြင်း)ဖြင့်လည်းကောင်း၊ လောင်းတမ်းကစားစေခြင်းဖြင့်လည်းကောင်း၊ အသင်တို့၏ စပ်ကြားဝယ် ရန်ငြိုးပွားမှုကိုလည်းကောင်း၊ မုန်းတီးမှုကိုလည်းကောင်း၊ဖန်တီးရန်နှင့် အသင်တို့ကို အလ္လာဟ််အရှင်မြတ်အား အောက်မေ့သတိရခြင်းမှလည်းကောင်း၊ “ဆွလာတ်” ဝတ်ပြုခြင်းမှလည်းကောင်း၊ ပိတ်ပင်တားဆီးရန်သာလျှင် ကြံစည်လျက်ရှိလေ၏။သို့ဖြစ်ပေရာ အသင်တို့သည် (သေစာအရက်သောက်စားခြင်းနှင့်လောင်းတမ်းကစားခြင်းမှ) ရပ်စဲကြပါမည်လော။(တနည်း)ဤမှတစ်ပါး အခြားမဟုတ်၊ ရှိုင်တွာန်မိစ္ဆာကောင်သည် သေရည်သေရက်ဖြင့်လည်းကောင်း၊ အလောင်းအစားဖြင့်လည်းကောင်း၊ အသင်တို့စပ်ကြားတွင် ရန်ငြိုးပွားမှု၊ မုန်းထားမှုများကိုဖြစ်စေလို၏။ ၎င်းပြင် (ရှိုင်တွာန်သည်) အသင်တို့ကို အလ္လာဟ််အရှင်မြတ်အား အောက်မေ့တသသတိရခြင်းမှလည်းကောင်း၊ ဆွလာတ်ဝတ်ပြု ခြင်းမှလည်းကောင်း၊ ပိတ်ပင်တား ဆီးလို၏။သို့ဖြစ်ပေရာ အသင်တို့သည် ရပ်တံ့ကြမည်သူများဖြစ်ကြသလော။ (ရပ်တန့်ကြမည်လော) (၀ါ) ရပ်တန့်ကြလေကုန်။

၀၀၅ : ၉၂။ ၎င်းပြင် အသင်တို့သည် အလ္လာဟ််အရှင်မြတ်(၏ အမိန့်တော် အရပ်ရပ်)ကို လိုက်နာကြလေကုန်၊ ၎င်းပြင်အသင်တို့သည် ရစူလ်တမန်တော်(၏သြဝါဒအရပ်ရပ်)ကိုလည်း လိုက်နာကြလေကုန်၊ ၎င်းပြင် အသင်တို့သည် သတိထားကြလေကုန်၊ တဖန် အကယ်၍ အသင်တို့သည် (အလ္လာဟ််အရှင်မြတ်နှင့် နဗီတမန်တော်မြတ်၏အမိန့်တော်များကိုမလိုက်နာကြဘဲ) လွှဲဖယ်သွားကြပါမူ၊ ငါအရှင်မြတ်၏ ရစူလ်တမန်တော်၌ (ငါအရှင်မြတ်၏အမိန့်တော်များကို) ရှင်းလင်းထင်ရှားစွာ (ထုတ်ဖော်ဟောကြား) ပို့သရန်သာ တာဝန်ရှိသည်ကို အသင်တို့ (ကောင်းစွာ) သိနားလည်ထားကြလေကုန်။

၀၀၅ : ၉၃။ အီမာန် ယုံကြည်ခြင်း သဒ္ဓါတရားထားရှိ၍ကောင်းမြတ်သော သီလများကို ကျင့်မူကြကုန်သော သူတို့အပေါ်ဝယ်၊ ၎င်းတို့သည် (အတိတ်ကာလ၌ “ဟရာမ်” ဟူ၍တားမြစ်ခြင်းမပြုမီ သေစာအရက်ကို လည်းကောင်း၊ လောင်းတမ်းကစားခြင်းဖြင့်ရရှိသောပစ္စည်း ကိုလည်ေးကာင်း၊ အခြားတစ်စုံတစ်ရာကိုလည်ကောင်း) စားသုံးမိခဲ့ကြသည့် အတွက်အပြစ်တစ်စုံတစ်ရာမျှမရှိချေ။ အကြင်အခါဝယ် ထိုသူတို့သည်(ထိုစဉ်အခါက တားမြစ်ထားသော အရာများမှလည်း)ကြဉ်ရှောင်ခဲ့ကြကုန်၏။ ထို့ပြင်တဝ ထိုသူတို့သည် (အလ္လာဟ််အရှင်မြတ်၏ အမိန့်ပညတ်တော်များကို) ယုံကြည်ကြ၏။ (“ဆွလာတ်” ဝတ်ပြုခြင်း၊ ဆွိယာမ် ဥပုသ် သီတင်းသီလဆောက်တည်ခြင်း၊ ဂျီဟာဒ်အလ္လာဟ််အရှင်မြတ်၏လမ်းတော်၌စစ်မက်ပြိုင်ဆိုင်တိုက်ခိုက်ခြင်း၊ အစရှိသည့်) ကောင်းမြတ်သောသီလများကိုလည်း ကျင့်မူကြကုန်၏။ ထိုနောက်တဖန်ထိုသူတို့သည် (အလ္လာဟ််အရှင်မြတ်က “ဟရာမ်”ဟူ၍တားမြစ်တော်မူသော အခါ၊ ထိုတားမြစ်တော်မူသော အရာများမှလည်း) ကြဉ်ရှောင်ကြကုန်၏။ ၎င်းပြင် (ထိုအရာများနှင့်စပ်လျဉ်း၍ ကျရောက်လာသော အမိန့်ပညတ်တော် များကိုလည်း) အီမာန်ယုံကြည်ကြကုန်၏။ ထို့နောက် တဖန် ထိုသူတို့သည် (သဒ္ဓါတရား ထက်သန်စွာနှင့် တစ်ဆင့်တိုးပြီး “ဟရာမ်”ဟူ၍ တားမြစ်ထားသော အရာများမှ လွတ်ကင်းနိုင်ခြင်း ငှာဒွိဟသံသယ မကင်းသောအရာများမှလည်း)ကြဉ်ရှောင်ကြ၏။၎င်းပြင် (ကောင်းမြတ်သော ကျင့်ဝတ်တို့ကို စိတ်ရောကိုယ်ပါ)ကောင်းမွန်စွာ ဖြည့်ကျင့် ဆည်းပူးလျက်လည်းရှိကြ၏။ အမှန်စင်စစ်သော်ကား အလ္လာဟ််အရှင်မြတ်သည် ကောင်းမွန်စွာဖြည့်ကျင့် ဆည်းပူးကြကုန်သောသူတို့အား ချစ်ကြည် မြတ်နိုးတော်မူလေသတည်း။

