Blog

၀၀၉ ။ စူရာ တောင်ဘဟ် : နောင်တရခြင်း ကဏ္ဍ-မက္ကာမြို့တော်ကျ- အစောင် ၁၀၊ အာယသ် ၁၂၉

surah-9_img
The Holy Quran and Myanmar Translation

၀၀၉ ။ စူရာ တောင်ဘဟ် : နောင်တရခြင်း ကဏ္ဍ-မက္ကာမြို့တော်ကျ- အစောင် ၁၀၊ အာယသ် ၁၂၉


Notice: Undefined index: options in /home/kpr4d695aq7d/public_html/wp-content/themes/edumall/elementor/widgets/original/section.php on line 45

မပြတ်မစဲ သနားကြင်နာ ညှာတာတော်မူသော မဟာကရုဏာတော်ရှင် ဖြစ်တော်မူသော အလ္လာဟ်အရှင်မြတ်၏ နာမံတော်ဖြင့် အစပြုပါ၏။

၀၀၉ : ၁။ ဤသည် အလ္လာဟ်အသျှင်မြတ် အထံတော် မှလည်းကောင်း၊ ထိုအသျှင်မြတ်၏ ရစူလ်တမန်တော် မြတ်အထံတော်မှလည်းကောင်း၊အသင်တို့ (ကာလ အပိုင်းအခြားမရှိ) ပဋိညာဉ်စာချုပ် ချုပ်ဆိုခဲ့ကြ သော“မုရှ်ရစ်က်” တို့အား (၎င်းတို့၏ ပဋိညာဉ်စာချုပ် နှင့်စပ်လျဉ်း၍)လုံးဝတာဝန်ကင်းကြောင်း (ကြေငြာ ခြင်းပင်) ဖြစ်ပေသတည်း။

၀၀၉ : ၂။ သို့ဖြစ်ပေရာ (အို-နဗီတမန်တော်၊ အသင် သည် မုရှ်ရစ်ကတ်တို့အား ဤသို့ ပြောကြားပါလေ)။ အချင်းတို့ အသင်တို့သည် ဤတိုင်းပြည်ဝယ် လေးလ တိုင်အောင် (လွတ်လပ်စွာ) လှည့်လည်(သွားလာ) ကြလေကုန်။ ထိုမှတပါး အသင်တို့သည် ဧကန်မလွဲအလ္လာဟ်အသျှင်မြတ်နှင့် လွတ်ကင်းအောင် ထွက်ပြေး နိုင်ကြသူများ မဟုတ်ကြောင်းကိုလည်းကောင်း၊ အမှန်စင်စစ် အလ္လာဟ်အသျှင်မြတ်သည်ပင် ““ကာဖိရ်”” မယုံမကြည် သွေဖည် ငြင်းပယ်သော သူတို့အား၊ အရှက်တကွဲ ဖြစ်စေတော်မူမည့် အသျှင်မြတ်ပင် ဖြစ်တော်မူကြောင်းကိုလည်းကောင်း၊ (ကောင်းစွာ) မှတ်ယူကြလေကုန်။

၀၀၉ : ၃။ ထို့ပြင် အလ္လာဟ်အသျှင်မြတ်နှင့် ထိုအသျှင်မြတ်၏ ရစူလ်တမန်တော်၏အထံတော်မှ ““ဟဂျ်ဂျေ အတ်က်ဗရ်”” နေ့တွင် လူခပ်သိမ်းတို့ရှေ့ဝယ်၊ ဧကန်စင်စစ်၊ အလ္လာဟ်အသျှင်မြတ်သည်လည်းကောင်း၊ ထိုအသျှင်မြတ်၏ ရစူလ်တမန်တော်မြတ် သည်လည်းကောင်း၊ (ပဋိညာဉ်ကို မိမိတို့ကိုယ်တိုင် ချိုးဖောက်ခဲ့ကြ သော) ““မုရှ်ရစ်က်”” တို့နှင့် ပတ်သက်၍ (အချိန်ကာလတစုံတရာ သတ်မှတ်ခြင်းပြုတော် မမူပဲယခုပင်) တာဝန်ကင်းတော်မူကြောင်း ကြေငြာခြင်းပင် ဖြစ်ချေသတည်း။ သို့ဖြစ်သော်ငြားလည်း (အို-မုရှ်ရစ်က် အပေါင်းတို့) အကယ်၍ အသင်တို့သည် (မိမိတို့၏ အယူဝါဒများကို စွန့်လွှတ်၍) ဝန်ချတောင်းပန်ကြပါမူ ထိုဝန်ချတောင်းပန်ခြင်းသည် အသင်တို့အဖို့ အကောင်းဆုံးပင်ဖြစ်ချေသည်။ သို့ရာတွင် အကယ်၍ အသင်တို့သည် (ဝန်ချ)တောင်းပန်ခြင်း မပြုပဲ မျက်နှာလွှဲခဲ့ကြပါလျှင် ဧကန်စင်စစ် အသင်တို့သည် အလ်္လာဟ်အသျှင်မြတ်နှင့် လွတ်ကင်းအောင် ထွက်ပြေးနိုင်ကြမည်မဟုတ်ကြောင်း ကောင်းစွာမှတ်ယူကြလေ ကုန်။ထို့ပြင် (အို-နဗီတမန်တော်) အသင်သည် ““ကာဖိရ်”” သွေဖည်ငြင်းပယ်ကြကုန်သော သူတို့အား (၎င်းတို့ခံစားခြင်းငှာ) ပြင်းပြနာကျင်စေသော အပြစ်ဒဏ်သည် (အဆင်သင့်) ရှိကြောင်း သတင်းကောင်းပြောကြားပါလေ။

၀၀၉ : ၄။ အကြင် “မုရှ်ရစ်က်” တို့မှတပါး အသင်တို့ သည် ထိုသူတို့နှင့် ပဋိညာဉ် ဖွဲ့ခဲ့ကြလေသည်။ ထို့နောက် ၎င်းတို့သည် အသင်တို့နှင့်ပတ်သက်၍ တစုံတရာကိုမျှ ဝတ္တရားပျက်ကွက်ခဲ့ကြသည်လည်း မရှိပေ။ ယုတ်လျောစေခဲ့ကြသည်လည်းမရှိပေ။ ၎င်းပြင် ထိုသူတို့သည် အသင်တို့နှင့်ဆန့်ကျင်၍ မည်သူ တဦးတယောက်ကိုမျှ ကူညီခဲ့ကြသည်လည်းမရှိချေ။ သို့ဖြစ်လျှင် အသင်တို့သည် ထိုသူတို့နှင့်ထားရှိသော ကတိကို ထိုသူတို့ (သတ်မှတ်ခဲ့သော) အချိန် ကာလအပိုင်းအခြားအထိ ပြီးမြောက်အောင်ဆောင်ရွက် ကြလေကုန်။ မုချဧကန် အလ္လာဟ်အသျှင်မြတ်သည် ပြစ်မှုဒုစရိုက်တို့မှ ကြည်ရှောင်ကြကုန်သော သူတော်စင်တို့အား ချစ်ကြည် မြတ်နိုးတော်မူချေသတည်း။

၀၀၉ : ၅။ သို့ဖြစ်ပေရာ ထူးမြတ်သောလများ ကုန်လွန်သွားသောအခါ အသင်တို့သည် (ပဋိညာဉ်ကို ချိုး ဖောက်ခဲ့ကြသော) “မွရှ်ရစ်က်”တို့အား အသင်တို့ တွေ့လေရာနေရာများတွင် (သတ်ဖြတ်ကြလေကုန်၊ ထို့ပြင် အသင်တို့သည် ၎င်းတို့အား ဖမ်းဆီးကြလေကုန်။ ထိုမှတပါးအသင်တို့သည် ၎င်းတို့အား ချုပ်နှောင် (အကျဉ်းချထား)ကြလေကုန်။ ၎င်းပြင် အသင်တို့သည် ထိုသူတို့အား (ဖမ်းဆီးရန်) ပုန်းအောင်းရာ နေရာတိုင်းတွင် (ပုန်းအောင်း၍) ချောင်းမြောင်းကြလေကုန်။) တဖန် အကယ်၍ ထိုသူတို့ သည် (မိမိတို့၏အယူဝါဒမျာကို စွန့်လွှတ်၍) ဝန်ချတောင်းပန်ခြင်းကိုလည်းကောင်း၊ တည်မြဲစွာ “ဆွလာတ်” ဝတ်ပြုခြင်းကိုလည်းကောင်း၊ ဇကာတ် တရားဝင် ဒါနကြေးပေးဆောင်ခြင်းကိုလည်းကောင်း၊ ပြုကြပါလျှင် အသင်တို့သည် ၎င်းတို့၏လမ်းကို ဖွင့်လှစ်ပေး ကြလေကုန်။ ဧကန်အမှန် အလ္လာဟ်အသျှင်မြတ်သည် အလွန်တရာလွတ်ငြိမ်းချမ်းသာခွင့် ပေးသနားတော်မူသောအသျှင်၊ အလွန်တရာ သနားကြင်နာ ညှာတာတော်မူသော အသျှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။

၀၀၉ : ၆။ တဖန် အကယ်၍ (ပဋိညာဉ်ကိုချိုးဖောက်သော) မွတ်ရှ်ရစ်က်တို့အနက်မှ တဦးတယောက်သောသူသည် အသင့်ထံတွင် အကာအကွယ်ရလိုခဲ့ပါလျှင် အသင်သည် ထိုသူအား ၎င်းသည် အလ္လာဟ်အသျှင်မြတ်၏အာယတ်တော်ကို ကြားနာနိုင်အ့ံသောငှာ ကာကွယ်ပါလေ၊) ထို့နောက်အသင်သည် ထိုသူ့အား ၎င်း၏ဘေးရန်ကင်းငြိမ်းရာဌာနသို့ ပို့ဆောင်၍ ပေးပါလေ။ ဤ (အမိန့်တော်ကို ထုတ်ပြန်တော ်မူခြင်း) ကား ၎င်းတို့သည် မသိနားမလည်သောသူများ ဖြစ်ကြသောကြောင့်ပင်။

၀၀၉ : ၇။ ““မုရှ်ရစ်က်”” တို့၏ပဋိညာဉ်ကို ထောက်ထား လိုက်နာရန် တာဝန်သည် အလ္လာဟ်အသျှင်မြတ် အပေါ်၌လည်းကောင်း၊ ထိုအသျှင်မြတ်၏ ရစူလ်တမန်တော် အပေါ်၌လည်းကောင်း၊ အသို့လျှင်ရှိနိုင်ပါအ့ံနည်း။ ““မတ်စ်ဂျိဒေဟရာမ်”” ထူးမြတ်သောဗလီဝတ်ကျောင်းတော်၏ အပါးတွင်အသင်တို့ ပဋိညာဉ်ဖွဲ့ခဲ့ကြသော သူတို့မှတပါး၊ ၎င်းတို့သည် အသင်တို့နှင့်ပတ်သက်၍ ဖြောင့်မတ်စွာ တည်ရှိနေသမျှ ကာလပတ်လုံး အသင်တို့သည်လည်း ၎င်းတို့နှင့်ပတ်သက်၍ ဖြောင့်မတ်စွာ တည်ရှိကြလေကုန်။ ဧကန်မလွဲ အလ္လာဟ်အသျှင်မြတ်သည် ပြစ်မှုဒုစရိုက်တို့မှ ကြဉ်ရှောင်ကြကုန်သော သူတော်စင်တို့အား ချစ်မြတ်နိုးတော်မူပေသတည်း။

၀၀၉ : ၈။ (ယင်းကဲ့သို့ ကတိဖောက်ဖျက်သူတို့၏ ကတိ ခံဝန်ချက်ကို) အသို့လျှင် ထောက်ထားနိုင်ပါအံ့နည်း။ အမှန်စင်စစ်သော်ကား အကယ်၍သာ ထိုသူတို့သည် အသင်တို့အပေါ်၌ ကြီးစိုးကြပါလျှင် ထိုသူတို့သည် အသင်တို့နှင့် ပတ်သက်၍ ဆွေမျိုးတော်စပ်သည်ကို လည်းကောင်း၊ ပဋိညာဉ်ဖွဲ့ထားသည်ကိုလည်းကောင်း ထောက်ထားကြမည် မဟုတ်ပေ။ ၎င်းတို့သည် အသင်တို့အား မိမိတို့၏နှုတ်များဖြင့်သာလျှင် နှစ်သိမ့်စေကြ ကုန်သည်။ သို့ရာတွင် ၎င်းတို့၏ စိတ်နှလုံးများမှာ မူကား (၎င်းတို့၏နှုတ်မှ ပြောဆိုချက်တို့ကို) ငြင်းပယ်လျက်ရှိကြ ကုန်သတည်း။ စင်စစ် ၎င်းတို့အနက် အများစုတို့မှာကား စည်းကမ်းဖောက်ဖျက်သူများသာ ဖြစ်ကြကုန်သည်။

၀၀၉ : ၉။ ၎င်းတို့သည် အလ္လာဟ်အသျှင်မြတ်၏ အာယတ်တော်များဖြင့် အနည်းငယ်မျှသော အဖိုးငွေကို လဲလှယ်ဝယ်ယူခြဲ့ကလေသည်။ သို့ဖြစ်ပေရာ ၎င်းတို့သည် ထိုအသျှင်မြတ်၏လမ်းတော်မှ ဖောက်ပြန်သွေချော် တိမ်းစောင်းလျက်ရှိခဲ့ကြကုန်၏။ ဧကန်စင်စစ် ၎င်းတို့ပြုမူသမျှတို့ကားအလွန်ဆိုးရွားလှပေသတည်း။

၀၀၉ : ၁၀။ ၎င်းတို့သည် မည်သည့် ““မုအ်မင်န်”” သက်ဝင် ယုံကြည်သူ တဦးတယောက်နှင့်မျှ ပတ်သက်၍ ဆွေမျိုးတော်စပ်မှုကိုလည်းကောင်း၊ ပဋိညာဉ်ထားရှိမှု ကိုလည်းကောင်း၊ ထောက်ထားကြသည်မဟုတ်ပေ။ အမှန်သော်ကား ၎င်းတို့သည်ပင်လျှင် လွန်ကျူးသူများ ဖြစ်ကြကုန်သတည်း။

၀၀၉ : ၁၁။ သို့ရာတွင် အကယ်၍ ထိုသူတို့သည် (မိမိတို့ ၏အယူဝါဒများကိုစွန့်လွှတ်ကာ ““အီမာန်”” ယုံကြည် ခြင်းသဒ်္ဓါတရား ထားရှိခြင်းအားဖြင့်)ဝန်ချတောင်းပန်၍ ဆွလာတ်ဆောက်တည်ခြင်းကိုလည်းကောင်း၊ ဇကာတ် တရားဝင်ဒါနကြေး ပေးဆောင်ခြင်းကိုလည်းကောင်း ပြုခဲ့ကြပါလျှင်၊ ထိုသူတို့သည် ဒီန်သာသနာရေးတွင် အသင်တို့၏ညီသားအစ်ကိုများပင် ဖြစ်ကြကုန်သည်။ အမှန်သော်ကား ငါအသျှင်မြတ်သည် (မိမိ) အာယတ်တော်များကို သိနားလည်သူတို့အဖို့ အသေးစိတ်ထုတ်ဖော် မိန့်ကြားတော်မူလေသတည်း။

၀၀၉ : ၁၂။ တဖန် အကယ်၍ ထိုသူတို့သည် ကတိသစ္စာ ထားရှိပြီးနောက်သော်မှပင် မိမိတို့ ထားရှိကြကုန်သော ကတိသစ္စာများကို ဖောက်ဖျက်ခြင်းကိုလည်းကောင်း၊ အသင်တို့၏ ဒိန်သာသနာနှင့် စပ်လျဉ်း၍ ကဲ့ရဲ့ရှုတ်ချ (အမနာပ)ပြောဆိုခြင်းကိုလည်းကောင်း၊ ပြုခဲ့ကြပါလျှင်အသင်တို့သည် ကုဖ်ရ်မယုံမကြည် သွေဖည် ငြင်းပယ်မှုကို ခေါင်းဆောင်သော ရှေ့ဆောင်တို့အား ၎င်းတို့သည် (မိမိတို့၏အယူဝါဒများမှ) ရပ်စဲသွားကြအံ့သောငှာ တိုက်ခိုက်ကြလေကုန်။ အကြောင်းသော်ကား ၎င်းတို့၌ ကတိသစ္စာများမရှိ သောကြောင့်ပင်။

၀၀၉ : ၁၃။ အသင်တို့သည် အကြင်အမျိုးသားတို့အား အဘယ်ကြောင့် မတိုက်ခိုက်ကြသနည်း။ ထိုအမျိုးသား တို့သည် မိမိတို့၏ကတိသစ္စာကိုလည်း ဖောက်ဖျက်ခဲ့ကြကုန်၏။ ထို့ပြင် ၎င်းတို့သည် တမန်တော်မြတ် (မုဟမ္မဒ်) အား (မက္ကာမြို့မှ) နှင်ထုတ်ရန်လည်း သန်္ဓိဋ္ဌာန်ချခဲ့ကြကုန်၏။ ထိုမှတပါး ၎င်းတို့သည် ပင်လျှင် အသင်တို့အား ဦးစွာပထမ စတင်တိုက်ခိုက် ခဲ့ကြကုန်၏။ အသင်တို့သည် ၎င်းတို့အား ကြောက်ရွံ့ကြလေသလော၊ စင်စစ်တမူကား အကယ်၍ အသင် တို့သည် “မုအ်မင်န်” သက်ဝင်ယုံကြည်သူများဖြစ်ကြလျှင် အလ္လာဟ်အသျှင်မြတ်အား ပိုမို၍ပင် ကြောက်ရွံ့ ထိုက်ပေသတည်း။

၀၀၉ : ၁၄။ အသင်တို့သည် ၎င်းတို့အား တိုက်ခိုက်ကြလေကုန်။ အလ္လာဟ်အသျှင်မြတ်သည် ၎င်းတို့အား အသင်တို့၏ လက်များဖြင့် ပြစ်ဒဏ်ပေးတော်မူမည် ဖြစ်၏။ ၎င်းပြင် ထိုအသျှင်မြတ်သည် ယင်းတို့အား အရှက်ရစေတော်မူမည်လည်းဖြစ်၏။ ထိုမှတပါး ထိုအသျှင်မြတ်သည်အသင်တို့အား ၎င်းတို့အပေါ်၌ အောင်မြင်စေတော်မူမည်လည်း ဖြစ်၏။ ထို့ပြင် ထိုအသျှင်မြတ်သည် “မုအ်မင်န်” သက်ဝင်ယုံကြည်သူတို့၏ စိတ်နှလုံးများကို အေးချမ်းစေတော်မူမည်လည်း ဖြစ်ချေသတည်း။

၀၀၉ : ၁၅။ ၎င်းပြင် ထိုအသျှင်မြတ်သည် ထို(သက်ဝင် ယုံကြည်)သူတို့၏ စိတ်နှလုံးများမှ ဒေါသအမျက်ကိုလည်း ပပျောက်စေတော်မူမည်ဖြစ်၏။ ၎င်းပြင် အလ္လာဟ်အသျှင်မြတ်သည် မိမိအလိုရှိတော်မူသော သူ၏ဘက်သို့လည်း ကရုဏာတော်နှင့် ပြန်လှည့်တော်မူမည်ဖြစ်၏။ အမှန်သော်ကား အလ္လာဟ်အသျှင်မြတ်သည် အရာခပ်သိမ်းတို့ကို အကြွင်းမဲ့သိတော်မူသော အသျှင်၊ နက်နဲသိမ်မွေ့သော ဉာဏ်အမြော်အမြင်နှင့် ပြည့်စုံတော်မူသောအသျှင် ဖြစ်တော်မူပေသတည်း။

၀၀၉ : ၁၆။ အသင်တို့သည် မိမိတို့မှာ (စမ်းသပ်ခြင်းမခံရပဲ အေးချမ်းစွာ) စွန့်လွှတ်ထားခြင်းကို ခံကြရလိမ့်မည်ဟု ထင်မြင်ယူဆကြပါသလော။ အမှန်သော်ကား အလ္လာဟ်အသျှင်မြတ်သည် (ယခုထက်တိုင်) အသင်တို့အနက်မှ (ထိုအသျှင်မြတ်၏ လမ်းတော်၌) စစ်မက်ပြိုင်ဆိုင်တိုက်ခိုက်သူတို့အား လည်းကောင်း၊ အလ္လာဟ်အသျှင်မြတ်၊ ထိုအသျှင်မြတ်၏ ရစူလ်တမန်တော်နှင့် ““မုအ်မင်န်”” သက်ဝင်ယုံကြည်သူတို့ အပြင်အခြားသူတို့ကို ချစ်ကျွမ်းတဝင် မပြုကြသော သူတို့အားလည်းကောင်း၊ သိ (မြင်)တော်မမူသေးချေ။ စင်စစ်တမူကား အလ္လာဟ်အသျှင်မြတ်သည် အသင်တို့ ပြုမူသမျှတို့ကို အကြွင်းမဲ့ ကြားသိတော်မူသော အသျှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။