၀၀၅ : ၉၄။ အို-“မုအ်မင်န်” သက်ဝင်ယုံကြည်သူအပေါင်းတို့၊ ဧကန်စင်စစ် အလ္လာဟ််အရှင်မြတ်သည် မိမိအား အကွယ်၌မည်သူကြောက်ရွံ့သည်ကို သိတော်မူခြင်းငှာ အသင်တို့၏လက်များနှင့် လှံစွပ်များမှီနိုင်သော အချို့အမဲများဖြင့် အသင်တို့အား စမ်းသပ်တော်မူ မည်။ သို့ဖြစ်ပေရာ မည်သူမဆို ထို(ကဲ့သို့ထုတ်ဖေါ် မိန့်ကြားတော်မူပြီး)နောက် (ထိုအမဲများကို ပစ်ခတ်ဖမ်းဆီးခြင်းအားဖြင့်) ကျူးကျော်ခဲ့ပါမူ၊ ထိုသူတို့၏ အဖို့ (နောင်တမလွန်ဘဝတွင်) အလွန်နာကျင်ဖွယ် ဖြစ်သော ပြစ်ဒဏ်သည် အဆင်သင့်ရှိပေသည်။

၀၀၅ : ၉၅။ အို-“မုအ်မင်န်” သက်ဝင်ယုံကြည်သူအပေါင်းတို့၊ အသင်တို့သည် အစ်ဟ်ရာမ် ဝတ်ရုံကို ဝတ်ဆင် လျက်ရှိကြစဉ်အခါဝယ်၊ အမဲတိရစ္ဆာန်တို့ကို (ပစ်ခတ်ဖမ်းဆီး) သတ်ဖြတ်ခြင်းမပြုကြကုန်လင့်။ အမှန်စင်စစ်သော်ကား မည်သူမဆိုအသင်တို့အနက်မှ ထိုအမဲတိရစ္ဆာန်များကို တမင်ကြံရွယ်ပြီးသတ်ဖြတ်ခဲ့ပါမူ၊ ထိုသတ်ခဲ့သော တိရစ္ဆာန်နှင့် တူမျှသော အခြေလေးချောင်း တိရစ္ဆာန်တစ်ကောင်ကို ကုရ်ဗာနီသားကောင်အဖြစ် ကအ်ဗဟ်ကျောင်းတော်သို့ ပို့ဆောင်ခြင်းအားဖြင့် ဒဏ်ဆောင်ရမည်၊ ၎င်း (ဒဏ်ဆောင်ရမည့် တိရစ္ဆာန်)ကို အသင်တို့အနက်မှ တရားမျှတမှုရှိသော ပုဂ္ဂိုလ်နှစ်ဦးသည် ဆုံးဖြတ်၍ပေးရမည်။ သို့မဟုတ် သူဆင်းရဲတို့အား ဘောဇဉ် ခဲဘွယ်တို့ကိုကျွေးမွေးခြင်းအားဖြင့်သော်လည်းကောင်း၊ ယင်း (ကျွေးမွေးရမည့်သူဆင်းရဲတို့၏ဦးရေ)နှင့်အမျှ ဥပုသ်သီတင်း သီလဆောက် တည်ခြင်းအားဖြင့်သော်လည်းကောင်း၊ အပြစ်ဒဏ်အာပတ်ဖြေရပေမည်။ (ယင်းကဲ့သို့ ဒဏ်ဆောင်စေခြင်းနှင့်အပြစ် အာပတ်ဖြေစေခြင်းမှာ)ထိုသူသည် မိမိပြုမူချက်၏ရသာကို မြည်းစမ်းခြင်း ငှာဖြစ်ချေသည်။ အလ္လာဟ််အရှင်မြတ်သည် လွန်လေပြီးသောအပြစ်တို့ကို ခွင့်လွှတ်တော်မူခဲ့ပြီးဖြစ်၏။ သို့ရာတွင်မည်သူမဆို ထပ်မံ၍ပြုကျင့်ပါမူ၊ အလ္လာဟ််အရှင်မြတ်သည် ထိုသူအားလက်စားချေတော်မူအံ့။ အမှန်သော်ကား အလ္လာဟ််အရှင်မြတ်သည်တန်ခိုးအာနုဘော်ဖြင့်လွှမ်းမိုးတော်မူသောအရှင်၊ လက်စားချေတော်မူသောအရှင် ဖြစ်တော်မူပေသတည်း။

၀၀၅ : ၉၆။ အသင်တို့အဖို့ (“အစ်ဟ်ရာမ်”ဝတ်ရုံကို ဝတ်ဆင်ထားသည့်အချိန်၌) ပင်လယ်(၀ါ) ရေသတ္တဝါ များကိုဘမ်းခြင်းနှင့်၊ ၎င်းတို့ကို စားသုံးခြင်းသည် “ဟလာလ်” ဟူ၍ ခွင့်ပြုထားပြီးဖြစ်၏။ (သို့ ခွင့်ပြုခြင်းကား) အသင်တို့၏ အကျိုးငှာလည်းကောင်း၊ ခရီးသည်များ၏ အကျိုးငှာလည်းကောင်း၊ ဖြစ်ပေသည်။ သို့ရာတွင် အသင်တို့ “အစ်ဟ်ရာမ်” ဝတ်ရုံကို ဝတ်ဆင်လျက်ရှိသမျှကာလပတ်လုံး ကုန်းသတ္တဝါများကိုမူ အမဲလိုက်ခြင်းသည် အသင်တို့အပေါ်၌ “ဟရာမ်” ဟူ၍ တားမြစ်ပြီးဖြစ်ချေသည်။ (သို့ဖြစ်ပေရာ)အသင်တို့သည် အလ္လာဟ််အရှင်မြတ်အား ကြောက်ရွံ့ကြလေကုန်။ ထို(အလ္လာဟ််)အရှင်မြတ်ထံတော်၌သာ အသင်တို့သည် (ပြန်လည်၍) စုရုံး ကြရမည်ဖြစ်သည်။

၀၀၅ : ၉၇။ အလ္လာဟ်် အရှင်မြတ်သည် မြင့်မြတ်သော “ကအ်ဗဟ်” အိမ်တော်ကိုလည်းကောင်း၊ ထူးမြတ်သောလများကိုလည်းကောင်း၊ (ကုရ်ဗာန်ပြုမည်ဖြစ်သော) “ကုရ်ဗာနီ”သားကောင်များကိုလည်းကောင်း၊ (ကုရ်ဗာန်ပြုလုပ်ရန်) လည်ပတ်ကြိုးအစရှိသည်ကို တပ်ဆင်ထားသော သားကောင်များကိုလည်းကောင်း၊ လူတို့အဖို့ (သာသနာရေး နှင့် လောကီရေးများ)တည်မြဲစေရန်အကြောင်း ပြုလုပ်ထားတော်မူ၏။ ဤကဲ့သို့ပြုလုပ်တော်မူခြင်းကား အလ္လာဟ််အရှင်မြတ်သည် မိုးများ၌ရှိသမျှတို့ကိုလည်းကောင်း၊ ပထဝီ၌ ရှိသမျှတို့ကိုလည်းကောင်း၊သိရှိတော်မူသည်ကို အသင်တို့ယုံကြည်ကြရန်ဖြစ်သည်။ ဧကန်စင်စစ် အလ္လာဟ််အရှင်မြတ်သည် အရာခပ်သိမ်းတို့ကို အကြွင်းမဲ့သိရှိတော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။တစ်နည်း။အလ္လာဟ််အရှင်မြတ်သည် မြင့်မြတ်သော “ကအ်ဗဟ်” အိမ်တော်ကို လူသားတို့၏အကျိုး တည်ရှိနေစေရန်အကြောင်းပြုထားတော်မူသည်။ ထိုနည်းအတူ မြင့်မြတ်သောလများကိုလည်းကောင်း၊ (ဟရမ်အတွင်း) ကုရ်ဗာနီပြုမည့် သားကောင်များကိုလည်းကောင်း၊ (ဟရမ်အတွင်း၌ အလ္လာဟ််အရှင်မြတ်အားရည်စူး၍ ဇဗ်ဟ်ပြုလုပ်ရန်ဖြစ်သော) လည်ပတ်ကြိုးပါရှိသော သားကောင်များကိုလည်းကောင်း၊ (လူသားတို့အကျိုးတည်ရှိနေစေရန်အကြောင်း ပြုလုပ်ထားတော်မူသည်၊) ယင်းသို့ပြုလုပ်ထားတော်မူခြင်းမှာ မိုးများ၌ ရှိရှိသမျှတို့ကိုလည်းကောင်း၊ မြေ၌ရှိရှိသမျှတို့ကိုလည်းကောင်း၊ ဧကန်မုချ အလ္လာဟ််အရှင်မြတ်သည် အကြွင်းမဲ့သိရှိတော်မူသည်ကို အသင်တို့ ယုံကြည်ကြရန်ပင်ဖြစ်၏။ အမှန်သော်ကား အလ္လာဟ််အရှင်မြတ်သည် အရာခပ်သိမ်းတို့ကို အကြွင်းမဲ့သိရှိတော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူပေသည်။

၀၀၅ : ၉၈။ ဧကန်စင်စစ် အလ္လာဟ််အရှင်မြတ်သည် (တစ်စုံတစ်ရာကို ထိုအရှင်မြတ်နှင့် တွဲဖက် ကိုးကွယ် ခြင်း၊ အမိန့်တော်ကို သွေဖည်ငြင်းပယ်ခြင်း၊ အစရှိသောပြစ်မှုများနှင့် မိမိတို့ကိုယ်ကို ဖုံးလွမ်းစေသောသူတို့အား) အလွန်ပြင်းထန်စွာ ပြစ်ဒဏ်ပေးတော် မူမည်ဖြစ်ကြောင်းနှင့် စင်စစ်ဧကန် အလ္လာဟ််အရှင်မြတ်သည် (ထိုတစ်ဆူတည်းသော အရှင်မြတ်အား ယုံကြည်ဆည်းကပ်၍ ကောင်းမြတ်သော သီလများကို ဆောက်တည်ကြကုန်သောသူတို့အား) အလွန်တရာမျှ လွတ်ငြိမ်းချမ်းသာခွင့် ပေးတော်မူသောအရှင်၊ အလွန်တရာမျှ သနားညှာတာတော်မူသောအရှင်၊ ဖြစ်တော်မူကြောင်းကို အသင်တို့သည်ကောင်းစွာ သိထားကြလေကုန်။

၀၀၅ : ၉၉။ ရစူလ်တမန်တော် (မုဟမ္မဒ်) ၏ အပေါ်၌(အလ္လာဟ််အရှင်မြတ်၏ အမိန့်ဗျာဒိတ်တော်များကို လူတို့ထံသို့)ပို့ဆောင်(ဟောကြား)ရန် တာဝန်သာရှိ၏။ အသင်တို့ ထင်ရှားစွာပြုလုပ်သောအရာများကိုလည်းကောင်း၊ အသင်တို့ ထိမ်ချန်လျှို့ဝှက်စွာပြုသောအရာများကိုလည်းကောင်း၊ စင်စစ်အလ္လာဟ််အရှင်မြတ်သည် ကောင်းစွာသိရှိတော်မူပေသတည်း။

၀၀၅ : ၁၀၀။ (အို-နဗီတမန်တော်)အသင်သည်(ဤသို့) ပြောကြားပါလေ။ မသန့်ရှင်းမစင်ကြယ်သောအရာများ၏ ပေါများမှုသည် အသင့်အား ဝမ်းသာအားရစေသော်လည်း မသန့်ရှင်းမစင်ကြယ်သောအရာများနှင့် သန့်ရှင်းစင်ကြယ်သော အရာများသည် မတူချေ။ သို့ဖြစ်ပေရာ အို-ခွဲခြားသိနိုင်သော နိသမ္မဉာဏ်ရှင် အပေါင်းတို့၊ အသင်တို့သည် အလ္လာဟ််အရှင်မြတ်အား ကြောက်ရွံ့ကြလေကုန်။ သို့မှသာလျှင် အသင်တို့သည်အောင်မြင်ကြလတ္တံ့။