၀၀၉ : ၁၇။ ““မွတ်ရှ်ရစ်က်”” တို့၌ ၎င်းတို့သည် မိမိတို့ ““ကာဖိရ်”” ဖြစ်ကြောင်း ဝန်ခံလျက် ရှိနေကြစဉ် အလ္လာဟ်အသျှင်မြတ်၏ ဗလီကျောင်းတော်များကို သာယာစည်ကားအောင် ပြုလုပ်ရန် အရည်အချင်းမရှိချေ။ ၎င်းတို့သည် အကြင်သူများပင်တည်း။ ထိုသူတို့၏ အပြုအမူများသည်အချည်းနှီး ဖြစ်ခဲ့ကြသည့်ပြင် ထိုသူတို့သည် ငရဲမီး၌ ထာဝစဉ် နေထိုင်ကြရမည့်သူများပင် ဖြစ်ကြကုန်သတည်း။

၀၀၉ : ၁၈။ အလ္လာဟ်အသျှင်မြတ်၏ ဗလီကျောင်းတော်များကို အကြင်သူတို့သည်သာလျှင် စည်ကားသာယာအောင် ပြုနိုင်ကြပေသည်။ ထိုသူတို့သည် အလ္လာဟ်အသျှင်မြတ်ကိုလည်းကောင်း၊ နောက်ဆုံးနေ့ကိုလည်းကောင်း၊ ယုံကြည်ကြသည့်ပြင် ထိုသူတို့သည် စွဲမြဲစွာ “ဆွလာတ်”ဝတ်ပြုမှုကိုလည်းကောင်း၊ “ဇကာတ်” တရားဝင်ဒါနကြေး ပေးဆောင်ခြင်းကိုလည်းကောင်း၊ ပြုကြကုန်သည်။ ထိုမှတပါး အလ္လာဟ်အသျှင်မြတ်အပြင် မည်သူတဦးတယောက်ကိုမျှ ကြောက်ရွ့ံကြသည်လည်း မရှိချေ။ သို့ဖြစ်ပေရာ ၎င်းတို့သည် တရားလမ်းမှန် ရရှိကြမည်ဖြစ်သည်။

၀၀၉ : ၁၉။ အသင်တို့သည် ဟာဂျီများအား ရေတိုက်ခြင်းကိုလည်းကောင်း၊ “မတ်စ်ဂျိဒေဟရာမ်” ထူးမြတ်သော ဗလီကျောင်းတော်ကို စည်ကားသာယာအောင် ပြုလုပ်ခြင်းကိုလည်းကောင်း ည၊ အလ္လာဟ်အသျှင်မြတ်နှင့် နောက်ဆုံးနေ့ကို ယုံကြည်သည့်ပြင် အလ္လာဟ်အသျှင်မြတ်၏ လမ်းတော်၌ စစ်မက်ပြိုင်ဆိုင်တိုက်ခိုက် သောသူ(၏ကောင်းမှုကုသိုလ်)နှင့် တူမျှသည်ဟု ထင်မြင်ယူဆထားကြလေသလော။ ထိုသူများသည် အလ္လာဟ်အသျှင်မြတ်အထံတော်၌ (အဆင့်အတန်းချင်း) မတူကြချေ။ ထို့ပြင် အလ္လာဟ်အသျှင်မြတ်သည် မတရားကျူးလွန်သောသူတို့အား တရားလမ်းမှန်ကို ပြသတော်မူသည်မဟုတ်ပေ။

၀၀၉ : ၂၀။ အကြင်သူတို့သည် “အီမာန်” သက်ဝင်ယုံကြည် ခဲ့ကြကုန်၏။ ၎င်းပြင် ထိုသူတို့သည် (မိမိတို့၏ ဥစ္စာပစ္စည်း အိုးအိမ်စည်းစိမ်တို့ကိုစွန့်လွှတ်ကာ တရပ်တကျေးသို့) ရွှေ့ပြောင်းသွားရောက် နေထိုင်ခဲ့ကြကုန်၏။ ထိုမှတပါး ယင်းတို့သည် အလ္လာဟ်အသျှင်မြတ်၏ လမ်းတော်၌ မိမိတို့၏ ဥစ္စာပစ္စည်းများဖြင့် လည်းကောင်း၊ မိမိတို့၏ အသက်ဇီဝိန်များဖြင့် လည်းကောင်း၊ စစ်မက်ပြိုင်ဆိုင် တိုက်ခိုက်ခဲ့ကြကုန်၏။ ထိုသူတို့သည် အလ္လာဟ်အသျှင်မြတ်အထံတော်၌ အဆင့်အတန်းအားဖြင့် အလွန်မြင့်မြတ်လှသည့်ပြင် ထိုသူတို့သည်သာလျှင် “အောင်မြင်မှု” ကိုရရှိသူများ ဖြစ်ကြကုန်သတည်း။

၀၀၉ : ၂၁။ ထိုသူတို့ကား ဖန်ဆင်းမွေးမြူတော်မူသော အသျှင်မြတ်သည် ထိုသူတို့ကို မိမိအထံတော်မှ ကရုဏာတော်ကို ခံစားကြရမည်ကိုလည်းကောင်း၊ (ထို အသျှင်မြတ်၏)နှစ်သက်မှုကို ရရှိကြမည်ကိုလည်းကောင်း၊ ထိုသူတို့အဖို့ ထာဝရစည်းစိမ်နှင့် ပြည့်စုံသော ဥယျာဉ်များ ရရှိကြမည်ကိုလည်းကောင်း၊ သတင်းကောင်း မိန့်ကြားတော်မူလေသတည်း။

၀၀၉ : ၂၂။ ၎င်းတို့သည် ထိုဥယျာဉ်များ၌ ထာဝရ နေထိုင်စံမြန်းကြပေမည်။ ဧကန်အမှန် အလ္လာဟ်အသျှင်မြတ်၏ အထံတော်၌သာ ကြီးကျယ်မြင့်မြတ်လှစွာသော အကျိုးဆုလာဘ်သည် ရှိချေသတည်း။

၀၀၉ : ၂၃။ အို-မုအ်မင်န်”” သက်ဝင်ယုံကြည်သူအပေါင်းတို့၊ အသင်တို့၏ ဘ၊ ဘိုး၊ ဘေးတို့သည် လည်းကောင်း၊ အသင်တို့၏ ညီသားအစ်ကိုတို့သည် လည်းကောင်း၊ အကယ်၍ “ကုဖ်ရ် သွေဖည်ငြင်းပယ်မှု” ကို “အီမာန်ယုံကြည်မှု” ထက် နှစ်သက်မြတ်နိုးကြပါလျှင် အသင်တို့သည် ၎င်းတို့အား အဆွေခင်ပွန်းများ မပြုလုပ်ကြကုန်လင့်။ စင်စစ်မူကား မည်သူမဆို အသင်တို့အနက်မှ ၎င်းတို့အား အဆွေခင်ပွန်း ပြုလုပ်ပါလျှင် ထိုကဲ့သို့သောသူများသည်သာ မတရားမှု ကျူးလွန်သူများ ဖြစ်ကြအံ့သတည်း။

၀၀၉ : ၂၄။ (အို-နဗီတမန်တော်) အသင်သည် “မုအ်မင်န်” သက်ဝင်ယုံကြည်သူတို့အား ဤသို့ပြောကြားပါလေ။ (ဟယ်-အချင်းတို့) အသင်တို့၏ အဘများသည် လည်းကောင်း၊ သင်တို့၏ သားများသည် လည်းကောင်း၊ အသင်တို့၏ ညီသားအစ်ကိုများသည် လည်းကောင်း၊ အသင်တို့၏ ဇနီးကြင်ရာများသည်လည်းကောင်း၊ အသင်တို့၏ဆွေမျိုးသားချင်းများသည်လည်းကောင်း၊ အသင်တို့ ရှာဖွေဆည်းပူးထားကြသော ပစ္စည်းဥစ္စာများသည်လည်းကောင်း၊ အသင်တို့သည် ထိုင်းမှိုင်းသွားမည်ကို စိုးရိမ်လျက်ရှိကုန်သော ရောင်းဝယ်ဖောက်ကား မှုသည်လည်းကောင်း၊ အသင်တို့ နှစ်သက်ကုန်သော အိမ်ယာတိုက်တာ ဂေဟာများသည် လည်းကောင်း၊ အသင်တို့ထံတွင် အလ္လာဟ်အသျှင်မြတ်ထက်လည်းကောင်း၊ ထိုအသျှင်မြတ်၏ ရစူလ်တမန်တော်မြတ်ထက် လည်းကောင်း၊ ထိုအသျှင်မြတ်၏ လမ်းတော်၌ စစ်မက်ပြိုင်ဆိုင် တိုက်ခိုက်ခြင်းထက်လည်းကောင်း၊ ပိုမို၍ပင် ချစ်ခင်စုံမက် မြတ်နိုးဖွယ်ရာများ ဖြစ်ခဲ့ကြပါလျှင် အလ္လာဟ်အသျှင်မြတ်သည် (“ဟစ်ဂျ်ရတ်” မပြုလုပ်ခြင်း ၏အပြစ်ဒဏ်များနှင့် စပ်လျဉ်း၍) မိမိအမိန့်တော်ကို ထုတ်ပြန်တော်မူသည့်တိုင်အောင် အသင်တို့သည် စောင့်ဆိုင်း၍သာ နေကြကုန်လော့၊ အမှန်သော်ကား အလ္လာဟ်အသျှင်မြတ်သည် အမိန့်တော်ကိုသွေဖည်သောသူတို့အား တရားလမ်းမှန်ကို ပြသတော်မူသည်မဟုတ်ပေ။

၀၀၉ : ၂၅။ ဧကန်မလွဲ အလ္လာဟ်အသျှင်မြတ်သည် အသင်တို့အား များစွာသော စစ်မြေပြင်များ၌လည်းကောင်း၊ “ဟို့နိုင်န်” (တောင်ကြားတွင်စစ်ဖြစ်ခဲ့သော) နေ့၌လည်းကောင်း၊ ကူညီဆောင်မတော်မူခဲ့လေသည်။ ထို(ဟို့နိုင်န် တောင်ကြားတွင် စစ်ဖြစ်သော) အခါ အသင်တို့၏(စစ်သည် အရေအတွက်)များပြားမှုသည် အသင်တို့အား စိတ်ကြီးဝင် ဘဝင်မြင့် (မော်ကြွား ထောင်လွှား)စေခဲ့လေသည်။ သို့ရာတွင် ထို(အရေအတွက်) များပြားမှုသည် အသင်တို့အဖို့ လုံးဝအသုံးမဝင် ခဲ့သည်သာမက ပထဝီမြေပြင်သည်လည်း (ဤမျှ) ကျယ်ဝန်းပါလျက်နှင့်ပင် အသင်တို့အပေါ်၌ ကျဉ်းမြောင်း၍ သွားခဲ့လေတော့သည်။ ထို့နောက် အသင်တို့သည် ကျောခိုင်း၍ ထွက်ပြေးခဲ့ကြလေသတည်း။

၀၀၉ : ၂၆။ ထို့နောက် တဖန် အလ္လာဟ်အသျှင်မြတ်သည် မိမိအထံတော်မှ မိမိရစူလ်တမန်တော်၏ အပေါ်၌ လည်းကောင်း၊ “မုအ်မင်န်”သက်ဝင်ယုံကြည်သူတို့ အပေါ်၌လည်းကောင်း၊ စိတ်တည်ငြိမ်မှုကို ချပေးသနားတော်မူခဲ့လေသည်။ ၎င်းပြင် ထိုအသျှင်မြတ်သည် အသင်တို့မမြင်နိုင်သော စစ်သည်ရဲမက် တို့ကိုလည်း စေလွှတ်ပေးတော်မူခဲ့လေသည်။ ထို့ပြင် ထိုအသျှင်မြတ်သည် “ကာဖိရ်” မယုံမကြည် သွေဖည် ငြင်းပယ်သောသူတို့အား ပြစ်ဒဏ်ပေးတော်မူခဲ့လေသည်။ အမှန်သော်ကား ဤသည်သာလျှင် “ကာဖိရ်” မယုံမကြည်သွေဖည် ငြင်းပယ်သောသူတို့၏ အကျိုးပင်တည်း။

၀၀၉ : ၂၇။ ထို့နောက်တဖန် အလ္လာဟ်အသျှင်မြတ်သည် မိမိအလိုရှိတော်မူသော သူ၏ဘက်သို့ ကရုဏာတော်နှင့် လှည့်တော်မူအ့ံ။ စင်စစ်တမူကား အလ္လာဟ် အသျှင်မြတ်သည် အလွန်တရာ လွတ်ငြိမ်းချမ်းသာခွင့် ပေးသနားတော်မူသောအသျှင်၊ အလွန်တရာသနားကြင်နာ ညှာတာတော်မူသောအသျှင်၊ ဖြစ်တော်မူ ပေသတည်း။

၀၀၉ : ၂၈။ အို-“မုအ်မင်န်” သက်ဝင်ယုံကြည်သူအပေါင်းတို့။ မွရှ်ရစ်က်တို့ကား ညစ်ညမ်းသောသူများသာ ဖြစ်ကြကုန်၏။ သို့ဖြစ်ပေရာ ၎င်းတို့သည် ဤနှစ် ကုန်ဆုံးပြီးလျှင် “မတ်စ်ဂျိဒေဟရာမ်” ထူးမြတ်သော ဗလီကျောင်းတော်၏ အပါးသို့ပင် ချဉ်းကပ်ခြင်း မပြုကြရချေ။ ၎င်းပြင် အကယ်၍ အသင်တို့သည် ဆင်းရဲနွမ်းပါးမှုကို စိုးရိမ်ကြပါလျှင်၊ အလ္လာဟ်အသျှင်မြတ်သည် အလိုရှိတော်မူပါက မကြာမြင့်မီ အတွင်း အသင်တို့အား မိမိကျေးဇူးတော်ဖြင့် ဥစ္စာပစ္စည်း ကုံလုံကြွယ်ဝ ပြည့်စုံစေတော်မူအံ့။ ဧကန်စင်စစ် အလ္လာဟ်အသျှင်မြတ်သည် အလုံးစုံကိုအကြွင်းမဲ့ သိတော်မူသောအသျှင်၊ ဉာဏ်အမြော်အမြင်နှင့် ပြည့်စုံတော်မူသော အသျှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။

၀၀၉ : ၂၉။ (အို-မုအ်မင်န် သက်ဝင်ယုံကြည်သူအပေါင်း တို့) အသင်တို့သည် အတိတ်ခေတ် ကျမ်းဂန်ရရှိသော သူတို့ကို (မိမိတို့၏)လက်ဖြင့်အောက်ကြို့၍ လူခွန် တော်ကို ကြည်ဖြူစွာ ဆက်သခြင်း မပြုသမျှ ကာလပတ်လုံး တိုက်ခိုက်ကြလေကုန်။ ထိုသူတို့သည် အလ္လာဟ်အသျှင်မြတ်ကိုလည်း ယုံကြည်ကြသည် မဟုတ်ပေ။ နောက်ဆုံးနေ့ကိုလညး် ယုံကြည်ကြသည် မဟုတ်ချေ။ ထို့ပြင် ယင်းသူတို့သည် အလ္လာဟ်အသျှင်မြတ်ကလည်းကောင်း၊ ထိုအသျှင်မြတ်၏ ရစူလ်တမန်တော်ကလည်းကောင်း၊ “ဟရာမ်” ဟူ၍တားမြစ်ထားတော်မူသောအရာများကို “ဟရာမ်” တားမြစ်ထားသောအရာဟူ၍ မယူဆကြချေ။ ထိုနည်း တူစွာ ၎င်းတို့သည် မှန်ကန်သော(အစ္စလာမ်) သာသနာတော်ကိုလည်း ယုံကြည်လက်ခံခြင်းမပြုကြချေ။

၀၀၉ : ၃၀။ စင်စစ်သော်ကား ယဟူဒီတို့က ““အုဇိုင်ရ်”” သည် အလ္လာဟ်အသျှင်မြတ်၏ သားတော်ဖြစ်သည်ဟူ၍ ပြောဆိုခဲ့ကြလေသည်။ နဆွ်ရာနီတို့ကလည်း ““မစီဟ်”” သည် အလ္လာဟ်အသျှင်မြတ်၏ သားတော်ဖြစ်သည် ဟူ၍ ပြောဆိုခဲ့ကြလေသည်။ ဤသည်ကား ၎င်းတို့ မိမိတို့နှုတ်ဖြင့် ပြောဆိုကြသော (အခြေအနေ ကင်းမဲ့သည့်) စကားမျှသာ ဖြစ်ချေသတည်း။ ၎င်းတို့သည် (မိမိတို့) အလျင် ရှေးအထက်ကျော်ကာလ၌ ရှိခဲ့ကြသော ကာဖိရ် ယုံကြည်မှု ကင်းမဲ့သောသူတို့၏ ပြောဆိုမှုကိုလိုက်၍ တုခဲ့ကြလေသည်။ အလ္လာဟ်အသျှင်မြတ်သည် ၎င်းတို့အား ဖျက်ဆီးတော်မူပါစေသတည်း။ ၎င်းတို့သည် (အမှန်ကိုပယ်၍ အမှားဘက်သို့) အသို့လျှင် ပြန်လှည့်သွားကြသနည်း။ ကြည့်-(ကုရ်အာန် ၅း ၇၅)။

၀၀၉ : ၃၁။ ထိုသူတို့သည် မိမိတို့၏ ဓမ္မဆရာတို့ကိုလည်းကောင်း၊ ဘုန်းကြီး ရဟန်းတို့ကိုလည်းကောင်း၊ “မရ်ယမ်” ၏သားတော် “မစီဟ်”ကိုလည်းကောင်း၊ အလ္လာဟ်အသျှင်မြတ်အား စွန့်၍ (မိမိတို့၏)အသျှင် သခင်များ ပြုလုပ်ထားခဲ့ကြလေသည်။ အမှန်စင်စစ်သော်ကား ထိုသူတို့သည် တဆူတည်းသော ကိုးကွယ် ရာ အသျှင်မြတ်အားသာလျှင် ခဝပ်ကိုးကွယ်ရန် အမိန့်ပေးတော်မူခြင်းကို ခံခဲ့ကြရလေသည်။ ထို(တဆူ တည်းသော) အသျှင်မြတ်မှတပါး အခြားခဝပ်ကိုးကွယ် ရာအသျှင်ဟူ၍ အလျှင်းမရှိပြီ။ ထိုအသျှင်မြတ်သည် ၎င်းတို့တွဲဘက်နှိုင်းယှဉ်(ကိုးကွယ်) ကြသည်တို့မှ (လုံးဝ) သန့်ရှင်းစင်ကြယ်တော်မူချေသတည်း။

၀၀၉ : ၃၂။ ၎င်းတို့သည် အလ္လာဟ်အသျှင်မြတ်၏ ရောင်ခြည်တော်ကို မိမိတို့၏ပါးစပ်များဖြင့် ငြိမ်းစေလိုကြကုန်၏။ သို့ရာတွင်မူကား အလ္လာဟ်အသျှင် မြတ်သည် ““ကာဖိရ်”” မယုံကြည် သွေဖည်ငြင်းပယ်သောသူတို့က မနှစ်မြို့ကြသော်လည်း မိမိ၏ ရောင်ခြည်တော်ကို ပြည့်ဝစုံလင်စေတော်မူခြင်းမှတပါး (အခြား) မည်သည့်တစုံတရာကိုမျှ သဘောတူတော်မူသည် မဟုတ်ပေ။

၀၀၉ : ၃၃။ ထို(အလ္လာဟ်)အသျှင်မြတ်သည် အကြင် အသျှင်မြတ်ပင် ဖြစ်တော်မူ၏။ ထိုအသျှင်မြတ်သည် “မွတ်ရှ်ရစ်က်” များက မနှစ်သက်ကြသော်လည်း မိမိ ရစူလ်တမန်တော်အား ဘာသာသာသနာ အားလုံးတို့ အပေါ်ဝယ် လွှမ်းမိုးစေခြင်းငှာ တရားဓမ္မနှင့်အတူ လည်းကောင်း၊ မှန််ကန်သော “ဒီန်” သာသနာနှင့်အတူ လည်းကောင်း၊ စေလွှတ်တော်မူခဲ့လေသတည်း။

၀၀၉ : ၃၄။ အို-“မုအ်မင်န်” သက်ဝင်ယုံကြည်သူအပေါင်းတို့၊ ဧကန်စင်စစ် များစွာသော (ယဟူဒီ၊ နဆွ်ရာနီ) ဓမ္မဆရာများသည်လည်းကောင်း၊ ဘုန်းကြီးရဟန်းများသည် လည်းကောင်း၊ လူတို့၏ဥစ္စာပစ္စည်းများကို မတရားသောနည်းဖြင့် စားသုံးကြကုန်၏။ ၎င်းပြင် ထိုသူတို့သည်(လူတို့အား) အလ္လာဟ်အသျှင်မြတ်၏ လမ်းတော်မှ ပိတ်ပင်တားဆီးကြကုန်၏။ ထို့အပြင် အကြင်သူတို့သည် ရွှေ၊ ငွေ၊ (ရတနာပစ္စည်း) များကို စုဆောင်းသိုမှီး၍ ထားရှိကြကုန်၏။ သို့ရာတွင် ထိုသူတို့သည် ၎င်း (ရွှေ၊ ငွေ၊ ရတနာများ) ကို အလ္လာဟ်အသျှင်မြတ်၏ လမ်းတော်၌ သုံးစွဲကြသည်မဟုတ်ပေ။ (အို-နဗီတမန်တော်) အသင်သည် ထိုသူတို့အား နာကျင်ဖွယ်ဖြစ်သော ပြစ်ဒဏ်ကို ခံကြရမည့်အကြောင်း သတင်းကောင်း ပြောကြားပါလေ။