၀၀၅ : ၁၀၁။ အို-သက်ဝင်ယုံကြည်သူအပေါင်းတို့၊ အသင်တို့သည် (နဗီတမန်တော်မြတ်ထံ မဖွယ်မရာသော) အကြင်(အကြောင်း)အရာများနှင့် စပ်လျဉ်း၍ လျှောက်ထားမေးမြန်းခြင်းကိုမပြုကြကုန်လင့်။ အကယ်၍သာ ထို(အကြောင်း)အရာများကို အသင်တို့ရှေ့ဝယ် ထုတ်ဖေါ် (ပြောဆို) ခဲ့သည်ရှိသော်အသင်တို့အဖို့ [မကောင်းဖြစ်ပေအံ့]။ (တနည်း) [မနှစ်သက်ဖွယ်ဖြစ်ပေအံ့]။ သို့ရာတွင် အကယ်၍သာ အသင်တို့သည်ထို(အကြောင်း)အရာများနှင့် စပ်လျဉ်း၍ ကုရ်အာန်ကျမ်းတော်မြတ်ကျရောက်နေစဉ် အခါကာလ၌ လျှောက်ထားမေးမြန်းကြပါမူ ထို (အကြောင်း)အရာများသည် အသင်တို့ရှေ့ဝယ် ထုတ်ဖေါ်ပြီးဖြစ်အံ့။ ယင်းသို့သော အရာများနှင့်စပ်လျဉ်း၍(အတိတ်တွင်မေးခဲ့ကြသည်များကိုမူကား) အလ္လာဟ််အရှင်မြတ်သည် ခွင့်လွှတ်တော်မူ၏။ အမှန်စင်စစ်သော်ကားအလ္လာဟ််အရှင်မြတ်သည် အလွန်တရာ လွတ်ငြိမ်းချမ်းသာခွင့်ပေးသနားတော်မူသော အရှင်၊ အလွန်တရာ ခန္တီတရားနှင့် ပြည့်စုံတော်(မူ၍သည်းခံတော်)မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။

၀၀၅ : ၁၀၂။ အသင်တို့အလျင် အထက်ကျော်ကာရီ၌ရှိခဲ့ကြသောသူတို့သည်လည်း ယင်းကဲ့သို့သောအကြောင်း အရာများကို မေးမြန်းခဲ့ဘူးကြလေသည်။ ထို့နောက် ၎င်းတို့သည် ယင်းအကြောင်းအရာများကို မယုံမကြည် သွေဖည်ငြင်းပယ်ကြကုန်သတည်း။

၀၀၅ : ၁၀၃။ အလ္လာဟ််အရှင်မြတ်သည် “ဗဟီရဟ်” ကိုလည်း(ရှရီအတ်တရားဥပဒေတွင်) သတ်မှတ်ပြဌာန်း တော် မူခဲ့သည်မဟုတ်ပေ။ “စာအိဗဟ်” ကိုလည်း သတ်မှတ် ပြဌာန်းတော်မူခဲ့သည် မဟုတ်ပေ။ “ဝဆွီလဟ်” ကိုလည်း သတ်မှတ်ပြဌာန်းတော်မူခဲ့သည် မဟုတ်ပေ။ “ဟာမီ” ကိုလည်းအသိအမှတ်ပြုတော်မူခဲ့သည်မဟုတ်ပေ။သို့ရာတွင်မယုံမကြည်သွေဖည်ငြင်းပယ်သောသူတို့မူကား အလ္လာဟ််အရှင်မြတ် အပေါ်၌မဟုတ်မမှန်လုပ်ကြံ၍မုသားစကား ပြောဆိုကြကုန်၏။ စင်စစ်သော်ကား ၎င်းတို့အနက် များစွာသောသူတို့သည် အသိဉာဏ်ကင်းမဲ့ ကြကုန်သတည်း။

၀၀၅ : ၁၀၄။ ၎င်းပြင် ထိုသူတို့အား “အသင်တို့သည်အလ္လာဟ််အရှင်မြတ် ထုတ်ပြန်ချမှတ်တော်မူသော အမိန့်တော်များနှင့် ရစူလ်တမန်တော်ဖက်သို့ လာကြလေကုန်” ဟု ပြာဆိုသောအခါ၊ ထိုသူတို့က “ကျွနု်ပ်တို့အဖို့ အကြင်လမ်းစဉ်သည်လုံလောက် ပေသည်။ ထိုလမ်းစဉ်ပေါ်၌ ကျွနု်ပ်တို့သည် မိမိတို့၏အဘ၊ ဘိုး၊ ဘေး၊ ဘီ၊ ဘင်တို့အား တွေ့ရှိခဲ့ကြသည်” ဟုဖြေကြား၏။ အကယ်၍ ၎င်းတို့၏ အဘ၊ ဘိုး၊ ဘေး၊ ဘီ၊ ဘင်တို့သည် မည်သည့်တစ်စုံတစ်ရာကိုမျှ မသိ နားမလည်ကြသည့်ပြင် (ကောင်းကင်ကျ) တရားလမ်းစဉ်ကိုပင် မရရှိကြသော်လည်း (၎င်းတို့ ၎င်းအဖို့၊ ၎င်းတို့၏ အဘ၊ ဘိုး၊ ဘေး၊ တို့၏လမ်းစဉ်သည် ၎င်းတို့အဖို့ လုံလောက်ပါသလော။ အလျင်းမလုံလောက်ပေ။

၀၀၅ : ၁၀၅။ အို-“မုအ်မင်န်” သက်ဝင်ယုံကြည်သူအပေါင်းတို့၊ အသင်တို့သည် မိမိတို့ကိုယ်ကို မိမိတို့ ထိန်းသိမ်းစောင့်ရှောက်ရန်အတွက်သာလျှင် ပူပန်ကြလေကုန်။ အသင်တို့၏တရားလမ်းစဉ်အတိုင်း (မတိမ်းမစောင်း) လိုက်နာနေကြပါလျှင်၊ တရားလမ်းမှားသောသူသည် အသင်တို့ကို (မည်သို့မျှ)အကျိုးယုတ် နစ်နာစေနိုင် မည် မဟုတ်ပေ။ အသင်တို့အားလုံးတို့သည် နောက်ဆုံးတွင် အလ္လာဟ််အရှင်မြတ် အထံတော်သို့သာလျှင် ပြန်ကြရလတ္တံ့။ ထိုအခါ ထိုအရှင်မြတ်သည် အသင်တို့ ပြုမူခဲ့သမျှတို့ကို အသင်တို့အား အသိပေးတော်မူအံ့။