၀၀၉ : ၃၅။ (ယင်းပြစ်ဒဏ်သည် ၎င်းတို့၌ အကြင်နေ့တွင် ကျရောက်အ့ံ)။ ထိုနေ့တွင် ယင်း ရွှေ၊ ငွေ (ရတနာများ) သည် “ဂျဟန္နမ်” ငရဲမီးတွင်ဖုတ်မြှိုက်ခြင်းခံရအံ့။ ထို့နောက် ထိုသူတို့၏ နဖူးများ(သည်လည်းကောင်း၊) ထိုသူတို့၏နံဘေးများ(သည်လည်းကောင်း၊) ထိုသူတို့၏ ကျောက်ကုန်းများ(သည်လည်းကောင်း၊) ယင်း (မီးဖုတ်ထားပြီးဖြစ်သော) ရွှေငွေဖြင့် တံဆိပ်ခတ်နှိပ်ခြင်းကို ခံကြရလတ်္တံ့။(တနည်း) ထို့နောက် ထိုသူတို့၏ နဖူး၊ နံဘေးနှင့် ထိုသူတို့၏ကျောက်ကုန်း တို့သည် ယင်း(မီးဖုတ်ပြီးဖြစ်သော)ရွှေ၊ ငွေဖြင့်တံဆိပ်ခတ်နှိပ်ခြင်းကို ခံကြရလတ်္တံ့။(ထို့ပြင် ၎င်းတို့အား ပြစ်ဒဏ်ပေးသော “မလာအီကဟ်” ကောင်းကင်တမန်တို့က) ““ ဤကားအသင်တို့သည် မိမိတို့အဖို့ သိုမှီးသိမ်းဆည်း၍ ထားရှိခဲ့ကြသည့် ရတနာ)များပင်တည်း။ သို့ဖြစ်ပေရာ (ယခုသော်ကား) အသင်တို့သည် မိမိတို့ သိုမှီးသိမ်းဆည်းခြင်း(၏ပြစ်ဒဏ်)ကို မြည်းစမ်းကြလေကုန်”” (ဟု ပြောဆိုကြကုန်အ့ံသတည်း)။

၀၀၉ : ၃၆။ ဧကန်စင်စစ် လများ၏အရေအတွက်သည် အလ္လာဟ်အသျှင်မြတ်၏ အထံတော်တွင် အလ္လာဟ်အသျှင်မြတ်၏ ကျမ်းတော်၌လာရှိသည့်အတိုင်း မိုးကောင်းကင်များနှင့် ပထဝီမြေကို ထိုအသျှင်မြတ် ဖန်ဆင်းတော်မူသည့်နေ့မှစ၍ ဆယ့်နှစ်လမျှသာ ဖြစ်ချေသည်။ ၎င်း(ဆယ့်နှစ်လ) အနက်မှ လေးလသည် ထူးမြတ်သောလများပင် ဖြစ်ကြပေသည်။ ဤသည် ဖြောင့်မတ် မှန်ကန်သော “ဒီန်” သာသနာတော်က (ညွှန်ကြားပြသသောလမ်းစဉ်)ပင် ဖြစ်လေသည်။ သို့ဖြစ်ပေရာ အသင်တို့သည် ၎င်း(လများ)နှင့စ် ပ်လျဉ်း၍ မိမိတို့ကိုယ်ကို နှိပ်စက်ကလူ မပြုကြကုန်လင့်။ ၎င်းပြင် အသင်တို့သည် “မွတ်ရှ်ရစ်က်” အားလုံးတို့ကို ၎င်းတို့သည်အသင်တို့ အားလုံးတို့အား တိုက်ခိုက်ကြသကဲ့သို့ပင် တိုက်ခိုက်ကြလေကုန်။ ထို့ပြင် ဧကန်စင်စစ် အလ္လာဟ်အသျှင်မြတ်သည် သူတော်စင် အပေါင်းတို့နှင့်အတူ ရှိတော်မူကြောင်း အသင်တို့သည် ကောင်းစွာ မှတ်ယူကြလေကုန်။

၀၀၉ : ၃၇။ လများကို ရွှေ့ဆိုင်းခြင်းသည် “ကုဖ်ရ်” သွေဖည် ငြင်းပယ်မှု၌ တိုးတက်ခြင်းသာဖြစ်၏။ ယင်း(ကဲ့သို့) ရွှေ့ဆိုင်းထားခြင်းအားဖြင့်“ကာဖိရ်” မယုံကြည် သွေ ဖည်ငြင်းပယ်သောသူတို့သည် လမ်းမှားသို့ ရောက်စေခြင်းကို ခံကြရလေသည်။ ၎င်းတို့သည် အလ္လာဟ်အသျှင်မြတ်က “ဟရာမ်” ဟူ၍ တားမြစ်တော်မူခဲ့သော (လများ၏)အရေအတွက်နှင့် ကိုက်ညီစေခြင်းငှာ ယင်း ရွှေ့ဆိုင်းထားသောလကို တနှစ် “ဟလာလ်” ပြုလုပ်၍ နောက်တနှစ်တွင်မူ “ဟရာမ်” ဟူ၍ ပြုလုပ်ကြလေသည်။ သို့အားဖြင့် ၎င်းတို့သည် အလ္လာဟ်အသျှင်မြတ်က “ဟရာမ”်ဟူ၍ တားမြစ်တော်မူခဲ့သည့်(လ)ကို “ဟလာလ်” ပြုကြကုန်သည်။ ၎င်းတို့၏မကောင်းမှုများသည် ၎င်းတို့ (၏အမြင်) ၌ လှပတင့်တယ်စွာ ရှိနေကြချေပြီ၊ အမှန်စင်စစ်သော်ကား အလ္လာဟ်အသျှင်မြတ်သည် “ကာဖိရ်” မယုံကြည် သွေဖည်ငြင်းပယ်သော သူတို့အားတရားလမ်းမှန်ကိုပြတော်မူသည်မဟုတ်ပေ။

၀၀၉ : ၃၈။ အို-မုအ်မင်န် သက်ဝင်ယုံကြည်သူအပေါင်းတို့၊ အသင်တို့သည် မိမိတို့အား “အလ္လာဟ်အသျှင်မြတ်၏ လမ်းတော်၌(စစ်မက်ပြိုင်ဆိုင်တိုက်ခိုက်ရန်) ထွက်ကြ လေကုန်” ဟု ပြောဆိုသောအခါ အသင်တို့သည် မည်သည့်အတွက်ကြောင့် မြေကြီးဘက်သို့လေးလံစွာ ထိုင်နေကြကုန်သတည်း။(၀ါ)လေးလံသွားကြသနည်း)။ အသင်တို့သည် (ဤ)မျက်မှောက် လောကီဘဝ၏ (စည်းစိမ်ချမ်းသာများ)ကို နောင်တမလွန်ဘဝ၏ (စည်းစိမ်ချမ်းသာများ) ထက်နှစ်သက်ကြလေပြီလော။ သို့ဖြစ်ပါမူ (ဤ) ပစ္စက္ခမျက်မှောက်ဘဝ၏ စည်းစိမ်ချမ်းသာသည် နောင်တမလွန်ဘဝ၏ (စည်းစိမ်ချမ်းသာ) နှင့်နှိုင်းလျှင် အနည်းငယ်မျှသာ ဖြစ်ကြောင်း၊ (အသင်တို့သည် ကောင်းစွာမှတ်ယူကြ လေကုန်)။

၀၀၉ : ၃၉။ အကယ်၍ အသင်တို့သည် (အလ္လာဟ်အသျှင် မြတ်၏လမ်းတော်၌ စစ်မက်ပြိုင်ဆိုင် တိုက်ခိုက်ရန်) မထွက်ကြပါလျှင်၊ ထိုအသျှင်မြတ်သည် အသင်တို့အား နာကျင်ဖွယ်ဖြစ်သော ပြစ်ဒဏ်ကို ပေးတော်မူအံ့။ ထိုမှတပါးလည်း ထိုအသျှင်မြတ်သည် အသင်တို့အစား အခြားလူမျိုးတမျိုးကို လဲလှယ် (ဖန်ဆင်း) တော်မူအံ့၊ ထို့ပြင် အသင်တို့သည် ထိုအသျှင်မြတ်အား အနည်းငယ် စိုးစဉ်းမျှလည်း အကျိုးယုတ်စေနိုင်ကြမည် မဟုတ်ပေ။ စင်စစ်သော်ကား အလ္လာဟ်အသျှင်မြတ်သည် အရာခပ်သိမ်းတို့ကို ပြုစွမ်းနိုင်တော်မူသော အသျှင်မြတ် ဖြစ်တော်မူပေသတည်း။

၀၀၉ : ၄၀။ အကယ်၍ အသင်တို့သည် ထို(နဗီတမန်တော်) အား မကူညီမယိုင်းပင်းကြပါလျှင် မုချဧကန် အလ္လာဟ်အသျှင်မြတ်သည်ထို(နဗီတမန်တော်)ကို ““ကာဖိရ်”” မယုံမကြည် သွေဖည်ငြင်းပယ်သောသူများက ၎င်းအား (မက္ကာမြို့မှ) နှင်ထုတ်ကြစဉ် ၎င်း(နဗီတမန်တော်)သည် နှစ်ယောက်အနက် ဒုတိယဖြစ်ခဲ့စဉ် ၎င်းတို့ နှစ်ဦးဂူထဲ၌ ရှိနေကြစဉ် ထိုတမန်တော်က မိမိအဖော်အား ““အသင်မပူပါလေနှင့်၊ မုချဧကန် အလ္လာဟ်အသျှင်မြတ်သည် ငါတို့နှင့်အတူ ရှိတော်မူသည်”” ဟု ပြောဆို၍ ရှိနေစဉ် ကူညီမိုင်းမတော်မူခဲ့လေသည်။ ထိုအချိန်အခါဝယ် အလ္လာဟ်အသျှင်မြတ်သည် မိမိထံတော်မှ (စိတ်) တည်ငြိမ်မှုကို ၎င်း(နဗီတမန်တော်) ၏ အပေါ်၌ချပေးသနားတော်မူခဲ့၏။ ထိုမှတပါးလည်း ၎င်း(နဗီတမန်တော်) အား အသင်တို့မမြင်ခဲ့ကြရသော စစ်သည်ဗိုလ်ခြေများဖြင့် ကူညီအားပေး ထောက်မတော် မူခဲ့လေ၏။ ထို့ပြင် ထိုအသျှင်မြတ်သည် ““ကာဖိရ်”” မယုံမကြည် သွေဖည်ငြင်းပယ်သော သူတို့၏စကားကို နိမ့်ကျစေတော်မူခဲ့လေ၏။ သို့ရာတွင် အလ္လာဟ်အသျှင်မြတ်၏ စကားတော်မှာမူကား အမြင့်ဆုံး အထက်ဆုံး ဖြစ်ခဲ့ချေသည်။ အမှန်သော်ကား အလ္လာဟ်အသျှင်မြတ်သည် အလွန်တန်ခိုးကြီးမားတော်မူသော အသျှင်၊ နက်နဲသိမ်မွေ့သော ဉဏ်အမြော်အမြင်နှင့် ပြည့်စုံတော်မူသော အသျှင်မြတ်ပင် ဖြစ်တော်မူပေသည်။

၀၀၉ : ၄၁။ အသင်တို့သည် ပေါ့ပါးစွာ လည်းကောင်း၊ လေးလံစွာ လည်းကောင်း၊ (သန်စွမ်းသည်ဖြစ်စေ၊ မသန်စွမ်းသည်ဖြစ်စေ၊ ဝဖြိုးသည်ဖြစ်စေ၊ ပိန်ချုံး သည်ဖြစ်စေ၊ နုပျိုသည်ဖြစ်စေ၊ အိုမင်းသည်ဖြစ်စေ၊ ရွှင်လန်းသည်ဖြစ်စေ၊ ပျင်းရိသည်ဖြစ်စေ၊ ဥစ္စာပစ္စည်းကြွယ်ဝချမ်းသာသည်ဖြစ်စေ၊ ဆင်းရဲ နွမ်းပါးသည်ဖြစ်စေ၊ ခရီးသွားရန် အစီးအနင်းရှိသည် ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ အားလပ်ခွင့်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ) မိမိတို့အိမ်များမှ (စစ်ချီ) ထွက်ကြ၍အလ္လာဟ်အသျှင်မြတ်၏လမ်းတော်၌ မိမိတို့၏ ဥစ္စာပစ္စည်းများဖြင့်လည်းကောင်း၊ မိမိတို့၏အသက်ဇီဝိန် များဖြင့်လည်းကောင်း၊ စစ်မက်ပြိုင်ဆိုင် တိုက်ခိုက်ကြလေကုန်။ ဤသည် အကယ်၍ အသင်တို့ သိတတ်ကြပါလျှင် အသင်တို့အဖို့ အကောင်းဆုံးပင် ဖြစ်ပေသတည်း။

၀၀၉ : ၄၂။ အကယ်၍သာ ပစ္စည်းဥစ္စာ တစုံတရာကို ရုတ်တရက် လွယ်ကူစွာ ရရှိမည်ဖြစ်သည့်ပြင် (ခရီးသည်လည်း) မနီးမဝေး အလယ်အလတ်ခရီးပင်ဖြစ်ခဲ့မူ၊ ၎င်းတို့သည် အသင်၏နောက်သို့ အမှန်ပင် လိုက်ခဲ့ကြမည်သာတည်း။ သို့ရာတွင် (ယခုသော်ကား) ၎င်းတို့(အမြင်)၌ခရီးသည် ကမ်းလှမ်းဝေးကွာ၍ ရှိနေခဲ့ပေရာ ၎င်းတို့သည် အသင်၏ နောက်သို့ မလိုက်ပဲ နေရစ်ခဲ့ကြလေသည်။ ထိုမှတပါး မကြာမြင့်မီ ၎င်းတို့သည် (အသင်တို့ရှေ့ဝယ်) ““အကယ်၍သာ ကျွနု်ပ်တို့သည် တတ်စွမ်းနိုင်ခဲ့ကြလျှင် အသင်တို့နှင့်အတူ ထွက်ခဲ့ကြမည် အမှန်ပင်”” ဟု အလ္လာဟ်အသျှင်မြတ်အား တိုင်တည်၍ ပြောဆိုကြဦးမည်ဖြစ်သည်။ ၎င်းတို့သည် မိမိတို့ကိုယ်ကိုသာ ဖျက်ဆီးလျက် ရှိကြပေသည်။ အမှန်စင်စစ်မှာမူကား အလ္လာဟ်အသျှင်မြတ်သည် ၎င်းတို့မုသာဝါဒီများ ဖြစ်ကြောင်းကို ကောင်းစွာ သိရှိတော်မူပေသတည်း။ (တနည်း)အကယ်၍သာ အလွယ်တကူ ဥစ္စာပစ္စည်း တစုံတရာ ရရှိမည်ဖြစ်သော် သွားလာရမည့် ခရီးသည်လည်း သာမန်သာ ဖြစ်သော်ယင်း(မုနာဖစ်က်) တို့သည် ဧကန်မုချ အသင်နှင့်အတူတကွ လိုက်ခဲ့ကြမည်ဖြစ်သည်။ သို့ရာတွင် (ယခုမူ) ခရီးသည်တို့ (အမြင်) ၌ဝေးကွာကမ်းလှမ်း၍ နေချေ၏။ (ထို့အတွက်ကြောင့်ပင် ၎င်းတို့သည် စစ်ပွဲသို့ မလိုက်ပါပဲ နောက်တွင် ထိုင်နေခဲ့ကြ၏။) မကြာမြင့်မီ (အသင် မုစ်လင်မ်တို့ စစ်ပွဲမှ ပြန်လာကြသောအခါ) ယင်း(မုနာဖစ်က်)တို့သည် (အသင်တို့ရှေ့ဝယ် အလ္လာဟ်အသျှင်မြတ်အား တိုင်တည်၍) ““အကယ်၍ ကျွန်ုပ်တို့သည် တတ်စွမ်းနိုင် ခဲ့ကြပါလျှင် အသင်တို့နှင့်အတူ မုချ ထွက်ခဲ့ကြမည်သာဖြစ်ပါသည်”” ဟု ပြောဆိုကြဦးမည် ဖြစ်သည်။ ယင်း(မုနာဖစ်က်) များသည် မိမိတို့ကိုယ်ကိုသာ ဖျက်ဆီးလျက် ရှိကြကုန်၏။ ၎င်းပြင် အလ္လာဟ်အသျှင်မြတ်သည် ယင်း(မုနာဖစ်က်)များ မုချဧကန် မုသားပြောဆိုသူများ ဖြစ်ကြသည်ကို ကောင်းစွာ သိရှိတော်မူသည်။

၀၀၉ : ၄၃။ (အို-နဗီတမန်တော်) အလ္လာဟ်အသျှင်မြတ်သည် အသင့်အား ခွင့်လွှတ်တော်မူခဲ့ချေပြီ။ (သို့ရာတွင်) အသင့်အဖို့ (ထိုသူတို့အနက်) မှန်ကန်စွာ ပြောဆိုသော သူတို့သည် ထင်ရှားခြင်း မရှိသေးမီ လည်းကောင်း၊ (ထိုသူတို့အနက်မှ) မုသာဝါဒီများကို အသင်မသိသေးမီလည်းကောင်း၊ အသင်သည် မည်သည့်အတွက် ထိုသူတို့အား (စစ်ချီတက်ရာသို့ မလိုက်ပဲ နေရစ်ခဲ့ကြရန်) ခွင့်ပြုခဲ့ပါသနည်း။

၀၀၉ : ၄၄။ အလ္လာဟ်အသျှင်မြတ်နှင့် နောက်ဆုံးနေ့ကို သက်ဝင်ယုံကြည်သော သူတို့ကား၊ မိမိတို့၏ ဥစ္စာပစ္စည်းများဖြင့်လည်းကောင်း၊ မိမိတို့၏အသက်ဇီဝိန် များဖြင့်လည်းကောင်း၊ စစ်မက်ပြိုင်ဆိုင် တိုက်ခိုက်ခြင်းမှ ထိုင်နေကြရန် (မည်သည့်အခါ၌မျှ) အသင့်ထံ ခွင့်ပန်ကြမည်မဟုတ်ပေ။ စင်စစ်သော်ကား အလ္လာဟ်အသျှင်မြတ်သည် ပြစ်မှုဒုစရိုက်များမှ ကြဉ်ရှောင်ကြကုန်သော သူတော်စင်တို့အား ကောင်းစွာ သိရှိတော်မူသောအသျှင် ဖြစ်တော်မူပေသတည်း။

၀၀၉ : ၄၅။ အကြင်သူတို့သည်သာလျှင် အသင့်ထံ ခွင့်ပန်ကြကုန်၏။ ထိုသူတို့သည် အလ္လာဟ်အသျှင်မြတ်ကို လည်းကောင်း၊ နောက်ဆုံးနေ့ကို လည်းကောင်း၊ မယုံကြည်ကြသည့်ပြင် ၎င်းတို့၏စိတ်နှလုံးများသည်လည်း (အစ္စလာမ်နှင့်စပ်လျဉ်း၍) ဒွိဟသံသယဖြစ် လျက်ရှိကြကုန်သည်။ သို့ဖြစ်ပေရာ ၎င်းတို့သည် မိမိတို့၏ ဒွိဟသံသယ၌ပင် တဝဲလည်လည်ဖြစ်လျက် ရှိကြကုန်သတည်း။

၀၀၉ : ၄၆။ စင်စစ်တမူကား အကယ်၍သာ ၎င်းတို့သည် (အသင်တို့နှင့်အတူ စစ်တလင်းသို့) ထွက်ကြရန် ရည်စူးခဲ့ကြပါလျင်၊ မုချဧကန် ၎င်းတို့သည် ထွက်ရန် အလို့ငှာ တစုံတရာပြင်ဆင်မှု အသင့်ပြုလုပ် ထားရှိကြပေမည်။ သို့ရာတွင် အလ္လာဟ်အသျှင်မြတ်သည် ၎င်းတို့(စစ်တလင်းသို့ လိုက်ပါ) သွားခြင်းကို မနှစ်မြို့တော်မူခဲ့ချေ။ သို့ဖြစ်ပေရာ ထိုအသျှင်မြတ်သည် ၎င်းတို့အား နေမြဲ နေစေတော်မူခဲ့လေသည်။ ၎င်းပြင် (အလ္လာဟ်အသျှင်မြတ်အထံတော်မှ ထိုသူတို့အား) ““အသင်တို့သည် ကျန်ရစ်ခဲ့သော သူတို့နှင့်အတူ၊ ထိုင်၍ပင် ကျန်ရစ်ခဲ့ကြလေကုန်””ဟု အမိန့်ရှိခဲ့လေသတည်း။