၀၀၅ : ၁၀၆။ အို-သက်ဝင် ယုံကြည်သူအပေါင်းတို့၊ အသင်တို့အနက် တစ်ဦးတစ်ယောက်ထံသို့ ‘မရဏ’ သေခြင်းတရားသည်ဆိုက်ရောက်၍ (ထိုသူသည်) “ဝဆွီယသ်”မှာတမ်းစကား ပြောကြားလေသောအခါ၊ အသင်တို့အနက်မှ တရားမျှတမှုရှိသောသူနှစ်ယောက် သက်သေအဖြစ် ရှိကြရပေမည်။ သို့တည်းမဟုတ် အသင်တို့သည် မြေပြင်ဝယ်ခရီးထွက်နေစဉ် အသင်တို့၌ သေဘေးဆိုက်ရောက်ခဲ့သည်ရှိသော် အကယ်၍ မွတ်စ်လင်မ်မရှိသော် အသင်တို့မှတစ်ပါး အခြား (သာသနာဝင်)တို့အနက်မှ သက်သေနှစ်ဦး ရှိကြရ ပေမည်။ အကယ်၍ အသင်တို့သည်မှာကြားခြင်းခံခဲ့ရ သောသူတို့နှင့်ပတ်သက်၍ ဒွိဟသံသယမကင်း ဖြစ်ခဲ့ ကြပါမူ၊ ထို(သက်သေ) နှစ်ယောက်ကို (ဗလီတွင်း “ဆွလာတ်” ဝတ်ပြုပြီးနောက် ဆိုင်းငံ့ထားကြလေကုန်။ ထိုအခါထိုသူတို့ နှစ်ဦးစလုံးတို့သည် အလ္လာဟ််အရှင်မြတ်ကို တိုင်တည်၍ (ဤသို့) ကျိန်ဆိုကြရမည်။ “ကျွနု်ပ်တို့သည် (ဤကိစ္စ၌မိမိတို့)ဆွေမျိုးနီးစပ် ပါဝင်နေသည့်တိုင်အောင် ဤသို့ကျိန်ဆိုခြင်းအားဖြင့် မည်သည့် အကျိုးကျေးဇူးကိုမျှ ရလိုကြသည်မဟုတ်ပေ။ ၎င်းပြင် ကျွနု်ပ်တို့သည် အလ္လာဟ််အရှင်မြတ်အမိန့်တော်အတိုင်း တာဝန်ရှိသော သက်သေခံခြင်း ကိုလည်းလျှို့ဝှက် ထိမ်ချန် ထားရှိကြသည် မဟုတ်ချေ။ (အကယ်၍ထိမ်ချန်လျှို့ဝှက်ထားရှိခဲ့မူ) ကျွနု်ပ်တို့သည် ဧကန်စင်စစ်အပြစ်မကင်းသော သူတို့အနက်မှပင် ဖြစ်ကုန်အံ့သတည်း။”

၀၀၅ : ၁၀၇။ တစ်ဖန် အကယ်၍ ၎င်းတို့နှစ်ဦးသည် (တစ်စုံတစ်ရာအပြစ်) ကျူးလွန်ခဲ့ကြောင်း သိရှိရပါ လျှင်၊ ထိုအပြစ်ရှိသူနှစ်ဦး၏နေရာတွင် (ကွယ်လွန်သူ၏) ဆွေမျိုးအနီးစပ်ဆုံး အမွေစားတို့အနက် သက်သေနှစ်ယောက် ရပ်ပြီးလျှင်၊ “ကျွနု်ပ်တို့၏သက်သေခံခြင်းမှာ ထိုသူတို့နှစ်ဦး သက်သေခံခြင်း ထက်ပိုမို၍မှန်ကန်ပါသည်။ ၎င်းပြင် ကျွနု်ပ်တို့သည်(ပစ္စည်းတောင်းဆိုရာတွင်လည်းကောင်း၊ ဝဆွီများအား စွပ်စွဲရာတွင်လည်းကောင်း၊) စည်းကမ်းကျူးလွန်ခြင်းလည်း မရှိကြပါ။ (အကယ်၍သာ ကျူးလွန်ခဲ့သည်ရှိသော်) ကျွနု်ပ်တို့သည် မလွဲဧကန် မတော်မတရားကျူးလွန်သောသူတို့အနက် အပါအဝင် ဖြစ်ကြပါအံ”့ ဟုအလ္လာဟ််အရှင်မြတ်အား တိုင်တည်၍ ကျိန်ဆိုကြရပေမည်။

၀၀၅ : ၁၀၈။ ဤသည်ကား သက်သေများသည် သက်သေခံထိုက်သောနည်းမှန်တိုင်း သက်သေခံကြရန်၊ သို့ တည်းမဟုတ်၎င်းတို့သည် မိမိတို့၏ကျိန်ဆိုချက်များမှာ အခြားသူများ၏ကျိန်ဆိုချက်များဖြင့် ကန့်ကွက်ပယ်ချခြင်းခံရမည်ကို စိုးရိမ်ကြရန် အနီးစပ် ဆုံး(အကောင်းဆုံး)သောနည်းပင် ဖြစ်ချေသည်။(မည်သို့ပင်ဖြစ်စေ) အသင်တို့သည် အလ္လာဟ််အရှင်မြတ်ကိုကြောက်ရွံ့ကြလေကုန်၊ ၎င်းပြင် (ထိုအသျှင်မြတ်၏အမိန့်တော်များကို) နာယူကြလေကုန်။ အမှန်သော်ကား အလ္လာဟ််အရှင်မြတ်သည် အမိန့်တော်ကို ကျူးလွန်သောသူတို့အားတရားလမ်းမှန်ကို ညွှန်ကြားပြသတော်မူသည် မဟုတ်ပေ။