၀၀၉ : ၄၇။ အကယ်၍ ထိုသူတို့သည် အသင်တို့တွင် ပါဝင်၍ ထွက်ခဲ့ကြသည်ရှိသော် ၎င်းတို့သည် ပျက်စီးရာ ပျက်စီးကြောင်းမှအပ အသင်တို့၌မည်သည့် တစုံတရာကိုမျှ တိုးပွားစေခဲ့ကြမည် မဟုတ်ပေ။ ၎င်းပြင် ဧကန်မုချ ထိုသူတို့သည် အသင်တို့အကြား တွင်အနှောင့်အယှက်ဖြစ်စေရန် လူးလာပြန်ခတ် သွားချေလာချေ ပြုလုပ်ကြမည်သာတည်း။ ထို့ပြင် (ယခုလည်း) အသင်တို့တွင် ၎င်းတို့၏သတင်းထောက်လှမ်းသူများ(သူလျှိုများ) ရှိကြကုန်၏။ စင်စစ်သော် ကား အလ္လာဟ်အသျှင်မြတ်သည် မတရားမှုပြုသော သူတို့အား ကောင်းစွာသိရှိတော်မူပေသတည်း။

၀၀၉ : ၄၈။ ဧကန်စင်စစ် ၎င်းတို့သည် ယခင်ကလည်း (အသင်တို့အား အုဟုဒ် အစရှိသော စစ်ပွဲများတွင်) အနှောင့်အယှက်ဖြစ်စေခဲ့ကြလေသည်။ ထို့ပြင် ၎င်းတို့သည် (အသင်၏အရေးကိစ္စများကို ကပြောင်းကပြန် ပြုလုပ်ခဲ့ကြလေသည်။) နောက်ဆုံးတွင်မူ ၎င်းတို့မနှစ်မြို့ကြသော်လည်း အမှန်တရားသည် ရောက်လာခဲ့လေ သည်။ အလ္လာဟ်အသျှင်မြတ်၏ အမိန့်တော်သည်လည်း ထင်ရှားလာခဲ့လေသတည်း။

၀၀၉ : ၄၉။ ၎င်းပြင် ထို(ကျန်ရစ်ခဲ့)သူ (မုနာဖစ်က်) တို့ တွင် ““ကျွနု်ပ်အား (စစ်တလင်းသို့ မလိုက်ပါပဲ အိမ်တွင် နေရစ်ခဲ့ရန်) ခွင့်ပေးပါ၊ ထို့ပြင်အသင်သည် ကျွနု်ပ်အား မဖျက်ဆီးပါနှင့်”” ဟူ၍ ပြောဆိုသူလည်း ရှိပေသေး၏။၎င်းတို့သည် ပျက်စီးမှု၌ ကျဆင်းခဲ့ပြီး ဖြစ်ကြသည်ကို(အသင်တို့သည်) ကောင်းစွာမှတ်ယူ ကြလေကုန်။ ထိုမှတပါး (နောင်တမလွန်ဘဝတွင်လည်း) ဂျဟန္နမ်ငရဲဘုံသည် ၎င်းတို့အား ဝန်းရံလျက် ရှိချေအံ့သတည်း။

၀၀၉ : ၅၀။ အကယ်၍ အသင့်၌ ကောင်းမွန်သောအခြေအနေ တစုံတရာ ဆိုက်ရောက်သည်ရှိသော် ထိုကောင်းမွန်သော အခြေအနေသည် ၎င်းတို့အား ပူပင်သောက ဖြစ်စေ၏။ သို့ရာတွင် အကယ်၍ အသင်၌ ဘေးအန္တရာယ် တစုံတရာ ဆိုက်ရောက်သည်ရှိမူ၊ ၎င်းတို့က““ဧကန်စင်စစ် ကျွနု်ပ်တို့သည် မိမိတို့၏ အရေးကိစ္စကို ယခင်ကပင်တင်ကူး၍ စီမံခဲ့ပြီးဖြစ်သည်”” ဟု ပြောဆိုကာ ဝမ်းမြောက်ပျော်ရွှင်စွာ ပြန်လှည့်သွားလေ့ ရှိကြကုန်သတည်း။

၀၀၉ : ၅၁။ (အို-နဗီတမန်တော်) အသင်သည် (၎င်းတို့ အား ဤသို့)ပြောကြားပါလေ။ အလ္လာဟ်အသျှင်မြတ်က အကျွနု်ပ်တို့နှင့် ပတ်သက်၍ စီရင်ရေးသားတော် မူခဲ့သည့်မှအပ အခြားမည်သည့် တစုံတရာမျှ အကျွနု်ပ်တို့၌ အလျင်း ဆိုက်ရောက်နိုင်မည် မဟုတ်ပေ။ ထိုအသျှင်မြတ်သည် အကျွနု်ပ်တို့၏ အသျှင်သခင် ဖြစ်တော်မူသည်။ သို့ဖြစ်ပေရာ ““မုအ်မင်န်”” သက်ဝင်ယုံကြည်သောသူတို့သည် ထိုအသျှင်မြတ် အပေါ်၌သာလျှင် ယုံကြည်စိတ်ချ လွှဲအပ်ကြရာ ကုန်သတည်း။

၀၀၉ : ၅၂။ (အို-နဗီတမန်တော်) အသင်သည် (၎င်းတို့အား ဤသို့)ပြောကြားပါလေ။ ဟယ်-(အချင်းတို့) အသင်တို့သည် အကျွနု်ပ်တို့နှင့်ပတ်သက်၍ ကောင်းမြတ်သော အကြောင်းအရာနှစ်ခုအနက် တခုမှတပါး အခြားတစုံတရာကို စောင့်မျှော်၍ နေကြသလော။ စင်စစ်သော်ကား အကျွနု်ပ်တို့သည် အသင်တို့နှင့် ပတ်သက်၍ အလ္လာဟ်အသျှင်မြတ်သည် မိမိအထံတော်မှဖြစ်စေ၊ အကျွနု်ပ်တို့၏ လက်များဖြင့်ဖြစ်စေ၊ အသင်တို့၌ ပြစ်ဒဏ်တစုံတရာကို သက်ရောက်စေတော်မူရန် စောင့်မျှော်လျက် ရှိကြပေသည်။ သို့ဖြစ်ပေရာ အသင်တို့သည် စောင့်မျှော်၍ နေကြလေကုန်။ အကျွနု်ပ်တို့သည်လည်း (မိမိတို့အနေနှင့်) အသင်တို့နှင့်အတူ စောင့်မျှော်လျက်ပင် ရှိကြပေသည်။

၀၀၉ : ၅၃။ (အို-နဗီတမန်တော်) အသင်သည် (၎င်းမုနာ ဖစ်က်တို့အား ဤသို့)ပြောကြားပါဦးလေ။ အသင်တို့သည် သဒ်္ဓါကြည်ဖြူစွာဖြစ်စေ၊ သို့တည်းမဟုတ် သဒ်္ဓါကြည်ဖြူခြင်း မရှိပဲလျက်ဖြစ်စေ၊ ပေးကမ်းသုံးစွဲ ကြလေကုန်။ (သို့ရာတွင်) ထိုသုံးစွဲမှုသည် (အလ္လာဟ်အသျှင်မြတ်ထံတော်၌) အသင်တို့ထံမှ သဘောတူတော် မူခြင်းကို အလျင်းခံရလိမ့်မည်မဟုတ်ပေ။ အကြောင်းသော်ကား အသင်တို့သည် (အမိန့်တော်ကို) သွေဖည် ငြင်းပယ်သောသူများ ဖြစ်ကြသောကြောင့်ပင်တည်း။

၀၀၉ : ၅၄။ စင်စစ်သော်ကား ယင်း(မုနာဖစ်က်)တို့ထံမှ ၎င်းတို့၏ အလှူပစ္စည်းများကို သဘောတူလက်ခံတော်မူခြင်းမှ အလ္လာဟ်အသျှင်မြတ်နှင့် ထိုအသျှင်မြတ်၏ ရစူလ်တမန်တော်အား ၎င်းတို့၏သွေဖည်ခြင်းမှအပါး အခြားမည်သည့်အရာကမျှ မြစ်တားခဲ့သည်မဟုတ်ပေ။ ထို့ပြင် ၄င်းတို့သည် ပျင်းရိစွာမှအပ ဆွလာတ် ဝတ်ပြုကြသည်လည်း မရှိချေ။ ထိုနည်းတူစွာ ၎င်းတို့သည် မနှစ်မြို့သော သူများအဖြစ်မှတပါး လှူဒါန်း သုံးစွဲကြသည်လည်း မရှိပေ။

၀၀၉ : ၅၅။ သို့ဖြစ်ပေရာ ထို(မုနာဖစ်က်)တို့၏ ဥစ္စာပစ္စည်းများသည်လည်းကောင်း၊ ထိုသူတို့၏သားသမီးများသည်လည်းကောင်း၊ အသင့်အား အံ့အားမသင့်စေရ။ အလ္လာဟ်အသျှင်မြတ်သည် ထိုဥစ္စာပစ္စည်းနှင့် သားသမီးတို့အားဖြင့် ထိုသူတို့အား ပစ္စုပ္ပန် လောကီဘဝတွင် ပြစ်ဒဏ်ပေးတော်မူရန်နှင့် ၎င်းတို့သည် ကာဖိရ် သွေဖည်ငြင်းပယ်သူများအဖြစ်နှင့် ၎င်းတို့၏ အသက်ဇီဝိန်များ ထွက်သွားရန်သာလျှင် ရည်စူးတော် မူလေသတည်း။

၀၀၉ : ၅၆။ ထိုမှတပါး ယင်း(မုနာဖစ်က်)တို့သည် ဧကန်စင်စစ် အသင်တို့အနက်မှ ဖြစ်ကြသည်ဟူ၍ အလ္လာဟ်အသျှင်မြတ်အား တိုင်တည်ကာ ကျိန်ဆိုကြလေသည်၊ အမှန်သော်ကား ၎င်းတို့သည် အသင်တို့အနက်မှ မဟုတ်ကြချေ။ သို့ရာတွင် ၎င်းတို့သည် သူရဲဘောနည်း သတ်္တိကြောင်သူများသာ ဖြစ်ကြကုန်သတည်း။

၀၀၉ : ၅၇။ အကယ်၍သာ ထို(မုနာဖစ်က်) တို့သည် ခိုကိုးရာနေရာ တခုခုကိုသော် လည်းကောင်း၊ ဥမင် လိုဏ်ခေါင်းများကိုသော်လည်းကောင်း၊ ဝင်ရောက် (ပုန်းအောင်း) ရန် နေရာတခုခုကိုသော်လည်းကောင်း၊ တွေ့ရှိကြပါလျှင် ၎င်းတို့သည် ထိုနေရာသို့ ဦးခေါင်းမော့ကာ တဟုန်တည်းတွန်းထိုးကာ ထွက်ပြေး (ဝင်ရောက် ပုန်းအောင်း) ကြမည်သာတည်း။

၀၀၉ : ၅၈။ ထို့ပြင် ယင်း(မုနာဖစ်က်) တို့တွင် အသင့်အား အလှူပစ္စည်းများနှင့် စပ်လျဉ်း၍ ကဲ့ရဲ့ပြစ်တင်ရှုတ်ချ သူများလည်း ရှိကြသေး၏။ သို့ရာတွင် အကယ်၍ ထိုသူတို့သည် ယင်းအလှူပစ္စည်းများအနက်မှ (မိမိတို့ စိတ်တိုင်းကျ) ရရှိခဲ့ကြလျှင် ထိုသူတို့သည် ကျေနပ်ကြလေသည်။ သို့ရာတွင် အကယ်၍ ၎င်းတို့သည် ထိုအလှူပစ္စည်းများအနက်မှ (မိမိတို့ စိတ်တိုင်းကျ) မရရှိခဲ့ကြပါလျှင် ရုတ်တရက် အမျက်ထွက်ကြလေသတည်း။

၀၀၉ : ၅၉။ အမှန်သော်ကား အကယ်၍သာ ထိုသူတို့သည် မိမိတို့အား အလ္လာဟ်အသျှင်မြတ်သည်လည်းကောင်း၊ ထိုအသျှင်မြတ်၏ ရစူလ်တမန်တော်မြတ်သည် လည်းကောင်း၊ ချီးမြှင့်ပေးသနားတော်မူသည်များအပေါ်၌ ကျေနပ်ခဲ့ကြပြီး ““ကျွနု်ပ်တို့အဖို့ အလ္လာဟ်အသျှင်မြတ်သည်ပင် လုံလောက်တော်မူပေသည်။ အလ္လာဟ်အသျှင်မြတ်သည် မကြာမြင့်မီ ကျွနု်ပ်တို့အား မိမိကျေးဇူးတော်ဖြင့် ချီးမြှင့်ပေးသနားတော်မူအ့ံ။ ၎င်းပြင် ထိုအသျှင်မြတ်၏ ရစူလ်တမန်တော်မြတ် သည်လည်း (ကျွနု်ပ်တို့အား ထပ်မံ၍ ပေးတော်မူဦးအံ့၊) ““ဧကန်စင်စစ်ကျွန်ုပ်တို့သည် အလ္လာဟ်အသျှင်မြတ် ဘက်သို့သာလျှင် တိမ်းယိမ်းညွှတ်ပြောင်းသူများ ဖြစ်ကြပါသည်”” ဟုပြောဆိုခဲ့ကြပါလျှင် ကောင်းလေစွတကား။

၀၀၉ : ၆၀။ မုချဧကန် ဇကာတ်သည် ဆင်းရဲနွမ်းပါးသူတို့အဖို့ လည်းကောင်း၊ ပစ္စည်းမဲ့များအဖို့လည်းကောင်း၊ ဇကာတ်နှင့်စပ်လျဉ်းသော ကိစ္စအဝဝကို ဆောင်ရွက်သည့် အမှုထမ်းများအဖို့လည်းကောင်း၊ အစ္စလာမ် သာသနာတော်၏တရားများကို နှစ်သက်၍ သာသနာဘောင်တွင် ဝင်လိုသူများ၏စိတ်ကို နှစ်သိမ့်စေရန် အလို့ငှာ လည်းကောင်း၊ ကျေးကျွန်များကို ကျွန်ဘဝမှ လွတ်မြောက်စေရန်လည်းကောင်း၊ မြီစားများအဖို့လည်းကောင်း၊ အလ္လာဟ်အသျှင်မြတ်၏လမ်းတော်၌ လည်းကောင်း၊ (ဒုက္ခရောက်နေသော) ခရီးသည်များ အဖို့လည်းကောင်း၊ ဖြစ်သည်။ ဤသည်ကား အလ္လာဟ်အသျှင်မြတ် အထံတော်မှ ပြဋ္ဌာန်းထားတော်မူသော ပညတ်တော် ဖြစ်သည်။ အလ္လာဟ်အသျှင်မြတ်သည် အကြွင်းမဲ့ သိတော်မူသောအသျှင်၊ ဆင်ခြင်တုံတရားနှင့် ပြည့်စုံတော်မူသောအသျှင် ဖြစ်တော်မူသတည်း။

၀၀၉ : ၆၁။ ထိုမှတပါး ၎င်းတို့တွင် အချို့သူများသည် နဗီတမန်တော်မြတ်အား စိတ်ဒုက္ခပေးကြ၏။ ၎င်းပြင် ထိုနဗီတမန်တော်မြတ်သည်(မည်သည့်စကားမျိုးမဆို) နားထောင်(၍ ယုံစား)လေ့ရှိသည်ဟုပြောဆိုကြ၏။ (အို-နဗီတမန်တော်) အသင်သည် (၎င်းတို့အားဤသို့)ပြောကြားပါလေ။ (ဟယ်-အချင်းတို့) ငါသည် အသင် တို့နှင့် ပတ်သက်၍ ကောင်းရာကောင်းကြောင်းများကိုသာ နားထောင်လေ့ရှိသည်။ အလ္လာဟ်အသျှင်မြတ်အား ယုံကြည်သည်။ မုအ်မင်န် သက်ဝင်ယုံကြည်သူ များကိုလည်း (၎င်းတို့ပြောကြားသောသတင်းစကား နှင့်စပ်လျဉ်း၍) ယုံကြည်ထောက်ခံလေသည်။ ၎င်းပြင် အသင်တို့အနက်မှ သက်ဝင်ယုံကြည်ကြကုန်သော သူတို့အဖို့ ကရုဏာတော်လည်း ဖြစ်ချေသည်။ စင်စစ်သော်ကား အလ္လာဟ်အသျှင်မြတ်၏ ရစူလ်တမန်တော်မြတ်အား စိတ်ဒုက္ခပေးကြသော သူတို့တွင် ပြင်းပြ နာကျင်ဖွယ်ဖြစ်သော ပြစ်ဒဏ်သည်ရှိချေအံ့သတည်း။

၀၀၉ : ၆၂။ ထိုသူတို့သည် အသင်တို့အား နှစ်သိမ့်ကျေနပ် စေအ့ံသောငှာ အလ္လာဟ်အသျှင်မြတ်အား တိုင်တည်၍ ကျိန်ဆိုကြလေသည်။ စင်စစ်သော်ကား အကယ်၍ သာ ထိုသူတို့သည် “မုအ်မင်န်” သက်ဝင်ယုံကြည်သူများ ဖြစ်ကြပါလျှင် အလ္လာဟ်အသျှင်မြတ်သည်လည်းကောင်း၊ ထိုအသျှင်မြတ်၏ ရစူလ်တမန်တော်မြတ် သည်လည်းကောင်း၊ ထိုသူတို့၏ ကျေနပ်စေခြင်းကို ပိုမို၍ပင် ခံထိုက်တော်မူ၏။

၀၀၉ : ၆၃။ ဧကန်စင်စစ် မည်သူမဆို အလ္လာဟ်အသျှင်မြတ်အားလည်းကောင်း၊ ထိုအသျှင်မြတ်၏ ရစူလ်တမန်တော်မြတ်အားလည်းကောင်း၊ ဆန့်ကျင်ဘက် ပြုပါလျှင် မလွဲဧကန် ထိုသူ၏အဖို့ ငရဲမီးသာလျှင် ရှိ၍ ထိုငရဲမီးတွင် ထာဝစဉ်နေထိုင်လျက် ရှိချေမည်။ဤကားကြီးကျယ်လှစွာသော ကျိုးယုတ်ရှက်ရစေခြင်းပင် ဖြစ်သည်ကို ထိုမုနာဖစ်က်များသည် (ယခု ထက်တိုင်) မသိကြသေးသလော။

၀၀၉ : ၆၄။ ““မုနာဖစ်က်”” တို့သည် ထို “မုအ်မင်န်” သက်ဝင်ယုံကြည်သူတို့အပေါ်၌ မိမိတို့၏ စိတ်နှလုံး တွင်းရှိသည်တို့ကို ထိုမုအ်မင်န်တို့အားသိကြားစေသော ကဏ္ဍတခုခု ချပေးခြင်းခံရမည်ကို ကြောင့်ကြ စိုးရိမ်လျက်ရှိကြလေသည်။ (အို-နဗီတမန်တော်) အသင်သည်(ထိုမုနာဖစ်က်တို့အား ဤသို့)ပြောကြားပါလေ။ ““အသင်တို့သည် ပြက်ရယ် ပြောင်လှောင်နေကြကုန်၊ ဧကန်အမှန် အလ္လာဟ်အသျှင်မြတ်သည် အသင်တို့ စိုးရိမ်လျက်ရှိကြသည်ကို ထုတ်ဖော်တော် မူမည့် အသျှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။””

၀၀၉ : ၆၅။ စင်စစ်သော်ကား အကယ်၍ အသင်သည် ထိုသူတို့အား စစ်ဆေးမေးမြန်းခဲ့ပါလျှင် ဧကန်မလွဲ ၎င်းတို့က ““ကျွန်ုပ်တို့သည် အပျော်အပျင်းပြေစကား ပြောဆိုလျက်သာ ရှိကြပါသည်၊ ၎င်းပြင် ကျွနု်ပ်တို့သည် ရယ်စရာပြောဆိုလျက်သာ ရှိကြပါသည်”” ဟုဖြေကြားလတ်္တံ့။ (အို-နဗီတမန်တော်) အသင်သည် (၎င်းတို့အား ဤသို့)ပြောကြားပါလေ။ (ဟယ်-အချင်းတို့) အသင်တို့သည် အလ္လာဟ်အသျှင်မြတ်အားလည်းကောင်း၊ ထိုအသျှင်မြတ်၏ အာယတ်တော် များကိုလည်းကောင်း၊ ထိုအသျှင်မြတ်၏ ရစူလ်တမန်တော်မြတ်အားလည်းကောင်း၊ ပြက်ရယ် ပြောင်လှောင်ကြလေသလော။

၀၀၉ : ၆၆။ အသင်တို့သည် (အချည်းနှီး) အကြောင်း မပြကြကုန်လင့်။ စင်စစ်ဧကန် အသင်တို့သည် မိမိတို့ အီမာန်သက်ဝင်ယုံကြည်ကြောင်း ထုတ်ဖော်ပြောဆိုပြီး နောက် သွေဖည် ငြင်းပယ်ခဲ့ကြလေပြီ၊ အကယ်၍ ငါအသျှင်မြတ်သည် အသင်တို့အနက် လူတစုကို ခွင့်လွှတ်တော်မူငြားအ့ံလည်း အခြားလူတစုကိုမူကား ပြစ်ဒဏ်ပေးတော် မူမည်သာဖြစ်သည်။ အကြောင်းသော်ကား ၎င်းတို့သည် ပြစ်မှုထင်ရှားသောသူများ ဖြစ်ကြသောကြောင့်ပင်တည်း။