၀၀၅ : ၁၀၉။ (အသင်တို့သည် အကြင်နေ့ကို သတိရကြလေကုန်၊ ကြောက်ရွံ့ကြလေကုန်) ထိုနေ့တွင် အလ္လာဟ််အရှင်မြတ်သည် ရစူလ်တမန်တော်များအား စုရုံးစေတော်မူပြီး (ထို ရစူလ်တမန်တော်များကို) “အသင် တို့သည် (မိမိတို့၏ နောက်လိုက်များထံမှ) မည်သို့ သော ပြန်ကြားခြင်းကို ရရှိခဲ့ကြပါသနည်း”ဟု မေးမြန်းတော်မူအံ့။ (ထိုအခါ ထိုရစူလ်တမန်တော် များက)ကျွန်တော်မျိုးတို့တွင်အလျင်းမသိကြပါ။ ဧကန်စင်စစ် အရှင်မြတ်သည်သာလျှင် အကွယ်၌ရှိသောအရာများကို အကြွင်းမဲ့သိတော်မူသောအရှင် ဖြစ်တော်မူပါသည်ဟု လျှောက်ထားခဲ့ကြကုန်အံ့။

၀၀၅ : ၁၁၀။ (၎င်းနောက် ထိုနေ့မှာပင်) အကြင်အခါဝယ်အလ္လာဟ််အရှင်မြတ်သည် (တမန်တော်အီစာသခင်အား ဤသို့)မိန့်ကြားတော်မူအံ့၊ အို-မရ်ယမ်၏ သား အီစာ၊ အသင်သည်မိမိအပေါ်၌လည်းကောင်း၊ မိမိ၏ မိခင်အပေါ်၌လည်းကောင်း၊ငါအရှင်မြတ်ပြုတော်မူခဲ့သော ကျေးဇူးတော်များကို ပြန်လည်အောက်မေ့ သတိရပါ လေ။ အကြင်အခါဝယ် ငါအရှင်မြတ်သည် အသင့်အား “ရူဟုလ်ကုဒွတ်စ်” ဖြင့် ကူညီထောက်မတော်မူခဲ့၏။ (၎င်းပြင်) အသင်သည် ပုခက်တွင်း၌ (အမိရင်ခွင်၌)လည်းကောင်း၊ အသက်အရွယ်ကြီးပြင်းလာ သည့်အခါ၌လည်းကောင်း၊ လူတို့နှင့်(တမျိုးတစားတည်း) စကားပြောဆိုခဲ့၏။ ၎င်းပြင် အကြင်အခါဝယ် ငါအရှင်မြတ်သည် အသင့်အား ကောင်းကင်ကျ ကျမ်းဂန်များကို လည်းကောင်း၊ ‘ဟစ်က်မတ် အသိဉာဏ် အထူးအမြင်ကိုလည်းကောင်း၊ ‘တောင်ရာတ်နှင့် အိင်န်ဂျီလ်ကျမ်းဂန်များကိုလည်းကောင်း၊ သင်ကြားပို့ချတော်မူခဲ့၏။ ၎င်းပြင် အကြင်အခါဝယ် ငါအသျှင်မြတ်၏အမိန့်တော်ဖြင့် မြေဖြင့် အသင်သည် ငှက်၏သဏ္ဍာန်ကဲ့သို့ပြုလုပ်၍ ထိုအရာတွင် မှုတ်၏။ ထိုအခါ ထိုအရာသည်ငါအသျှင်မြတ်၏ အမိန့်တော်ဖြင့် (အသက်ရှင်သော ပြကတေ့)ငှက်သတ္တဝါ ဖြစ်သွားလေ၏။ ၎င်းပြင် အသင်သည်ငါအရှင်မြတ်၏ အမိန့်တော်ဖြင့် (အမိဝမ်းတွင်းမှ) မျက်စိအလင်း မရရှိသောသူတို့ကိုလည်းကောင်း၊ ခရုသင်းစသောကုဌနူနာ စွဲကပ်လျက်ရှိသောသူတို့ကိုလည်းကောင်း၊ ပျောက်ကင်းစေ၏။ ၎င်းပြင် အကြင်အခါဝယ် အသင်သည် ငါအရှင်မြတ်၏အမိန့်တော်ဖြင့် သူသေများကို (ရှင်စေပြီးသင်းချိုင်းတွင်းမှ) ထွက်စေခဲ့၏။ ၎င်းပြင် အကြင်အခါဝယ် ငါအရှင်မြတ်သည် အစ္စရာအီလီမျိုးနွယ်တို့ကို အသင့်(အားဖမ်းဆီး ကွပ်မျက်ခြင်း)မှ တားဆီးတော်မူခဲ့၏၊ အကြင် အခါဝယ် အသင်သည်၎င်းတို့ထံသို့ ထင်ရှားလှစွာသော သက်သေလက္ခဏာ (တန်ခိုးပြာဋိဟာ)များကို ယူဆောင်သွားခဲ့၏။ ပြီးနောက် ၎င်းတို့အနက်မှ မယုံမကြည် သွေဖည်ငြင်းပယ်ခဲ့သူတို့က “ဤကား ထင်ရှားသော စုန်းပရောဂအတတ်မျှဖြစ်သည်” ဟု ပြောဆိုခဲ့ကြ၏။

၀၀၅ : ၁၁၁။ ၎င်းပြင် (အို-နဗီတမန်တော်အီစာ) အသင်သည် (ပြန်လည်အောက်မေ့ သတိရပါလေ) အကြင် အခါဝယ်ငါအရှင်မြတ်သည် ဟဝါရီတို့ထံ “အသင်တို့သည် ငါအရှင်မြတ်ကိုလည်းကောင်း၊ ငါအရှင်မြတ်၏ တမန်တော်(အီစာ)အားလည်းကောင်း၊ သက်ဝင်ယုံကြည်လေကုန်” ဟု အမိန့် တော်ထုတ်ပြန် ချမှတ်တော်မူခဲ့လေရာ ထို(ဟဝါရီ)တို့က “ကျွန်တော်မျိုးတို့သည် ယုံကြည်ကြပါပြီ၊ ကျွန်တော်မျိုးတို့သည်အမိန့်ကို လိုက်နာကြသော မွတ်စလင်မ်များဖြစ်ကြောင်းအရှင်မြတ် သည် သက်သေဖြစ်တော်မူပါ” ဟူ၍ လျှောက်ထားပန်ကြားခဲ့ ကြသည်။

၀၀၅ : ၁၁၂။ (အို-နဗီတမန်တော်မုဟမ္မဒ်၊ အသင်သည် ပြန်လည်သတိရစေပါလေ၊) အခါတစ်ပါး၌ ဟဝါရီ တို့က” အို-မရ်ယမ်(သခင်မ)၏သား (နဗီတမန်တော်) အီစာ(သခင်) အသင့်အား ဖန်ဆင်းမွေးမြူသောမူသောအရှင်မြတ်သည် ကျွန်တော်မျိုးတို့အပေါ်ဝယ် ကောင်းကင်မှ စားဖွယ်သောက်ဖွယ် (နှင့်ပြည့်စုံသော စားပွဲတစ်ခု)ကို ချပေးသနားတော်မူနိုင်စွမ်းရှိပါ သလော”ဟုပြောဆိုကြလေသည်။ ထိုအခါ နဗီတမန်တော် “အီစာ” က ဟယ်- အချင်းတို့) အသင်တို့သည် အကယ်စင်စစ် “မုအ်မင်န်” သက်ဝင် ယုံကြည်သောသူများ ဖြစ်ကြပါလျှင် အလ္လာဟ််အရှင်မြတ် အား ကြောက်ရွံ့ကြလေကုန်ဟုပြောကြားတော်မူခဲ့ပေသည်။

၀၀၅ : ၁၁၃။ ထို(ဟဝါရီ)များက ကျွန်တော်မျိုးတို့သည် ထို(စားပွဲတွင် ပါရှိလေသော) စားဖွယ်ကို (ဗရ်ကတ်မင်္ဂလာရှိစေခြင်းအားဖြင့်) စားသုံးခြင်းငှာလည်းကောင်း၊ ကျွန်တော်မျိုးတို့၏စိတ်နှလုံးများ နှစ်သိမ့်ကျေနပ်ခြင်းငှာလည်းကောင်း၊အသင် (တမန်တော်အီစာ) သည် ကျွန်တော်မျိုးတို့အား(မိမိနဗီတမန်တော်ဖြစ်ကြောင်း) မှန်ကန် စွာပြောဆိုခဲ့သည်ကို(ကိုယ်တွေ့မျက်မြင်) ကောင်းမွန်စွာ ယုံကြည်ခြင်း ငှာလည်းကောင်း၊ ထို (တန်ခိုးပြာဋိဟာ)နှင့် စပ်လျဉ်း၍ ကျွန်တော်မျိုးတို့သည် အသိသက်သေဖြစ်ခြင်းငှာ၎င်း၊ ရည်စူးကြပါသည်ဟုပြန်ကြားကြကုန်၏။

၀၀၅ : ၁၁၄။ မရ်ယမ်(သခင်မ)၏သား(တော်တမန်တော်)အီစာ (အလိုင်ဟစ္စလာမ်)က “အို-အလ္လာဟ််အရှင်မြတ်၊ အိုကျွန်တော်မျိုးတို့ အား မွေးမြူတော်မူသောအရှင်မြတ်၊ အရှင်မြတ်သည် ကျွန်တော်မျိုး တို့အပေါ်သို့ မိုးကောင်းကင်မှ စားဖွယ်သောက်ဖွယ်ကို ချပေးသနား တော်မူပါ၊ ထိုစားဖွယ်သောက် ဖွယ်သည် ကျွန်တော်မျိုးတို့အဖို့ (၀ါ) ကျွန်တော်မျိုးတို့တွင် ရှေးကျသူများ အဖို့လည်းကောင်း၊ ကျွန်တော်မျိုးတို့နောက် လာလတ္တံ့သောသူများအဖို့လည်းကောင်း၊ပျော်ရွှင်ဖွယ်ရာ ဖြစ် ပါစေ၊ ၎င်းပြင် အရှင်မြတ်ထံတော်မှသက်သေလက္ခဏာ တော် တစ်ပါးလည်းဖြစ်ပါစေ။အရှင်မြတ်သည် ကျွန်တော်မျိုးတို့အား ပေးသနားတော်မူပါ။အမှန်စင်စစ် အရှင်မြတ်သည်သာလျှင် အကောင်းဆုံးသောပေးသနားတော်မူသောအရှင် ဖြစ်တော်မူ ပါသည်” ဟုလျှောက်ထားပန်ကြားလေသည်။

၀၀၅ : ၁၁၅။ အလ္လာဟ််အရှင်မြတ်က “ငါအရှင်မြတ်သည် ထိုစားဖွယ် သောက်ဖွယ်ကို အသင်တို့အပေါ်၌ မုချဧကန်ချပေးသနားတော်မူအံ့၊ သို့ရာတွင် ထို(သို့ချပေးသနားတော်မူပြီး)နောက် အသင်တို့အနက် မည်သူမဆို ငြင်းပယ်ပါမူ၊ငါအရှင်မြတ်သည် စကြာဝဠာ ခပ်သိမ်းတို့ အနက်မည်သူတစ်ဦးတစ်ယောက် ကိုမျှပေးတော်မမူမည့် အပြစ်ဒဏ်ကို ထိုသူအား ဧကန်မလွဲပေးတော်မူအံ”့ ဟု ပြန်ကြားတော်မူခဲ့လေသတည်း။