 

၀၀၉ : ၆၇။ “မုနာဖစ်က်” မုစ်လင်မ် အယောင်ဆောင်သော ယောကျ်ား၊ မိန်းမတို့သည် တမျိုးတစားတည်းပင် ဖြစ်ကြကုန်၏။ ၎င်းတို့သည် စက်ဆုပ်ရွံ့ရှာဖွယ်များကို အမိန့်ပေးကြလေသည်။ ထို့ပြင် ကောင်းမှုများမှ တားမြစ်ကြလေသည်။ ထိုမှတပါး ၎င်းတို့သည်(အလ္လာဟ်အသျှင်မြတ်၏လမ်းတော်၌ သုံးစွဲခြင်းမပြုပဲ) မိမိတို့၏လက်များကို ဆုပ်ထားကြလေသည်။ ထိုသူတို့သည် အလ္လာဟ်အသျှင်မြတ်အား မေ့လျော့ခဲ့ကြပေရာ၊ ထိုအသျှင်မြတ်သည်လည်း၊ ၎င်းတို့အား မေ့လျော့(ထား)တော်မူခဲ့လေသည်။ အကယ်စင်စစ်၊ မုနာဖစ်က် “မုစ်လင်မ်အယောင်ဆောင်” တို့သည် အမှန်တကယ် အမိန့်ကို သွေဖည်ငြင်းပယ်သော သူများပင်ဖြစ်ကြပေသတည်း။

၀၀၉ : ၆၈။ အလ္လာဟ်အသျှင်မြတ်သည် “မုနာဖစ်က်” မုစ်လင်မ် အယောင်ဆောင်သောယောကျ်ား၊ မိန်းမ တို့အားလည်းကောင်း၊ ကာဖိရ်များအားလည်းကောင်း၊ ဂျဟန္နမ်ငရဲမီး (ထဲသို့ လားစေတော်မူမည့်အကြောင်း) ကတိပြုထားတော်မူခဲ့လေသည်။ ၎င်းတို့သည် ထိုငရဲမီး၌ ထာဝစဉ်နေထိုင်လျက် ရှိကြလတ်္တံ့။ ထိုငရဲမီးသည် ၎င်းတို့အား(ပြစ်ဒဏ်) ပေးရန် လုံလောက်တော်မူအံ့။ ထို့ပြင် အလ္လာဟ်အသျှင်မြတ်သည် ၎င်းတို့အား ကရုဏာတော်မှ ကင်းဝေးစေတော်မူအံ့။ ထိုမှတပါး ၎င်းတို့တွင် (ထိုအသျှင်မြတ်၏ ကတိတော်အတိုင်း) ထာဝစဉ်တည်သောပြစ်ဒဏ်သည် ရှိချေအံ့သတည်း။

၀၀၉ : ၆၉။ (အသင်တို့၏ အခြေအနေကား) အသင်တို့ အလျင် ရှေးအထက်ကျော်ကာလ၌ ရှိခဲ့ကြဖူးသော သူတို့(၏အခြေအနေ)ကဲ့သို့ပင်။ ၎င်းတို့သည် အသင် တို့ထက် ခွန်အားဗလအားဖြင့် ပိုမို ပြင်းထန်ကြ သည့်အပြင် ဥစ္စာပစ္စည်းနှင့် သားသမီးအားဖြင့်လည်း (အသင်တို့ထက်)အလွန်များပြားခဲ့ကြလေသည်။ သို့ဖြစ်ပေရာ ၎င်းတို့သည် မိမိတို့၏ (လော ကီ)ဝေစုဝေပုံဖြင့် (အစွမ်းကုန်) အကျိုးခံစားခဲ့ကြ လေသည်။ အသင်တို့သည်အသင်တို့အလျင် ရှိခဲ့ကြဖူးသောသူများက မိမိတို့၏ (လောကီ)ဝေစု ဝေပုံဖြင့် (အစွမ်းကုန်) အကျိုးခံစားခဲ့ကြသည့်နည်း တူအသင်တို့သည်လည်း မိမိတို့၏ (လောကီ) ဝေစု ဝေပုံဖြင့် (အစွမ်းကုန်) အကျိုးခံစားခဲ့ကြချေပြီ။ ထို့ပြင် ၎င်းတို့သည် မကောင်းမှုတို့၌ ဝင်ရောက်ခဲ့ကြသည့်အလား အသင်တို့သည်လည်း မကောင်းမှုတို့၌ ဝင်ရောက်ခဲ့ကြလေသည်။ ဤသူများသည်ပင် အကြင်သူများတည်း။ ထိုသူတို့၏ အကျင့်အမူများသည် ပစ္စုပ္ပန် လောကီဘဝ၌လည်းကောင်း၊ နောင်တမလွန်ဘဝ၌လည်းကောင်း၊ အချည်းအနှီးပင် ဖြစ်ခဲ့ကြချေပြီ၊ ၎င်းပြင် ဤသူများသာလျှင် နစ်နာဆုံးရှုံးသောသူများ ဖြစ်ကြကုန်သတည်း။

၀၀၉ : ၇၀။ ထို(မုနာဖစ်က်)များထံသို့ ၎င်းတို့အလျင် ရှိခဲ့ကြသောသူတို့၏ (ပျက်စီးဆုံးရှုံးခြင်း၏) သတင်း၊ (ဥပမာ-နဗီတမန်တော်) “နူဟ်” ၏အမျိုးသားများ၏ သတင်း၊ “အာဒ်” အမျိုးသားများ၏သတင်း၊ “ဆမူဒ်” အမျိုးသားများ၏သတင်း၊ (နဗီတမန်တော်) “အစ်ဗ် ရာဟီမ်” ၏အမျိုးသားများ၏သတင်း၊ “မဒ်ယန်” မြို့သားများ၏သတင်း၊ ထက်အောက်ပြောင်းပြန်ဖြစ်၍ ပျက်စီးသွားခဲ့သောမြို့များ၊ ရွာများ၏သတင်းသည် မရောက်ရှိခဲ့လေသလော။ ၎င်းတို့ထံ ၎င်းတို့၏ ရစူလ်တမန်တော်မျာသည် ထင်ရှားလှစွာသော သက်သေလက္ခဏာများနှင့်တကွ ရောက်ရိလာခဲ့ကြလေသည်။(သို့ရာတွင် ယင်းအမျိုးသားများသည် သွေဖည်ငြင်းဆန် မနာခံခဲ့ ကြသည့်အတွက် ပျက်စီးဆုံးရှုံး၍ သွားခဲ့ကြလေသည်၊) စင်စစ် အလ္လာဟ်အသျှင်မြတ်သည် (ဤပျက်စီးမှု)၌ ၎င်းတို့အား မတရားသဖြင့် နှိပ်စက်တော်မူသည် မဟုတ်ပေ။ သို့ရာတွင် ၎င်းတို့ ကိုယ်တိုင်မိမိတို့ကိုယ်ကို နှိပ်စက်ခဲ့ကြပေသတည်း။

၀၀၉ : ၇၁။ ထိုနည်းတူစွာ ““မုအ်မင်န်”” သက်ဝင်ယုံကြည် သောသူ ယောကျ်ား၊ မိန်းမတို့သည်လည်း (သာသနာ ရေးတွင်) အချင်းချင်းတဦးနှင့်တဦး အဆွေခင်ပွန်းများ ပင် ဖြစ်ကြကုန်၏။ ၎င်းတို့သည် ကောင်းမြတ်သော ကိစ္စများကို အမိန့်ပေးကြလေသည်။ ၎င်းပြင် စက်ဆုပ်ရွံရှာဖွယ်ရာများမှလည်း တားမြစ်ကြလေသည်။ ထိုမှတပါး ယင်းသူတို့သည် အမြဲတစေ ““ဆွလာတ်”” ဝတ်ပြုကြလေသည်။ ထို့ပြင် ၎င်းတို့သည် ““ဇကာတ်”” တရားဝင်ဒါနကြေးကိုလည်း ပေးဆောင်ကြလေသည်။ ထိုနည်းတူစွာ ယင်းသူတို့သည် အလ္လာဟ်အသျှင်မြတ်၏ အမိန့်တော်များကိုလည်းကောင်း၊ ထိုအသျှင်မြတ်၏ ရစူလ်တမန်တော်၏ အမိန့်တော်များကိုလည်းကောင်း လိုက်နာကြလေသည်။ ဤသူများသည် အကြင်သူများပင်၊ အလ္လာဟ်အသျှင်မြတ်သည် ထိုသူတို့အား မုချကရုဏာပြုတော် မူပေမည်။ ဧကန်အမှန် အလ္လာဟ်အသျှင်မြတ်သည် ဘုန်းတန်ခိုးနှင့်ပြည့်စုံတော်မူသောအသျှင်၊ ဆင်ခြင်တုံတရားနှင့် ပြည့်စုံတော်မူသောအသျှင်၊ ဖြစ်တော်မူပေသတည်း။

၀၀၉ : ၇၂။ အလ္လာဟ်အသျှင်မြတ်သည် “မုအ်မင်န်” သက်ဝင်ယုံကြည်သူ ယောကျ်ား၊ မိန်းမတို့အား၊ အကြင်ဥယျာဉ်များကို (ချီးမြှင့်တော်မူရန်) ကတိပြုထားတော် မူခဲ့လေသည်။ ထိုဥယျာဉ်များ၏ အောက်မှ စမ်းရေချောင်းများ စီးတွေလျက် ရှိကြပေမည်။ (ထိုသူတို့သည်) ၎င်းဥယျာဉ်များတွင် ထာဝစဉ် နေထိုင်လျက် ရှိကြပေမည်။ ထို့ပြင် (ထိုအသျှင်မြတ်သည်) ထာဝစဉ်တည်သောဥယျာဉ်များ၌ ကောင်းမွန်စင်ကြယ်သော ဗိမာန်များကို (ချီးမြှင့်တော်မူရန်) လည်း (ကတိပြု ထားတော်မူခဲ့လေသည်။) ၎င်းပြင ်အလ္လာဟ်အသျှင်မြတ်၏ ကျေနပ်မှုမှာကား အကြီးကျယ်ဆုံးပင် ဖြစ်ပေသည်။ ဤသည် ကြီးကျယ် မြင့်မြတ်လှစွာသော အောင်မြင်မှုပင်တည်း။

၀၀၉ : ၇၃။ အို-နဗီတမန်တော်၊ အသင်သည် “ကာဖိရ်” သွေဖည်ငြင်းပယ်သူတို့အားလည်းကောင်း၊ “မုနာဖစ်က်” မုစ်လင်မ် အယောင်ဆောင်သူတို့အားလည်းကောင်း၊ ဂျိဟာဒ်ပြုပါလေ။ ထို့ပြင် ၎င်းတို့အပေါ်၌ အသင်သည် ပြင်းထန်ကျပ်တည်းမှုကို ပြုပါလေ။ ထိုမှတပါး ၎င်းတို့၏ ခိုကိုးရာဌာနသည် “ဂျဟန္နမ်” ငရဲဘုံသည်ပင် ဖြစ်သည်။ အမှန်သော်ကား၊ ထိုစခန်းသည် အလွန်ဆိုးရွားလှပေသည်တကား။

၀၀၉ : ၇၄။ ၎င်းတို့သည် အလ္လာဟ်အသျှင်မြတ်အား၊ တိုင်တည်၍ မိမိတို့သည် (ထိုစကားကို) မပြောဆိုခဲ့ကြပါဟု ဆိုခဲ့ကြလေသည်၊ အမှန်စင်စစ်သော်ကား၊ ၎င်းတို့သည် ““ကုဖ်ရ်”” မိစ္ဆာဝါဒစကားကို မုချပြောဆိုခဲ့ကြလေသည်။ ထို့ပြင် ၎င်းတို့သည် မိမိတို့ (အယောင်ဆောင်) မုစ်လင်မ်ဖြစ်ခဲ့ကြပြီးနောက် (မျက်မြင် အားဖြင့်လည်း) သွေဖည်ငြင်းပယ်ခဲ့ကြလေသည်။ ထိုမျှမကသေး၊ ၎င်းတို့သည် အကြင်ကိစ္စတရပ်ကိုလည်း ပြုလုပ်ရန် ကြံရွယ်ခဲ့ကြလေသည်။ သို့ရာတွင် ၎င်းတို့သည် မအောင်မြင်ခဲ့ကြပေ။ စင်စစ်သော်ကား၊ ၎င်းတို့သည် အလ္လာဟ်အသျှင်မြတ်နှင့် ထိုအသျှင်မြတ်၏ ရစူလ်တမန်တော်က မိမိကျေးဇူးတော်နှင့် ၎င်းတို့အား ချမ်းသာကြွယ်ဝစေတော် မူခဲ့သည်မှအပ၊ အခြားတစုံတရာကိုမျှ တုံ့ပြန်လက်စားချေခဲ့ကြသည် မဟုတ်ပေ။ သို့ဖြစ်ပေရာ အကယ်၍ ၎င်းတို့သည် ဝန်ချတောင်းပန်ကြပါလျှင် ၎င်းတို့အဖို့သာလျှင် အကောင်းဖြစ်ပေမည်။ သို့ရာတွင် အကယ်၍ ၎င်းတို့သည် မျက်နှာလွှဲဖယ်ကျောခိုင်း၍ သွားကြပါမူ၊ အလ္လာဟ် အသျှင်မြတ်သည် ၎င်းတို့အား ဤပစ္စုပ္ပန်လောကီဘဝ၌လည်းကောင်း၊ နောင်တမလွန်ဘဝ၌လည်းကောင်း၊ ပြင်းပြနာကျင်စေသော ပြစ်ဒဏ်ကို ပေးတော်မူအံ့၊ ထိုမှတပါး ၎င်းတို့အဖို့ ပထဝီမြေပြင်၌ အဆွေခင်ပွန်းဟူ၍လည်းကောင်း၊ ကူညီစောင်မမည့်သူ ဟူ၍လည်းကောင်း၊ မည်သူတဦးတယောက်မျှ ရှိချေမည် မဟုတ်ပေတကား။

၀၀၉ : ၇၅။ ၎င်းပြင်၊ ထိုသူတို့အနက် အကြင်သူတိုသည်လည်း ရှိကြကုန်၏။ ထိုသူတို့သည် အလ္လာဟ်အသျှင်မြတ်အား (ဤသို့) ပဋိညာဉ်ပေးခဲ့ကြလေသည်။ ““အကယ်၍ ထိုအသျှင်မြတ်သည် ကျွန်တော်မျိုးတို ့အား (မိမိ၏ကျေးဇူးတော်ဖြင့်) (ဥစ္စာပစ္စည်းကို) ချီးမြှင့်ပေးသနားတော်မူခဲ့ပါလျှင် ကျွန်တော်မျိုးတို့သည် ကောင်းစွာ လှူဒါန်းကြပါမည်။ ၎င်းပြင် ကျွန်တော်မျိုးတို့သည် ကောင်းမြတ်သော အကျင့်သီလများကို ဆောက်တည်ကြသော သူတော်စင် သူတော်ကောင်း တို့တွင် မုချ ပါဝင်ကြပါမည်။””

၀၀၉ : ၇၆။ တဖန် ထိုအသျှင်မြတ်သည် ၎င်းတို့အား မိမိ ကျေးဇူးတော်ကို ချီးမြှင့် ပေးသနားတော်မူသောအခါ၊ ၎င်းတို့သည် ကျေးဇူးတော်ကို(ပေးကမ်းလှူဒါန်းခြင်း မပြုပဲ) စေးနှဲကြကုန်၏။ ထို့ပြင် ၎င်းတို့သည် မျက်နှာလွှဲဖယ် ကျောခိုင်းခဲ့ကြလေသည်။ စင်စစ်သော်ကား ၎င်းတို့သည် တိမ်းရှောင်လေ့ ရှိကြသူများပင် ဖြစ်ကြကုန ်သတည်း။

၀၀၉ : ၇၇။ သို့ဖြစ်ပေရာ ထိုအသျှင်မြတ်သည် ထိုသူများ၏ စိတ်နှလုံးများတွင် ထိုအသျှင်မြတ်နှင့် ထိုသူများ တွေ့ဆုံကြမည့်နေ့တိုင်အောင်““နိဖာက်”” (မုစ်လင်မ် အရေခြုံမှု)ကို (ထည့်သွင်းတော်မူခြင်းအားဖြင့်) ၎င်းတို့အား ပြစ်ဒဏ်ခတ်တော်မူခဲ့လေသည်။အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် အလ္လာဟ်အသျှင်မြတ်အား မိမိတို့ ပေးခဲ့ကြသော ကတိဝန်ခံချက်ကို ဖောက်ခဲ့ကြသည့်ပြင်၊ မုသားပြောဆိုလေ့ ရှိခဲ့ကြသောကြောင့်ပင်။

၀၀၉ : ၇၈။ အလ္လာဟ်အသျှင်မြတ်သည် ထိုသူတို့၏ လျှို့ဝှက်ချက်ကိုလည်းကောင်း၊ ထိုသူတို့၏ လျှို့ဝှက်နှီးနှောချက်ကိုလည်းကောင်း မလွဲဧကန်သိရှိတော်မူသည်ကို ယင်းသူတို့သည် မသိကြလေသလော။ ထို့ပြင် ဧကန်စင်စစ် အလ္လာဟ်အသျှင်မြတ်သည် ဖုံးကွယ်လျက်ရှိသည်တို့ကို ကောင်းစွာသိတော်မူသော အသျှင်မြတ်ဖြစ်တော်မူသည် (ကိုလည်း ၎င်းတို့သည် မသိကြလေသလော)။

၀၀၉ : ၇၉။ (ထို “မုနာဖစ်က်” မုစ်လင်မ် အယောင်ဆောင်များသည်) အကြင်သူများပင်၊ ယင်း(မုနာဖစ်က်) သူများသည် “မုအ်မင်န်”သက်ဝင်ယုံကြည်သူတို့အနက်မှ သဒ်္ဓါကြည်ဖြူစွာ ပေးကမ်းလှူဒါန်းသူတို့အား ပြစ်တင်ပြောဆိုကြလေသည်။ ၎င်းပြင် မိမိတို့ အားသွန်ခွန်စိုက်ရှာဖွေရရှိသော ချွေးနှဲစာမှအပ၊ အခြားတစုံတရာကို မရရှိနိုင်ကြသော သူတို့အားလည်း ထို (မုနာဖစ်က် မုစ်လင်မ် အယောင်ဆောင်) တို့သည် ပြက်ချော်ပြောင်လှောင်ကြပေသည်။ အလ္လာဟ်အသျှင်မြတ်သည် ယင်း(မုနာဖစ်က်)တို့အား ပြောင်လှောင်တော်မူခဲ့လေသည်။ ထို့ပြင် ၎င်းတို့၌ ပြင်းပြနာကျင်စေသော ပြစ်ဒဏ်သည်လည်း ရှိပေအံ့သတည်း။

၀၀၉ : ၈၀။ (အို…နဗီတမန်တော်) အသင်သည် ၎င်းတို့အဖို့ လွတ်ငြိမ်းချမ်းသာခွင့်ကို ပန်ကြားသည်ဖြစ်စေ၊ သို့တည်းမဟုတ် အသင်သည်၎င်းတို့အဖို့ လွတ်ငြိမ်း ချမ်းသာခွင့်ကို မပန်ကြားသည်ဖြစ်စေ၊ (အကြောင်းမထူးပေ။ အသို့ဆိုသော်) အကယ်၍ အသင်သည် ၎င်းတို့အဖို့ အကြိမ်ခုနှစ်ဆယ်တိုင်တိုင် လွတ်ငြိမ်း ချမ်းသာခွင့်ကို ပန်ကြားသော်လည်း အလ္လာဟ်အသျှင်မြတ်သည် ၎င်းတို့အားအလျှင်း လွတ်ငြိမ်းချမ်းသာခွင့် ပေးသနားတော်မူမည်မဟုတ်ပေ။ အကြောင်းသော်ကား၊ ယင်းသူတို့သည် အလ္လာဟ်အသျှင်မြတ်အားလည်းကောင်း၊ ထိုအသျှင်မြတ်၏ ရစူလ်တမန်တော်အား လည်းကောင်း၊ သွေဖည်ငြင်းပယ်ခဲ့ကြသောကြောင့်ပင်။ အမှန်သော်ကား အလ္လာဟ်အသျှင်မြတ်သည် အမိန့်တော်ဖီဆန်သော သူတို့အား တရားလမ်းမှန်သို့ ပို့ဆောင်တော် မူသည် မဟုတ်ပေတကား။