၀၀၅ : ၁၁၆။ (ပြန်လည်အောက်မေ့သတိရပါလေ၊) အကြင်အခါဝယ် အလ္လာဟ််အရှင်မြတ်သည် (ဤသို့) မိန့်ကြားတော်မူအံ့၊ “အို-မရ်ယမ် ၏သား အီစာ၊ အသင်က လူတို့အား အသင်တို့သည် အလ္လာဟ်် အရှင်မြတ်အပြင် ကျွန်ုပ်(အီစာ)ကိုလည်းကောင်း၊ ကျွနု်ပ်၏မယ်တော် (မရ်ယမ်)ကိုလည်းကောင်း၊ ကိုးကွယ်ရာ(ဘုရား)နှစ်ပါး မှတ်ယူကြ လေကုန်ဟု ပြောကြားခဲ့ပါသလော”။ ထိုအခါ (အီစာ)(အလိုင် ဟစ္စလာမ်)သည် (ဤသို့)လျှောက်ထား ပြန်ကြားပေအံ့။ (“အို – အရှင်) အရှင်မြတ်သည်သန့်ရှင်းစင်ကြယ်တော်မူပါ၏။ ကျွန်တော် မျိုးမှာ မိမိမပြောထိုက် သောစကားကို ပြောဆိုခွင့် အလျင်း မရှိပါ။ အကယ်၍သာ ကျွန်တော်မျိုးသည် ထိုစကားကို ပြောဆိုမိခဲ့ပါမူ၊ အရှင်မြတ် သည် ထိုပြောဆိုသည်ကို မုချသိရှိ တော်မူပြီးပင် ဖြစ်ပါသည်။ အရှင်မြတ်သည် ကျွန်တော်မျိုး၏ စိတ်တွင်း ၌ရှိသမျှတို့ကို (အကြွင်းမဲ့)သိရှိတော်မူပါ၏။ သို့ရာတွင် ကျွန်တော်မျိုးမှာ မူကား အရှင်မြတ်၏စိတ်တွင်း ၌ရှိသည်တို့ကို မသိပါ။ဧကန်စင်စစ် အရှင်မြတ်သည်သာလျှင် အကွယ်၌ ရှိသမျှတို့ကိုအအကြွင်းမဲ့သိရှိတော်မူသောအရှင် ဖြစ်တော်မူပါသတည်း။

၀၀၅ : ၁၁၇။ ကျွန်တော်မျိုးသည် ၎င်းတို့ကို အရှင်မြတ်ကကျွန်တော်မျိုးအား မိန့်တော်မူသည့် (အတိုင်း) ‘အို-အချင်းတို့၊အသင်တို့သည် ကျွနု်ပ်၏အရှင်လည်း ဖြစ်တော်မူသော၊ အသင်တို့၏အရှင်လည်းဖြစ်တော် မူသော(တစ်ဆူတည်းသော)အလ္လာဟ််အရှင်မြတ်အားသာ ကိုးကွယ်ကြလေကုန်’ ဟူသောစကားမှအပ အခြားမည်သည့်စကားကိုမျှ ပြောဆိုခဲ့သည် မရှိပါ။ ထို့ပြင်တဝ ကျွန်တော်မျိုးသည် ၎င်းတို့အထဲတွင် ရှိနေသမျှကာလပတ်လုံး ၎င်းတို့(၏အကြောင်း)ကို သိရှိသူ ဖြစ်ပါသည်။တဖန် အရှင်သည် ကျွန်တော်မျိုးအား ပင့်မယူဆောင်သောအခါ အရှင်သည်ပင်လျှင် ၎င်းတို့(၏ အကြောင်း)ကို သိရှိတော်မူသောအရှင် ဖြစ်တော်မူခဲ့ပါသည်။ အမှန်စင်စစ်သော်ကားအရှင်မြတ်သည် အရာခပ်သိမ်းတို့ကို သိမြင်တော်မူသောရှင်မြတ်ပင် ဖြစ်တော်မူ ပါသည်။

၀၀၅ : ၁၁၈။ “အရှင်မြတ်သည် အကယ်၍ထိုသူတို့အားအပြစ်ဒဏ် ပေးတော်မူခဲ့ပါလျှင်၊ ၎င်းတို့သည် ဧကန်မလွဲ အရှင်မြတ်၏ကျွန် များပင် ဖြစ်ကြပါ၏။ ၎င်းပြင် အကယ်၍ အရှင်မြတ်သည် ထိုသူတို့ အား (အပြစ်မှ) လွတ်ငြိမ်းချမ်းသာခွင့် ပေးသနားတော် မူပါလျှင်လည်း(ပြုစွမ်းတော်မူနိုင်ပါသည်။) အဘယ်ကြောင့်ဆိုသော် ဧကန်စင်စစ်အရှင်မြတ်သည်တန်ခိုးအာနုဘော်နှင့်ပြည့်စုံတော်မူသောအရှင်၊ ကျိုး ကြောင်းဆင်ခြင် တုံဉာဏ်နှင့် ပြည့်စုံတော်မူသောအရှင် ဖြစ်တော်မူပါသည်။”

၀၀၅ : ၁၁၉။ အလ္လာဟ််အရှင်မြတ်သည် (ဤသို့) မိန့်ကြားတော်မူလတ္တံ့။ ယနေ့မူကား မှန်ကန်သူများအဖို့၊ ၎င်းတို့၏မှန်ကန်မှုသည် အကျိုးပေးသည့်နေ့ပင် ဖြစ်ချေသည်။ ထို(မှန်ကန်သူများ)အဖို့ အကြင်ဥယျာဉ်များသည် (အဆင်သင့်)ရှိကြပေအံ့။ထိုဥယျာဉ် များ၏အောက်မှစမ်းရေချောင်းများသည်စီးထွေ လျက်ရှိကြလတ္တံ့။ ၎င်းတို့သည် ထိုဥယျာဉ်များတွင်အမြဲထာဝစဉ် နေထိုင် (စံမြန်း) ကြကုန်အံ့။ အလ္လာဟ််အရှင်မြတ်သည် ၎င်းတို့အပေါ်၌ ကျေနပ်တော်မူပြီး ဖြစ်တော်မူ၏။၎င်းတို့သည်လည်း ထိုအသျှင်မြတ်အပေါ်၌ ကျေနပ်ပြီးဖြစ်ကြကုန်၏။ဤသည်ကား ထူးကဲမြင့်မြတ်လှစွာသော(ဇေယျတု မင်္ဂလာ) အောင်မြင်မှုကြီးပင်တည်း။

၀၀၅ : ၁၂၀။ မိုးကောင်းကင်များကို၎င်း၊ ပထဝီမြေပြင်ကိုလည်းကောင်း၊ ထိုမိုးကောင်းကင်များနှင့် ပထဝီမြေကြီး၌ရှိသမျှတို့ကိုလည်းကောင်း၊ စိုးမိုးအုပ်ချုပ်ခြင်း(အာဏာ)သည်အလ္လာဟ််အရှင်မြတ်၌သာ ရှိချေသည်။ စင်စစ်မူကား ထိုအရှင်မြတ်သည် အရာရာကို ပြုစွမ်းနိုင်တော်မူသောအရှင်ပင်ဖြစ်တော်မူချေ သတည်း။

Leave your thought here

Your email address will not be published. Required fields are marked *

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
Click outside to hide the comparison bar
Compare