၀၀၉ : ၈၁။ (တဗူးက် စစ်မြေပြင်သို့ မလိုက်ပါပဲ) နောက်ကျန်ရစ်ခဲ့ကြသောသူတို့သည် အလ္လာဟ်အသျှင်မြတ်၏ ရစူလ်တမန်တော်မြတ်(ကြွသွားတော်မူပြီး)နောက်တွင် မိမိတို့ ထိုင်နေရစ်ခဲ့ကြရသောကြောင့် ဝမ်းမြောက် ပျော်ရွှင်ခဲ့ကြကုန်၏။ ၎င်းပြင် ထိုသူတို့သည်အလ္လာဟ်အသျှင်မြတ်၏လမ်းတော်၌ မိမိတို့၏ ဥစ္စာပစ္စည်း များဖြင့်လည်းကောင်း၊ မိမိတို့၏အသက်ဇီဝိန် များဖြင့်လည်းကောင်း၊ စစ်မက်ပြိုင်ဆိုင် တိုက်ခိုက်ခြင်းကို စက်ဆုပ်ခဲ့ကြကုန်၏။ ထိုမှတပါး ၎င်းတို့သည် (မိမိတို့အချင်းချင်း တဦးကိုတဦး) ““အသင်တို့သည်(ဤမျှပြင်းထန်လှသော) အပူရှိန်တွင် (နေအိမ်မှ) မထွက်ကြကုန်လင့်””ဟု ပြောဆိုခဲ့ကြ၏။ (အို-နဗီ တမန်တော်) အသင်သည် (၎င်းတို့အား) ““ဂျဟန္နမ် ငရဲဘုံ၏မီးသည် အပူရှိန်အားဖြင့် ပိုမို၍ပင် ပြင်းထန်လှပေသည်”” ဟု ပြောဆိုပါလေ။ အကယ်၍ ၎င်း တို့သည် သိမြင်နားလည်သည် ဖြစ်ကြပါလျှင်၊ ကောင်းလေစွ။

၀၀၉ : ၈၂။ သို့ဖြစ်ပေရာ၊ ၎င်းတို့သည် (ဤလောကတွင်) အနည်းငယ်မျှ ရယ်မောကြစေ။ တဖန် (နောင်တမလွန် ဘဝတွင်မူ) မိမိတို့ရှာဖွေဆည်းပူးခဲ့ကြသည်များ ကြောင့် များစွာငိုကြွေးကြစေ။

၀၀၉ : ၈၃။ သို့ဖြစ်ပေရာ အကယ်၍ အလ္လာဟ်အသျှင်မြတ်သည် အသင့်အား ၎င်းတို့အနက်မှ လူတစုစု၏ထံသို့ ပြန်လည်၍ ရောက်ရှိစေခဲ့ပါလျှင်၊ တဖန် ၎င်းတို့သည် (စစ်မက်ပြိုင်ဆိုင်တိုက်ရန်) ထွက်ခဲ့ကြပါရစေဟု အသင့်ထံ ခွင့်ပန်ကြပါလျှင်၊ အသင်သည် (ထိုသူ တို့အား) ““အချင်းတို့၊ အသင်တို့သည် ငါနှင့်အတူ မည်သည့်အခါ၌မျှ ထွက်ကြမည်လည်းမဟုတ်၊ ထိုနည်းတူစွာ အသင်တို့သည် ငါနှင့်အတူ မည်သည့် ရန်သူတဦးတယောက်ကိုမျှ တိုက်ခိုက်ကြမည်လည်း မဟုတ်။ အဘယ်ကြောင့်ဆိုသော် အသင်တို့သည် ပထမအကြိမ်ကလည်း (စစ်မက်ပြိုင်ဆိုင် တိုက်ခိုက်ရန် မထွက်ခဲ့ကြပဲ) ထိုင်၍နေရစ်ခဲ့ခြင်းကိုသာ နှစ်မြို့ ခဲ့ကြသောကြောင့်ပင်။ သို့ဖြစ်ပေရာ ယခုလည်း အသင်တို့သည် နောက်၌ကျန်ရစ်ခဲ့ကြသော သူတို့နှင့် အတူထိုင်၍ပင် နေရစ်ခဲ့ကြလေကုန်”” ဟု ဖြေကြား ပါလေ။

၀၀၉ : ၈၄။ ၎င်းပြင် (အို-နဗီတမန်တော်) အသင်သည် ၎င်းတို့အနက် မည်သူတဦးတယောက်မဆို သေဆုံးခဲ့ပါလျှင်၊ ထိုသူ၏ အပေါ်၌“ဆွလာတွလ်ဂျနာဇဟ်” ဝတ်ပြုမှုကို မည်သည့်အခါ၌မျှ မပြုပါလေနှင့်။ ၎င်းပြင် ထိုသူ၏သင်္ချိုင်းပေါ်၌လည်း မည်သည့်အခါမျှ မရပ်ပါလေနှင့်။ အကြောင်းသော်ကား၊ ယင်းသူတို့သည် အလ္လာဟ်အသျှင်မြတ်အားလည်းကောင်း၊ ထိုအသျှင်မြတ်၏ ရစူလ်တမန်တော်မြတ်အား လည်းကောင်း၊ သွေဖည်ငြင်းပယ်ခဲ့ကြသည့်ပြင် ယင်းသူတို့သည် အမိန့်တော်ကို ဖီဆန်သူများအဖြစ်နှင့်ပင် သေဆုံးခဲ့ကြသောကြောင့်တည်း။

၀၀၉ : ၈၅။ ထို့ပြင် ယင်းသူတို့၏ ဥစ္စာပစ္စည်းများသည် လည်းကောင်း၊ ယင်းသူတို့၏ သားသမီးများသည် လည်းကောင်း အသင့်အား အ့ံသြခြင်းကိုမဖြစ်စေရ၊ အလ္လာဟ်အသျှင်မြတ်သည် ထိုသူတို့အား ယင်းဥစ္စာပစ္စည်းများနှင့် သားသမီးများအားဖြင့် လောကီဘဝတွင် ပြစ်ဒဏ်ပေးတော်မူရန်နှင့် ထိုသူတို့သည် ကာဖိရ် သွေဖည်ငြင်းပယ်သူများအဖြစ်နှင့်၊ ထိုသူတို့၏ အသက်ဇီဝိန် ထွက်သွားရန်ကိုသာ ရည်စူးတော်မူလေသတည်း။

၀၀၉ : ၈၆။ စင်စစ်သော်ကား ““အသင်တို့သည် အလ္လာဟ်အသျှင်မြတ်အား (စိတ်ရောကိုယ်ပါ) သက်ဝင်ယုံ ကြည်သည့်ပြင် ထိုအသျှင်မြတ်၏ ရစူလ်တမန်တော်မြတ် နှင့်အတူ စစ်မက်ပြိုင်ဆိုင် တိုက်ခိုက်ခြင်းကိုလည်း ပြုကြလေကုန်”” ဟူသောအမိန့်တော်ပါရှိသည့် ကဏ္ဍတခုခုသည် ကျရောက်လာသောအခါ၊ ၎င်းတို့အနက်မှ ဥစ္စာဓန ကြွယ်ဝသောသူများကပင်လျှင် ““ကျွန်တော်မျိုးတို့အား ခွင့်လွှတ်ပါ၊ ကျွန်တော်မျိုးတို့သည် ထိုင်၍

၀၀၉ : ၈၇။ ထိုသူတို့သည် (စစ်မက်ပြိုင်ဆိုင် တိုက်ခိုက်ရန် မလိုက်ကြပဲ) နောက်၌ကျန်ရစ်ခဲ့သော အမျိုးသမီး တို့နှင့်အတူ နေရစ်ခဲ့ခြင်းကိုပင်၊ နှစ်သက်ခဲ့ကြလေ သည်။ ၎င်းပြင် ထိုသူတို့၏ စိတ်နှလုံးများ အပေါ်၌လည်း တံဆိပ်ခတ်နှိပ်ပြီး ဖြစ်ခဲ့လေသည်။ သို့ဖြစ်ပေရာ ၎င်းတို့သည် (ဂျိဟာဒ် စစ်မက်ပြိုင်ဆိုင် တိုက်ခိုက် ခြင်း၏ သဘောတရား အစစ်အမှန်ကို အလျှင်း) သိမြင် နားလည်ကြသည် မဟုတ်ချေ။ နေရစ်ခဲ့သောသူတို့နှင့်အတူ နေရစ်ခဲ့ကြပါရ စေ”” ဟူ၍ အသင့်ထံပြောဆို ခွင့်ပန်လာကြကုန်သတည်း။

၀၀၉ : ၈၈။ သို့ရာတွင်မူကား ရစူလ်တမန်တော်မြတ်နှင့် ထိုရစူလ်တမန်တော်နှင့်အတူ အီမာန်သက်ဝင်ယုံကြည်ကြသော သူတို့မူကား၊ မိမိတို့၏ဥစ္စာပစ္စည်းများဖြင့် လည်းကောင်း၊ မိမိတို့၏ အသက်ဇီဝိန်များဖြင့် လည်းကောင်း၊ စစ်မက်ပြိုင်ဆိုင် တိုက်ခိုက်ခဲ့ကြလေသည်။ စင်စစ်သော်ကား ထိုသူတို့အဖို့သာလျှင် ကောင်းခြင်းအဖြာဖြာတို့သည် ရှိကြပေသည်။ ထိုနည်းတူစွာ၊ ထိုသူတို့သည်သာလျှင် အောင်မြင်သောသူများ ဖြစ်ကြကုန်သတည်း။

၀၀၉ : ၈၉။ အလ္လာဟ်အသျှင်မြတ်သည် ၎င်းတို့အဖို့ အကြင်ဥယျာဉ်များကို အဆင်သင့်ပြုလုပ်ထားတော်မူ လေသည်။ ထိုဥယျာဉ်များ၏ အောက်မှစမ်းရေချောင်း များသည် စီးတွေလျက်ရှိကြချေသည်။ (၎င်းတို့သည်) ထိုဥယျာဉ်များ၌ ထာဝစဉ် နေထိုင်စံမြန်းလျက် ရှိကြပေမည်။ ဤသည်ကား အလွန်ကြီးကျယ် မြင့်မြတ်လှစွာသော အောင်မြင်မှုပင်တည်း။

၀၀၉ : ၉၀။ စင်စစ်သော်ကား၊ ကျေးရွာများ၌ နေထိုင်ကြကုန်သော သူတို့အနက်မှ လိမ်လည်၍ အကြောင်းပြသောသူတို့သည ်မိမိတို့ခွင့်ပြုခြင်းခံကြရန် (အသင့် ထံသို့) လာခဲ့ကြကုန်၏။ သို့ရာတွင် အလ္လာဟ်အသျှင်မြတ်အားလည်းကောင်း၊ ထိုအသျှင်မြတ်၏ ရစူလ်တမန်တော်မြတ်အားလည်းကောင်း၊ မုသား ပြောဆိုခဲ့သောသူတို့မူကား (လိမ်လည်၍ အကြောင်း ပြရန်ပင်မလာကြပဲ) ထိုင်၍ပင်နေရစ်ခဲ့ကြကုန်၏။ ၎င်းတို့အနက် ““ကာဖိရ်”” သွေဖည်ငြင်းပယ် ကြသောသူတို့၌ နာကျင်စေသောပြစ်ဒဏ်သည် မကြာမြင့်မီပင် ဆိုက်ရောက်ပေလိမ့်မည်ဖြစ်သတည်း။

၀၀၉ : ၉၁။ အားအင်ချည့်နဲ့သူတို့အပေါ်၌ (စစ်တလင်း သို့ မလိုက်ခဲ့ကြသောကြောင့်) အပြစ်တစုံတရာမျှ မရှိပြီ၊ ထို့အတူဝေဒနာရှင်တို့အပေါ်၌လည်း (အပြစ်)မရှိပြီ၊ ထိုနည်းတူစွာ (စစ်ရေးတွင်)သုံးစွဲရန် တစုံတရာမျှ မရရှိကြသော သူတို့အပေါ်၌လည်း ထိုသူတို့သည် အလ္လာဟ်အသျှင်မြတ်နှင့် ပတ်သက်၍ လည်းကောင်း၊ ထိုအသျှင်မြတ်၏ ရစူလ်တမန်တော်နှင့် ပတ်သက်၍လည်းကောင်း၊ သဒ်္ဓါကြည်ဖြူသော စိတ်စေတနာထားရှိကြပါလျှင် မည်သည့်အပြစ်မျှ မရှိချေ။ ကောင်းမြတ်သော အကျင့်သီလကို ဆောက်တည်ကြကုန်သော သူတော်ကောင်းသူတော်စင်တို့ အပေါ်ဝယ် အပြစ်တင်ရန် မည်သည့်နည်းလမ်းမျှ မရှိပေ။ စင်စစ်သော်ကား အလ္လာဟ်အသျှင်မြတ်သည် အလွန်တရာ လွတ်ငြိမ်းချမ်းသာခွင့် ပေးသနားတော် မူသောအသျှင်၊ အလွန်တရာ သနားကြင်နာ ညှာတာ တော်မူသောအသျှင်မြတ် ဖြစ်တော်မူပေသတည်း။

၀၀၉ : ၉၂။ ထိုမှတပါး အကြင်သူတို့အပေါ်၌လည်း (အပြစ်တင်ရန် မည်သည့်နည်းလမ်းမျှ) မရှိချေ။ ထိုသူတို့သည် အသင့်ထံသို့ ၎င်းတို့အား အသင်သည် (တစုံတရာ) အစီးအနင်းပေါ်သို့ တင်ပေးရန် လာကြသောအခါ အသင်သည် ၎င်းတို့အား ““ငါ့ထံ၌ အသင်တို့အား တင်ပေးရန်အစီးအနင်း တစုံတရာမရှိပါ”” ဟု ပြောခဲ့လေသည်။ (ထိုအခါ) ၎င်းတို့သည် (စစ်ရေးတွင်) သုံးစွဲရန် တစုံတရာကိုမျှ မရရှိကြသောကြောင့် ဝမ်းနည်းပူဆွေး၍ မျက်စိများမှာ ၎င်းတို့ မျက်ရည် များဖြင့် ပြည့်လျှံလျက် ပြန်ခဲ့ကြလေသတည်း၊ ပြန်သွားခဲ့ ကြရရှာလေသတည်း။

၀၀၉ : ၉၃။ ပြစ်တင်ရန် နည်းလမ်းမှာကား အကြင်သူတို့ အပေါ်၌သာ ရှိချေသည်။ ထိုသူတို့သည် ချမ်းသာ ကြွယ်ဝသူများ ဖြစ်ကြပါလျက်(စစ်တလင်းသို့ မလိုက်ပဲ နေကြရန်) အသင့်ထံ ခွင့်ပန်ကြလေသည်။ ၎င်းတို့သည် နောက်၌ကျန်ရစ်ခဲ့ကြသော အမျိုးသမီးတို့နှင့်အတူ နေရစ်ခဲ့ကြရန် နှစ်မြို့ခဲ့ကြလေသည်။ ထို့ပြင် အလ္လာဟ်အသျှင်မြတ်သည် ၎င်းတို့၏ စိတ်နှလုံးများ အပေါ်၌ တံဆိပ်ခတ်နှိပ်တော်မူခဲ့လေသည်။ သို့ဖြစ်ပေရာ ၎င်းတို့သည် (စစ်မက်ပြိုင်ဆိုင် တိုက်ခိုက်ခြင်း၏ သဘောတရားကိုပင်) မသိ နားမလည်ကြပေ။

၀၀၉ : ၉၄။ အသင်တို့သည် (စစ်တလင်းမှ) ၎င်းတို့ထံ ပြန်ခဲ့ကြသည့်အခါ ၎င်းတို့သည် အသင်တို့ရှေ့ဝယ် (စစ်တလင်းသို့မလိုက်ပဲနေခဲ့ကြသည်နှင့်စပ်လျဉ်း၍) အကြောင်းပြကြလိမ့်မည်။ (ထိုအခါ) အသင် (၎င်းတို့ အား) ပြောကြားပါလေ။ (အချင်းတို့)““အသင်တို့သည် အကြာင်းမပြကြလေနှင့်၊ ကျွနု်ပ်တို့သည် အသင်တို့ (၏စကား) ကို (မှန်သည်ဟု) အလျင်း ယုံကြည်ကြမည်မဟုတ်၊ (အကြောင်းသော်ကား) ဧကန်စင်စစ် အလ္လာဟ်အသျှင်မြတ်သည် ကျွနု်ပ်တို့အား အသင်တို့၏ (လျှို့ဝှက်သော) သတင်းများကို (အလုံးစုံ) အကြောင်းကြားတော်မူပြီးဖြစ်သည်။ (နောက်နောင်တွင်လည်း) အလ္လာဟ်အသျှင်မြတ်သည် လည်းကောင်း၊ ထိုအသျှင်မြတ်၏ ရစူလ်တမန်တော်မြတ်သည်လည်းကောင်း၊ အသင်တို့၏ အကျင့်အမူကို တွေ့မြင်တော်မူကြအံ့၊ ထို့နောက်တဖန် အသင်တို့သည် ဖုံးကွယ်လျက်ရှိသော အရာခပ်သိမ်း တို့ကိုလည်းကောင်း၊ ထင်ပေါ်လျက်ရှိသောအရာခပ်သိမ်း တို့ကိုလည်းကောင်း၊ (အကြွင်းမဲ့) သိရှိတော်မူသော အသျှင်မြတ်အထံတော်သို့ ပြန်လည်ပို့ဆောင်ခြင်းကို ခံကြရပေမည်။ ထိုအခါ ထိုအသျှင်မြတ်သည် အသင်တို့အား အသင်တို့ပြုလုပ်ခဲ့ကြသော အမှုကိစ္စ တို့ကို ထုတ်ဖော်၍ မိန့်ကြားတော်မူပေအံ့။

၀၀၉ : ၉၅။ မကြာမြင့်မီ အသင်တို့ (စစ်တလင်းမှ) ၎င်းတို့ထံ (မဒီနာမြို့သို့) ပြန်ခဲ့ကြသောအခါ၊ အသင်တို့သည် ၎င်းတို့အား (တစုံတရာပြစ်တင်အရေးယူခြင်း မပြုပဲ) ခွင့်လွှတ်ကြရန် ၎င်းတို့သည် အလ္လာဟ်အသျှင်မြတ်အား တိုင်တည်၍ ကျိန်ဆိုကြပေလိမ့်မည်။ သို့ဖြစ်ပေရာ အသင်တို့သည် ၎င်းတို့အား စွန့်ထားကြလေကုန်။ အမှန်သော်ကား ၎င်းတို့သည် ညစ်ညမ်းသူများပင် ဖြစ်ကြကုန်၏။ ထို့ပြင် ၎င်းတို့၏ ခိုလှုံရာစခန်းသည် ““ဂျဟန္နမ်”” ငရဲဘုံပင် ဖြစ်ချေသည်။ စင်စစ်သော်ကား ၎င်းတို့ ရှာဖွေဆည်းပူးလျက် ရှိခဲ့ကြသည်တို့၏ အကျိုးအားဖြင့် ၎င်းတို့၏ခိုလှုံရာစခန်းမှာ ““ဂျဟန္နမ်”” ငရဲဘုံပင် ဖြစ်ချေသတည်း။

၀၀၉ : ၉၆။ ထိုသူတို့သည် အသင်တို့ ထိုသူတို့အပေါ်၌ ကျေနပ်အံ့သောငှာ ကျိန်ဆိုကြပေမည်။ သို့ရာတွင် အကယ်၍ အသင်တို့သည် ထိုသူတို့အပေါ်၌ ကျေနပ် ခဲ့အံ့ငြားလည်း အလ္လာဟ်အသျှင်မြတ်သည် အမိန့်တော်ဖီဆန်သူတို့အပေါ်၌ ကျေနပ်တော်မူမည် မဟုတ်ပေတကား။

၀၀၉ : ၉၇။ ကျေးရွာများ၌ နေထိုင်ကြကုန်သော အရဗ်အမျိုးသား (မုနာဖစ်က်) များသည် ““ကုဖ်ရ်”” သွေဖည် ငြင်းပယ်မှုတွင်လည်းကောင်း၊ ““နိဖာက်””အယောင် ဆောင်မှုတွင်လည်းကောင်း၊ ပိုမို၍ပင် ပြင်းထန်ကြကုန်၏် ။ ၎င်းပြင် ထိုသူတို့သည် အလ္လာဟ်အသျှင်မြတ်က မိမ၏ိရစူလ်တမန်တော်မြတ်အပေါ်၌ ချပေးသနားတော်မူသော အမိန့်ပညတ်တော်များကို ပို၍ပင် မသိထိုက်ကြသူများ ဖြစ်ကြ၏။ စင်စစ်မူကား အလ္လာဟ်အသျှင်မြတ်သည် အရာခပ်သိမ်းတို့ကို အကြွင်းမဲ့ သိရှိတော်မူသောအသျှင်၊ နက်နဲသိမ်မွေ့သော ကျိုးကြောင်း ဆင်ခြင်တုံတရားနှင့်ပြည့်စုံ တော်မူသောအသျှင် ဖြစ်တော်မူပေသတည်း။

၀၀၉ : ၉၈။ စင်စစ်သော်ကား၊ ကျေးရွာများ၌ နေထိုင်ကြကုန်သော အရဗ်အမျိုးသားတို့တွင် (ဇကာတ်၊ ဂျိဟာဒ် စသည့် မွန်မြတ်သောကိစ္စများတွင်) မိမိတို့ သုးံစွဲကြ သည်တို့ကို ““ဒဏ်ဆောင်ခြင်းဖြစ်သည်”” ဟု မှတ်ယူကြသူများလည်း ရှိကြကုန်၏၊ ၎င်းပြင် ထိုသူတို့သည် အသင်တို့နှင့်ပက်သက်၍ အလှည့်ကြုံခြင်းများကို စောင့်မျှော်နေကြကုန်၏။ (အမှန်အားဖြင့်) ထိုသူတို့အပေါ်၌ပင် မကောင်းသော အလှည့်ကြုံခြင်း သည်ရှိပေသည်။ အမှန်သော်ကား အလ္လာဟ်အသျှင်မြတ်သည် အလုံးစုံတို့ကို ကြားတော်မူသောအသျှင်၊ အရာခပ်သိမ်းတို့ကို သိတော်မူသောအသျှင် ဖြစ်တော်မူပေသတည်း။

၀၀၉ : ၉၉။ ထို့အပြင် ကျေးရွာများ၌ နေထိုင်ကြကုန်သော အရဗ်အမျိုးသားတို့တွင် အလ္လာဟ်အသျှင်မြတ်ကိုလည်းကောင်း၊ နောက်ဆုံးနေ့ကိုလည်းကောင်း၊ ယုံကြည်သူများလည်း ရှိကြကုန်၏။ထိုသူတို့သည် (မွန်မြတ်သောကိစ္စများ) ၌ မိမိတို့ သုံးစွဲကြသည်များကို ““အလ္လာဟ်အသျှင်မြတ် အထံတော်တွင် ချဉ်းကပ်ရန် အကြောင်းဖြစ်သည်”” ဟူ၍လည်းကောင်း၊ ““ရစူလ်တမန်တော်(မုဟမ္မဒ်) ၏ ဆုမွန်များရယူရန် အကြောင်းဖြစ်သည်”” ဟူ၍လည်းကောင်း မှတ်ယူကြကုန်၏။ သတိပြုကြလေကုန်၊ ဧကန်မလွဲ ထိုသုံးစွဲသူများသည် ၎င်းတို့အဖို့ ချဉ်းကပ်ရန်အကြောင်းပင် ဖြစ်ပေသည်။ ဧကန်အမှန် အလ္လာဟ်အသျှင်မြတ်သည် ၎င်းတို့အား မိမိကရုဏာတော်တွင် ပါဝင်စေတော်မူအ့ံ ဧကန်မလွဲ အလ္လာဟ်အသျှင်မြတ်သည် အလွန်တရာ လွတ်ငြိမ်းချမ်းသာခွင့် ပေးသနားတော်မူသောအသျှင်၊ အလွန်တရာ သနားကြင်နာ ညှာတာတော်မူသောအသျှင်၊ ဖြစ်တော်မူပေသတည်း။

၀၀၉ : ၁၀၀။ (အီမာန်သက်ဝင်ယုံကြည်ရာတွင် အွမ္မတ်သား အားလုံးတို့ထက်) ရှေးဦးပထမ ဖြစ်ကြကုန်သော မုဟာဂျီရိန် သာဝကကြီးများသည် လည်းကောင်း၊ အန်ဆွာရ် (သာဝကကြီး)များသည် လည်ကောင်း၊ ထို(မုဟာဂျီရိန်နှင့် အန်ဆွာရ်) တို့၏နောက်သို့ ကောင်းမွန်စွာ လိုက်ရဲကြသူတို့သည်လည်းကောင်း၊ အလ္လာဟ် အသျှင်မြတ်သည် ထိုသူတို့အပေါ်၌ ကျေနပ်တော်မူခဲ့လေပြီ၊ ထိုသူတို့သည်လည်း ထိုအသျှင်မြတ်အပေါ်၌ ကျေနပ်ခဲ့ကြလေပြီ၊ ၎င်းပြင် ထိုအသျှင်မြတ်သည် ၎င်းတို့အဖို့ အကြင်ဥယျာဉ်များကို အဆင်သင့်ပြုလုပ်၍ ထားရှိတော်မူခဲ့လေသည်။ ထိုဥယျာဉ်များ၏အောက်၌ စမ်းချောင်းများ စီးထွေလျက် ရှိကြပေသည်။ (၎င်းတို့သည်) ထိုဥယျာဉ်များတွင် ထာဝစဉ် နေထိုင်စံမြန်းလျက် ရှိကြပေမည်။ ဤကား ကြီးကျယ်မြင့်မြတ်လှသော အောင်မြင်မှုပင်တည်း။

၀၀၉ : ၁၀၁။ ထို့ပြင် အသင်တို့၏ ပတ်ဝန်းကျင်၌ ရှိကြကုန်သော အရဗ်ကျေးတောသားတို့တွင်လည်း ကောင်း၊ မဒီနာမြို့သားတို့တွင်လည်းကောင်း၊ အကြင် ကဲ့သို့သော ““မုနာဖစ်က်”” မုစ်လင်မ် အယောင်ဆောင်သော သူများ ရှိကြကုန်၏။ ထိုသူတို့သည် ““နိဖာက်””အယောင်ဆောင်မှု၌ပင် ဇွတ်မှိတ်၍ စွဲမြဲစွာနေခဲ့ကြလေသည်။ အသင်တို့သည် ထိုသူတို့အား မသိချေ။ ငါအသျှင်မြတ်သည် ထိုသူတို့အား သိတော်မူ၏။ မကြာမြင့်မီပင် ငါအသျှင်မြတ်သည် ၎င်းတို့အား နှစ်ကြိမ်တိုင်တိုင ်ပြစ်ဒဏ်ပေးတော်မူမည်၊ တဖန် ၎င်းတို့သည် ကြီးလေးလှသော ပြစ်ဒဏ်ကို ရောက်စေခြင်းကို ခံကြရပေမည်။

၀၀၉ : ၁၀၂။ ထို့ပြင် အခြားသူတို့လည်း ရှိကြကုန်၏။ ထိုသူတို့သည် မိမိတို့၏ ပြစ်မှုဒုစရိုက်များကို ဝန်ခံခဲ့ကြလေသည်။ ထိုသူတို့သည် ကောင်းမြတ်သော အကျင့်အမူနှင့် မကောင်းသောအကျင့်အမူကို ရောနှောပြုလုပ်ခဲ့ကြလေသည်။ အလ္လာဟ်အသျှင်မြတ်သည် ထိုသူတို့ဘက်သို့ ကရုဏာတော်နှင့်လှည့်တော် မူရန် မျှော်ကိုးရာ၏။ ဧကန်စင်စစ် အလ္လာဟ်အသျှင်မြတ်သည် (ပြစ်မှုများကို) အလွန်တရာ လွတ်ငြိမ်းချမ်းသာခွင့် ပေးသနား တော်မူသောအသျှင်၊ (မိမိကျွန်များ အပေါ်၌) အလွန်တရာ သနားကြင်နာ ညှာတာတော်မူသောအသျှင် ဖြစ်တော်မူပေသတည်း။

၀၀၉ : ၁၀၃။ (အို-နဗီတမန်တော်) အသင်သည် ထိုသူတို့၏ ဥစ္စာပစ္စည်းများထဲမှ အလှူဝတ္ထုကို လက်ခံယူလိုက်ပါ၊ ယင်းသို့(အလှူလက်ခံယူလိုက်ခြင်း) အားဖြင့် အသင် သည် ထိုသူများအား စင်ကြယ်သန့်ရှင်း အပြစ်ကင်းစေနိုင်မည်။ ထို့ပြင် အသင်သည်၎င်းတို့အဖို့ ဆုမွန်တောင်းပါလေ။ အကြောင်းသော်ကား အသင်၏ ဆုမွန်တောင်းခြင်းသည် ၎င်းတို့အဖို့ ငြိမ်းအေးသက်သာ (နှစ်သိမ့်ကျေနပ်) မှုပင် ဖြစ်ချေသည်။ စင်စစ်တမူကား အလ္လာဟ်အသျှင်မြတ်သည် အလုံးစုံ တို့ကို ကြားတော်မူသောအသျှင်၊ အရာခပ်သိမ်းတို့ကို သိရှိတော်မူသောအသျှင် ဖြစ်တော်မူချေသည်။

၀၀၉ : ၁၀၄။ မုချဧကန် အလ္လာဟ်အသျှင်မြတ်သည်ပင် မိမိကျွန်များ၏ ဝန်ချတောင်းပန်ချက်ကို သဘောတူ လက်ခံတော်မူသည်ကို လည်းကောင်း၊ ထိုအသျှင်မြတ် သည်ပင် အလှူဒါနဝတ္ထုပစ္စည်းများကို လက်ခံတော်မူသည်ကိုလည်းကောင်း၊ ထိုသူများ မသိကြလေသလော၊ ဧကန်အမှန်ထိုအသျှင်မြတ်သည်ပင် (မိမိ ကျွန်များ၏) ဝန်ချတောင်းပန်ချက်ကို အလွန်တရာ သဘောတူ လက်ခံတော်မူသောအသျှင်၊ (၎င်းတို့ အပေါ်၌) အလွန်တရာ သနားကြင်နာ ညှာတာတော် မူသောအသျှင် ဖြစ်တော်မူပေသည်။

၀၀၉ : ၁၀၅။ ထိုမှတပါး အသင်သည် (ဤသို့) ပြောကြားပါလေ၊ ““အသင်တို့သည် (အသင်တို့နှစ်သက်ရာများ ကို) ပြုလုပ်ကြလေကုန်၊ မကြာမြင့်မီ အသင်တို့၏ အပြုအမူကို အလ္လာဟ်အသျှင်မြတ်သည် လည်းကောင်း၊ ထိုအသျှင်မြတ်၏ ရစူလ်တမန်တော်မြတ်သည် လည်းကောင်း၊ ““မုအ်မင်န်”” သက်ဝင်ယုံကြည်သူတို့ သည်လည်းကောင်း၊ တွေ့မြင်ကြပေမည်။ ထိုမှတပါး အသင်တို့သည် ဖုံးအုပ်လျက်ရှိသောအရာတို့ကိုလည်း ကောင်း၊ ပေါ်လွင်ထင်ရှားစွာ သိမြင်နိုင်သောအရာ တို့ကိုလည်းကောင်း၊သိတော်မူသောအသျှင်မြတ်ထံတော်သို့ မုချ ပြန်ရောက်စေခြင်းကို ခံကြရပေမည်။ တဖန် ထိုအသျှင်မြတ်သည် အသင်တို့အား အသင်တို့ ပြုမူလျက်ရှိကြ သည်တို့ကို ထုတ်ဖော်မိန့်ကြားတော် မူပေမည်။

၀၀၉ : ၁၀၆။ ၎င်းပြင် အခြားသူတို့သည်လည်း ရှိကြကုန် ၏၊ ထိုသူတို့၏အရေးကိစ္စမှာ အလ္လာဟ်အသျှင်မြတ်၏ အမိန့်တော်(ကျရောက်သည်) အထိ ရွှေ့ဆိုင်း ထားပြီး ဖြစ်ချေသည်။ ထိုအသျှင်မြတ်သည် ၎င်းတို့အား ပြစ်ဒဏ်ပေးတော်မူသည်ဖြစ်စေ၊ ၎င်းတို့၏ ဝန်ချတောင်းပန်ချက်ကို သဘောတူ လက်ခံတော်မူ သည်ဖြစ်စေ၊ အမှန်စင်စစ်သော်ကား အလ္လာဟ်အသျှင်မြတ်သည် အရာခပ်သိမ်းတို့ကို သိတော်မူသောအသျှင်၊ ကျိုးကြောင်းဆင်ခြင်တုံတရားနှင့် ပြည့်စုံတော်မူသောအသျှင်၊ ဖြစ်တော်မူပေသတည်း။

၀၀၉ : ၁၀၇။ ထိုမှတစ်ပါး (၎င်းတို့တွင်) အကြင်သူတို့သည်လည်း ရှိကြကုန်၏။ ထိုသူတို့သည် ““မတ်စ်ဂျစ်ဒ်”” ဗလီဝတ်ကျောင်းတဆောင်ကို(အစ္စလာမ်သာသနာ တော်နှင့်မုစ်လင်မ်တို့အား) အကျိုးယုတ်စေခြင်းငှာ လည်းကောင်း၊ (နဗီတမန်တော်မြတ်အား ကဲ့ရဲ့ခြင်း အားဖြင့်)သွေဖည်ငြင်းပယ်ခြင်းငှာလည်းကောင်း၊ မုစ်လင်မ်တို့ အချင်းချင်းတွင် သွေးခွဲခြင်းငှာလည်းကောင်း၊ ယခင်က အလ္လာဟ်အသျှင်မြတ်နှင့် ထိုအသျှင်မြတ်၏ ရစူလ်တမန်တော်မြတ်အား တိုက်ခိုက် ခဲ့ကြသောသူများ ကင်းထောက်ရာဌာနတခု ရရှိစေခြင်းငှာလည်းကောင်း တည်ဆောက်ခဲ့ကြကုန်၏။ တစ်ဖန် ထိုသူတို့က ““ကျွန်တော်မျိုးတို့သည် အကောင်းကိုသာ ရည်စူးခဲ့ကြပါသည်”” ဟု ကျိန်ဆို ကြပေလိမ့်မည်။ သို့ရာတွင် အလ္လာဟ်အသျှင်မြတ်သည် ထိုသူတို့ ဧကန်မလွဲ မုသာဝါဒီများ ဖြစ်ကြသည်ကို သက်သေခံတော်မူ၏။ (တစ်နည်း) ၎င်းပြင် (ထိုသူများတွင်) အကြင်သို့သော သူများလည်းရှိကြ၏၊ ၎င်းတို့သည် (အစ္စလာမ်ကို) ကျိုးယုတ်နစ်နာစေရန်လည်းကောင်း၊ ကုဖ်ရ်၏စကားပြောဆိုရန်လည်းကောင်း၊ မုအ်မင်န်တို့စပ်ကြားတွင် သွေးခွဲရန်လည်းကောင်း၊ အလ္လာဟ်အသျှင်မြတ်နှင့် ထိုအသျှင်မြတ်၏တမန်တော်မြတ်အား ယခင်ကပင် ဆန့်ကျင်တိုက်ခိုက်ခဲ့သောသူတို့ တည်းခိုစေရန် အတွက်လည်းကောင်း၊ ဗလီတလုံး တည်ဆောက် ခဲ့ကြသည်။ ၎င်းပြင် ထိုသူများက ““ကျွနု်ပ်တို့သည် အကောင်းမှတပါး အခြားမည်သည့်အရာကိုမျှ ရည်စူးခဲ့ကြသည် မဟုတ်ပါ”” ဟု မုချကျိန်ဆိုကြလိမ့်မည်။ သို့ရာတွင် မုချဧကန် ၎င်းတို့သည် မုသာဝါဒီများဖြစ်ကြသည်ကို အလ္လာဟ်အသျှင်မြတ် အသိသက်သေဖြစ်တော်မူသည်။

၀၀၉ : ၁၀၈။ (အို-နဗီတမန်တော်) အသင်သည် ထိုဗလီဝတ်ကျောင်းတွင် မည်သည့်အခါ၌မျှ (“ဆွလာတ်” ဝတ်ပြုရန်) မတ်တတ်မရပ်ပါလေနှင့်။ မုချဧကန် အကြင် ““မတ်စ်ဂျစ်ဒ်”” ဗလီဝတ်ကျောင်းတော်သည် ပထမနေ့မှစ၍ (အလ္လာဟ်အသျှင်မြတ်အား) ကြောက်ရွံ့ရိုသေခန့်ညားခြင်းအပေါ်၌ (မူတည်၍) အုတ်မြစ်ချခဲ့ပြီး ဖြစ်၏။ အသင်သည် ထိုဗလီဝတ်ကျောင်းတော်၌ သာလျှင် ပိုမို၍ ရပ်ထိုက်၏။ ထိုဗလီဝတ်ကျောင်းတော်တွင် အလွန်သန့်ရှင်းစင်ကြယ်ကြရန် နှစ်သက်သော သူတို့သည် ရှိကြကုန်၏။ စင်စစ်သော်ကား အလ္လာဟ်အသျှင်မြတ်သည် အလွန်သန့်ရှင်းစင်ကြယ်ကြကုန်သော သူတို့အား နှစ်မြို့တော်မူချေသတည်း။

၀၀၉ : ၁၀၉။ သို့ဖြစ်ပေရာ အကြင်သူသည် မိမိအဆောက်အအုံကို (အလ္လာဟ်အသျှင်မြတ်အား) ကြောက်ရွံ့ ခန့်ညားခြင်းအပေါ်၌လည်းကောင်း၊(ထိုအသျှင်မြတ်၏) ကျေနပ်မှုအပေါ်၌လည်းကောင်း အုတ်မြစ်ချခဲ့၏၊ ထိုသူသည် ပို၍ကောင်းလေသလော။ သို့တည်းမဟုတ် အကြင်သူသည် ပို၍ကောင်းလေသလော။ ထိုသူသည် မိမိအဆောက်အအုံကို ပြိုကျအံ့ဆဲဆဲဖြစ်သော ချောက်ကမ်းပါးပေါ်၌ အုတ်မြစ်ချခဲ့လေသည်။ သို့ဖြစ်ပေရာ ထိုအဆောက်အအုံသည် ထိုသူနှင့်တကွ “ဂျဟန္နမ်” ငရဲဘုံ၏ မီးထဲသို့ ပြိုကျသွားခဲ့လေသည်။ စင်စစ်သော်ကား အလ္လာဟ်အသျှင်မြတ်သည် မတရားကျင့်မှု ပြုလုပ်သော သူတို့အား တရားလမ်းမှန်သို့ ပို့တော် မူသည်မဟုတ်ပေ။

၀၀၉ : ၁၁၀။ ၎င်းတို့တည်ဆောက်ခဲ့ကြသော အဆောက်အအုံမှာ ၎င်းတို့၏စိတ်နှလုံးများ အစိတ်စိတ်အပိုင်းပိုင်း ဖြစ်မသွားသမျှ ကာလပတ်လုံး၎င်းတို့၏ စိတ်နှလုံး များတွင် အမြဲတစေ ထင့်လျက်ပင် ရှိချေမည်။ စင်စစ်သော်ကား အလ္လာဟ်အသျှင်မြတ်သည် အရာခပ်သိမ်းတို့ကို သိတော်မူသောအသျှင်၊ နက်နဲသိမ်မွေ့သော ကျိုးကြောင်းဆင်ခြင်တုံတရားနှင့် ပြည့်စုံတော် မူသောအသျှင် ဖြစ်တော်မူပေသတည်း။

၀၀၉ : ၁၁၁။ ဧကန်စင်စစ် အလ္လာဟ်အသျှင်မြတ်သည် ““မုအ်မင်န်”” သက်ဝင်ယုံကြည်သူတို့ထံမှ ထိုသူတို့၏ အသက်ဇီဝိန်များကိုလည်းကောင်း၊ ထိုသူတို့၏ ဥစ္စာပစ္စည်းများကိုလည်းကောင်း ထိုသူတို့အဖို့ ဂျန္နတ် အမတသုခဘုံ(သည် အစားပေးရန်) ရှိသည်ဟူ၍ ဝယ်ယူတော်မူခဲ့လေသည်။ ထိုသူတို့သည် အလ္လာဟ်အသျှင်မြတ်၏ လမ်းတော်၌ စက်မက်ပြိုင်ဆိုင်တိုက်ခိုက်ကြကုန်၏။ သို့ဖြစ်ပေရာ (ရံဖန်ရံခါ) ထိုသူတို့သည်(ရန်သူတို့ အား) သတ်ဖြတ်ကြ၍ (ရံဖန်ရံခါ) ထိုသူတို့သည် (ရန်သူတို့၏) သတ်ဖြတ်မှုကို ခံကြရကုန်၏။ ထိုအသျှင်မြတ်သည် မိမိ၏အပေါ်၌တာဝန်ရှိကြောင်း၊ “တောင်ဝ်ရာတ်” ကျမ်းမြတ်တွင် လည်းကောင်း၊ “အင်န် ဂျီလ်” ကျမ်းမြတ်တွင်လည်းကောင်း၊ ကုရ်အာန်ကျမ်းတော်မြတ်တွင်လည်းကောင်း၊ မှန်ကန်စွာ ကတိပြုထားတော်မူခဲ့လေသည်။ စင်စစ်သော်ကား အလ္လာဟ်အသျှင်မြတ်ထက် ပို၍ မိမိ၏ကတိကို ပြည့်စုံပြီးစီးအောင် ဆောင်ရွက်သူ မည်သူရှိသနည်း။ သို့ဖြစ်ပေရာ အသင်တို့သည် မိမိတို့၏ ရောင်းဝယ်မှုနှင့်စပ်လျဉ်း၍ ဝမ်းမြောက် ပျော်ရွှင်ကြလေကုန်။ အမှန်သော်ကား ဤသည်သာလျှင်အလွန်ကြီးကျယ်မြင့် မြတ်လှစွာသော အောင်မြင်မှုပင်တည်း။

၀၀၉ : ၁၁၂။ ထိုစစ်မက်ပြိုင်ဆိုင် တိုက်ခိုက်ကြသော (မုဂျာဟစ်ဒ်များသည်) ဝန်ချတောင်းပန်လျက် ရှိကြသူများ၊ ဝတ်ပြုလျက် ရှိကြသူများ၊ ချီးမွမ်းထောမနာ ပြုလျက်ရှိကြသူများ၊ ဥပုသ်သီလ ဆောက်တည်လျက် ရှိကြသူများ၊ “ရုကူအ်” ဦးညွှတ်လျက် ရှိကြသူများ၊ “စဂျ်ဒဟ်”ပျပ်ဝပ်ဦးချလျက်ရှိကြသူများ၊ ထို့ပြင် ကောင်းမှုများကို အမိန့်ပေးညွှန်ကြားလျက် ရှိကြသူများ၊ မကောင်းမှုများမှ တားမြစ်လျက်ရှိကြ သူများ ဖြစ်ကြကုန်၏။ ၎င်းပြင် အလ္လာဟ်အသျှင်မြတ်၏ စည်းကမ်းများကို စောင့်စည်းထိန်းသိမ်းသူများ ဖြစ်ကြကုန်၏။ (အို-နဗီတမန်တော်)အသင်သည် “မုအ်မင်န်” သက်ဝင်ယုံကြည်သူတို့အား သတင်းကောင်း ပြောကြားပါလေ။

၀၀၉ : ၁၁၃။ နဗီတမန်တော်မြတ်၌၊ ထို့အတူ မုအ်မင်န် သက်ဝင်ယုံကြည်သူတို့၌၊ မုရှ်ရစ်က်တို့အဖို့ ၎င်းတို့သည် ၎င်းတို့၏ ဆွေမျိုးနီးစပ်သူများဖြစ်ကြသော်လည်း၊ ၎င်းတို့သည် ငရဲသားများဖြစ်ကြောင်း မိမိတို့၌ ထင်ရှားခဲ့ပြီးနောက် (အလ္လာဟ်အသျှင်မြတ် အထံတော်၌) လွတ်ငြိမ်းချမ်းသာခွင့်ကို ပန်ကြား ပေးပိုင်ခွင့်မရှိချေ။

၀၀၉ : ၁၁၄။ စင်စစ်သော်ကား (နဗီတမန်တော်) အစ်ဗ်ရာဟီမ်သည် မိမိဖခင်အဖို့ လွတ်ငြိမ်းချမ်းသာခွင့်ကို ပန်ကြားခဲ့သည်မှာ ထို(နဗီတမန်တော်)အစ်ဗ်ရာဟီမ် သည် ဖခင်အားပေးခဲ့သော ကတိဝန်ခံချက်ကြောင့် သာဖြစ်ပေ၏။ တစ်ဖန် ထို(နဗီတမန်တော်) အစ်ဗ် ရာဟီမ်၌ (ဖခင်) သည်အလ္လာဟ်အသျှင်မြတ်၏ ရန်သူ ဖြစ်ကြောင်း ထင်ရှားခဲ့သောအခါ ထို(နဗီတမန်တော်) အစ်ဗ်ရာဟီမ်သည် ဖခင်နှင့် (မည်သို့မျှ) မသက်ဆိုင်၊ မပတ်သက်ဟူ၍ ငြင်းဆိုခဲ့လေ၏။ ဧကန်စင်စစ် (နဗီတမန်တော်) အစ်ဗ်ရာဟီမ်သည် စိတ်နှလုံး အလွန် နူးညံ့သူ၊ သည်းခံခြင်းတရားအလွန်ထားရှိသူ ဖြစ်ခဲ့ပေသတည်း။

၀၀၉ : ၁၁၅။ စင်စစ်သော်ကား အလ္လာဟ်အသျှင်မြတ်သည် မည်သည့်လူမျိုးကိုမဆို ထိုလူမျိုးတို့အား တရားလမ်းမှန်သို့ ပို့တော်မူပြီးနောက်၊ ၎င်းတို့ရှောင်ကြဉ် ကြရမည့်အရာများကို ထင်ရှားစွာ မိန့်ကြားတော်မူခြင်း ပြုတော်မမူသမျှ ကာလပတ်လုံး လမ်းလွဲစေတော်မူသည် မဟုတ်ချေ။ ဧကန်စင်စစ် အလ္လာဟ်အသျှင်မြတ်သည် အရာခပ်သိမ်းတို့ကို အကြွင်းမဲ့ သိရှိတော်မူသော အသျှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။

၀၀၉ : ၁၁၆။ ဧကန်စင်စစ် မိုးကောင်းကင်များကို စိုးမိုးအုပ်ချုပ်ခြင်းသည်လည်းကောင်း၊ ပထဝီမြေကို စိုးမိုးအုပ်ချုပ်ခြင်းသည်လည်းကောင်း၊ အလ္လာဟ်အသျှင်မြတ်၌သာ ရှိချေသည်။ ထိုအသျှင်မြတ်သည်သာလျှင် ရှင်စေတော်မူသည်၊ ထိုအသျှင်မြတ်သည်သာလျှင် သေစေတော်မူသည်။ ထိုမှတပါး အလ္လာဟ်အသျှင်မြတ် အပြင် အသင်တို့အဖို့ အဆွေခင်ပွန်းဟူ၍လည်းကောင်း၊ ကူညီမှိုင်းမမည့်သူဟူ၍လည်းကောင်း တဦးတယောက်မျှ မရှိချေ။

၀၀၉ : ၁၁၇။ ဧကန်စင်စစ် အလ္လာဟ်အသျှင်မြတ်သည် နဗီတမန်တော်မြတ်အပေါ်သို့လည်းကောင်း၊ အကြင် “မုဟာ ဂျီရီန်” နှင့် “အန်ဆွာရ်”သာဝကများအပေါ်သို့လည်း ကောင်း၊ ကရုဏာတော်နှင့် လှည့်တော်မူခဲ့လေပြီ။ ယင်း “မုဟာဂျီရီန်” နှင့် “အန်ဆွာရ်” သာဝက တို့သည် မိမိတို့အနက် လူတစု၏ စိတ်နှလုံးများ တိမ်းစောင်းလုဆဲဆဲ ဖြစ်ပြီးနောက်ကျပ်တည်းသော အချိန်ကာလ၌ နဗီတမန်တော်မြတ်၏နောက်သို့ လိုက်ခဲ့ကြကုန်၏။ ထို့နောက် အသျှင်မြတ်သည် ၎င်းတို့အပေါ်၌ကရုဏာတော်နှင့် လှည့်တော်မူခဲ့လေသည်။ မုချဧကန် ထိုအသျှင်မြတ်သည် ၎င်းတို့ နှင့်ပတ်သက်၍ အလွန်တရာ သနားကြင်နာတော် မူသောအသျှင်၊ အလွန်တရာ ညှာတာတော်မူသောအသျှင် ဖြစ်တော်မူ၏။

၀၀၉ : ၁၁၈။ ထိုအတူ (ထိုအသျှင်မြတ်သည်) အကြင် (သာဝက)သုံးဦးတို့ အပေါ်၌လည်း (ကရုဏာတော် နှင့်လှည့်တော်မူခဲ့၏။) ထိုသုံးဦးတို့သည်(မည်သို့မျှ အဆုံးအဖြတ်ကို မရရှိကြသေးဘဲ) ရွှေ့ဆိုင်းခြင်း ခံခဲ့ကြရလေရာ၊ နောက်ဆုံးတွင် ပထဝီမြေသည် ဤမျှကျယ်ဝန်းပါလျက်နှင့်ပင် ၎င်းတို့အပေါ်၌ ကျဉ်းကျပ်လာလေတော့၏။ ထို့ပြင် ၎င်းတို့ အသက်ထင်ရှားရှိနေခြင်းသည်ပင် ၎င်းတို့အပေါ်၌ ကျပ်တည်း ခဲယဉ်းလာခဲ့လေသည်။ ထိုမှတစ်ပါး ၎င်းတို့သည် အလ္လာဟ်အသျှင်မြတ်(၏အမျက်တော်) မှ လွတ်ကင်းရန် ထိုအသျှင်မြတ်အထံတော်မှတပါးအခြား မည်သည့် ခိုကိုးရာဌာနမျှမရှိသည်ကို ယုံကြည်လာခဲ့ကြ လေသည်။ ထို့နောက် ထိုအသျှင်မြတ်သည် ၎င်းတို့ (အနာဂတ်ကာလများတွင်လည်း ပြစ်မှုကျူးလွန်မိတိုင်း အသျှင်မြတ်အထံတော်သို့) ပြန်လှည့်နိုင်ကြခြင်းငှာ ၎င်းတို့ပေါ်၌ ကရုဏာတော်နှင့် လှည့်တော်မူခဲ့လေသည်။ ဧကန်အမှန် အလ္လာဟ်အသျှင်မြတ်သည် ကရုဏာတော်နှင့်လှည့်တော်မူသောအသျှင်၊ အလွန်တရာ သနားကြင်နာ ညှာတာတော်မူသောအသျှင်၊ ဖြစ်တော်မူပေသတည်း။

၀၀၉ : ၁၁၉။ အို-““မုအ်မင်န်”” သက်ဝင်ယုံကြည်သူအပေါင်း တို့၊ အသင်တို့သည် အလ္လာဟ်အသျှင်မြတ်အား ကြောက်ရွံ့ကြလေကုန်၊ ထို့ပြင် အသင်တို့သည် သစ္စာဝါဒီတို့နှင့်အတူ ရှိကြလေကုန်။ (သစ္စာဝါဒီနှင့် အတူ နေထိုင်ကြလေကုန်။)

၀၀၉ : ၁၂၀။ “မဒီနာ” မြို့သားတို့အဖို့လည်းကောင်း၊ ထို သူတို့၏ ပတ်ဝန်းကျင်၌ရှိကြသော အရဗ်ကျေးတော သားတို့အဖို့လည်းကောင်း၊ အလ္လာဟ်အသျှင်မြတ်၏ ရစူလ်တမန်တော်မြတ်အား စွန့်၍ နောက်ကျန်ရစ်ခဲ့ကြရန် မသင့်လျော်ခဲ့ချေ။ ထို့ပြင် ၎င်းတို့သည် မိမိတို့ ၏ အသက်ဇီဝိန်များကို ထိုရစူလ်တမန်တော်မြတ်၏ အသက်ဇီဝိန်ထက် ပိုမို၍ နှစ်သက်ကြရန်လည်း မထိုက်ပေ။ ဤ(ကဲ့သို့ နောက်ချန်ရစ်ခဲ့ခြင်း မပြုဘဲ ရစူလ်တမန်တော်မြတ်နှင့် အတူလိုက်ကြရန် အမိန့် ပြဋ္ဌာန်းတော်မူခြင်း၏) အကြောင်းကား ထိုသူတို့၌ အလ္လာဟ်အသျှင်မြတ်၏ လမ်းတော်တွင် မည်သည့် ရေမွတ်သိပ်ခြင်းမဆို ဆိုက်ရောက်ခဲ့သည်ရှိသော်၊ ထိုမှတပါး မည်သည့်ပင်ပန်းခြင်းမဆို ဆိုက်ရောက်ခဲ့သည်ရှိသော်၊ ထိုမှတပါး မည်သည့်ဆာလောင်ခြင်းမဆို ဆိုက်ရောက်ခဲ့သည်ရှိသော်၊ ထိုမှတပါး ၎င်းတို့သည် “ကာဖိရ်” သွေဖည်ငြင်းပယ်သော သူတို့အား အမျက်ဒေါသ ထွက်စေသည့် မည်သည့် သွားလာမှုကိုမဆို သွားလာကြသည်ရှိသော်၊ ထို့ပြင် ၎င်းတို့သည် ရန်သူတဦးဦးထံမှ (ရန်သူ၏ တပ်လန် ခြင်းကိုသော်လည်းကောင်း၊ ထိုသူတို့ထံမှ လက်ရ ပစ္စည်းကိုသော်လည်းကောင်း၊ ဒဏ်ရာဒဏ်ချက်ကိုသော်လည်းကောင်း၊ ဖမ်းဆီးခြင်းခံရခြင်းကိုသော်လည်းကောင်း၊ ရရှိ(ခံစား) ခဲ့ကြရသည်ရှိသော် ၎င်းတို့အဖို့ခံစားကြရသောထိုအချက်အသီးသီး နှင့်စပ်လျဉ်း၍ ကောင်းမြတ်သော အပြုအမူတရပ်သည် ရေးသားခြင်း ခံခဲ့ကြရသည်ချည်းသာတည်း။ ဧကန်စင်စစ ်အလ္လာဟ်အသျှင်မြတ်သည် အကျင့်သီလ ကောင်းမြတ်သောသူတို့၏ အကျိုးကို အချည်းနှီး ဖြစ်စေတော်မူသည် မဟုတ်ချေ။

၀၀၉ : ၁၂၁။ ၎င်းအပြင် ထိုသူတို့သည် အသေးအဖွဲ သုံးစွဲခြင်းကိုလည်းကောင်း၊ အကြီးအကျယ် သုံးစွဲခြင်း ကိုလည်းကောင်း၊ သုံးစွဲကြသည်ရှိသော်၊ထို့အတူ ထိုသူတို့သည် မည်သည့်တောင်ကြားအရပ် တရပ် ရပ်ကိုမဆို ဖြတ်ကျော်ကြသည်ရှိသော်၊ ထိုသူတို့အဖို့ ရေးသားထားရှိပြီးဖြစ်ခဲ့သည်သာတည်း။ (ယင်းကဲ့ သို့ ရေးသား၍ထားရှိခြင်းမှာ) အလ္လာဟ်အသျှင်မြတ် သည် ထိုသူတို့အား ထိုသူတို့၏ အပြုအမူများနှင့် စပ်လျဉ်း၍ အကောင်းဆုံးသော အကျိုးကျေးဇူးတော်ကို ချီးမြှင့်ပေးသနားတော်မူခြင်းငှာ ဖြစ်ချေသည်။

၀၀၉ : ၁၂၂။ စင်စစ်သော်ကား “မုအ်မင်န်” သက်ဝင်ယုံကြည် သူတို့သည် တယောက်မကျန် (စစ်တလင်းသို့) ထွက် ကြရန်(လည်း) မထိုက်ချေ။ သို့ဖြစ်ပေရာ ၎င်းတို့ အနက် အုပ်စုတိုင်းမှ လူတစုသည်သာလျှင် (စစ်တလင်း သို့ အဘယ့်ကြောင့် မထွက်သနည်း။) ထွက်ကြရပေမည်။ သို့မှသာလျှင် (ကျန်လူတို့မှာ) “ဒီန်” သာသနာ နှင့်စပ်လျဉ်း၍ (အသိပညာများကို) သင်ယူဆည်းပူး နိုင်ကြပေမည်။ ထို့ပြင် ၎င်းတို့သည် မိမိတို့၏ အမျိုးသားတို့အား (စစ်တလင်းမှ) မိမိတို့ထံ ပြန်လည် ရောက်ရှိလာခဲ့ကြသောအခါ။
(အလ္လာဟ်အသျှင်မြတ်၏အမိန့်ပညတ်တော်များကို ဟောကြားခြင်းအားဖြင့်) သတိပေး နှိုးဆော်နိုင်ကြပေမည်။ သို့မှသာလျှင် ထိုအမျိုးသားတို့သည် (ပြစ်မှုဒုစရိုက်တို့မှ)ရှောင်ရှား တန်ကြရာကုန်သတည်း။

၀၀၉ : ၁၂၃။ အို-“မုအ်မင်န်” သက်ဝင်ယုံကြည်သူအပေါင်း တို့၊ အသင်တို့သည် မိမိတို့၏ အနီးပတ်ဝန်းကျင်ရှိ “ကာဖိရ်” မယုံမကြည်သွေဖည်ငြင်းပယ်သူတို့အား တိုက်ခိုက်ကြလေကုန်၊ ထို့ပြင် ၎င်း“ကာဖိရ်” မယုံမကြည် သွေဖည်ငြင်းပယ်သူတို့သည် အသင်တို့၌ပြင်းထန်မှုကို တွေ့ရှိကြစေရာ၏။ ၎င်းပြင် ဧကန်မလွဲ အလ္လာဟ်အသျှင်မြတ်သည် သူတော်စင်တို့နှင့် အတူရှိတော်မူကြောင်း အသင်တို့သည် (ကောင်းစွာ) သိထားကြလေကုန်။

၀၀၉ : ၁၂၄။ စင်စစ်သော်ကား မည်သည့် အခါမျိုး၌မဆို (ကုရ်အာန်ကျမ်းတော်မြတ်၏) “စူရဟ်” ကဏ္ဍ တခုခုသည် (အလ္လာဟ်အသျှင်မြတ်အထံတော်မှ) ချပေးသနားတော်မူခြင်း ခံခဲ့ရပါလျှင်၊ ထို (“မုနာ ဖစ်က်” မုစ်လင်မ်အယောင်ဆောင်သော) သူတို့အနက်မှ အချို့က ““ဤ“စူရဟ်”ကဏ္ဍသည် အသင်တို့အနက် မည်သူ၏ အီမာန်သက်ဝင်ယုံကြည်မှုကို တိုးတက် စေပါသနည်း”” ဟု ပြောဆိုကြလေ၏။ စင်စစ်သော်ကား မည်သို့ပင်ဖြစ်စေ “မုအ်မင်န်” သက်ဝင်ယုံကြည်သူတို့အဖို့ ထို “စူရဟ်” ကဏ္ဍသည် ၎င်းတို့၏ “အီမာန်” သက်ဝင်ယုံကြည်မှုကိုတိုးတက်စေခဲ့၏။ ထို့ပြင် ၎င်းတို့သည် ဝမ်းမြောက်ပျော်ရွှင် လျက် ရှိကြကုန်သတည်း။

၀၀၉ : ၁၂၅။ သို့ရာတွင် စိတ်နှလုံးများတွင် ရောဂါရှိသော သူတို့အဖို့ ထို “စူရဟ်” ကဏ္ဍသည် ၎င်းတို့၏ အညစ်အကြေးတွင် အညစ်အကြေးတခုခုကို (ထပ်လောင်း၍) တိုးစေခဲ့သည်။ ထို့ပြင် ၎င်းတို့သည် “ကာဖိရ်” မယုံမကြည် သွေဖည်ငြင်းပယ်သူများ အဖြစ်နှင့်ပင်သေဆုံးခဲ့ကြရလေသည်။

၀၀၉ : ၁၂၆။ ၎င်းတို့သည် မိမိတို့မှာ တနှစ်လျှင် တကြိမ် သို့မဟုတ် နှစ်ကြိမ် စမ်းသပ်ခြင်း ခံကြရသည်ကို မမြင်ကြလေသလော၊ သို့ပါလျက် ၎င်းတို့သည် ဝန်ချ တောင်းပန်ကြသည်လည်းမဟုတ်ပေ၊ သတိတရား ရရှိကြသည်လည်း မဟုတ်ချေတကား။

၀၀၉ : ၁၂၇။ ထိုမှတစ်ပါး မည်သည့်အခါမျိုးမဆို “စူရဟ်” ကဏ္ဍတခုခုကို ချပေးသနားတော်မူခြင်းကို ခံခဲ့ရပါလျှင်၊ ၎င်းတို့အနက် တဦးကတဦးကိုကြည့်(၍) ““အသင်တို့အား (နဗီတမန်တော်နှင့် မုစ်လင်မ်တို့ အနက်မှ) တဦးဦးသည် ကြည့်နေသလော”” ဟု (အရိပ်အယောင်ဖြင့်ပြောဆို)မေးမြန်းပြီးနောက် ပြန်လှည့်(၍ ထွက်သွား)ခဲ့ကြလေသည်။ (စင်စစ်သော်ကား) အလ္လာဟ်အသျှင်မြတ်သည် ၎င်းတို့၏စိတ်နှလုံးများကို လှည့်၍ ထားတော်မူခဲ့ လေသည်။ အဘယ်ကြောင့် ဆိုသော် ၎င်းတို့သည် အသိဉာဏ်ကို အသုံးမပြုသောသူများသာ ဖြစ်ကြသောကြောင့်ပင်။

၀၀၉ : ၁၂၈။ ဧကန်မလွဲ အသင်တို့အနက်မှပင် ရစူလ် တမန်တော်တပါးသည် အသင်တို့ထံ ရောက်ရှိလာခဲ့ချေပြီ။ အသင်တို့ တွေ့ကြုံရသော ဒုက္ခသည် ထိုရစူလ်တမန်တော်၏ အပေါ်၌ အလွန် ဝန်လေးလှသည်။ (၎င်းပြင် ထိုရစူလ်တမန်တော်သည်) အသင်တို့နှင့်ပတ်သက်၍ကောင်းရာကောင်းကြောင်းများကိုသာ အာသာဆန္ဒ ပြင်းပြစွာ တပ်မက်သူဖြစ်၏။ (ထိုမှတစ်ပါး) “မုအ်မင်န်” သက်ဝင်ယုံကြည်သူ တို့နှင့်ပတ်သက်၍ အလွန်တရာ နူးညံ့သိမ်မွေ့သူ၊ အလွန်တရာ သနားကြင်နာသူတဦး(လည်း) ဖြစ်ချေ သတည်း။

၀၀၉ : ၁၂၉။ တဖန် အကယ်၍ ၎င်းတို့သည် (သိနားလည် ပါလျက်နှင့် ယုံကြည်လိုက်နာခြင်းမရှိပဲ) ပြန်လှည့်၍ သွားခဲ့ကြပါလျှင် အသင်သည်(၎င်းတို့အား ဤသို့ ပြောကြားပါလေ) ““ငါတို့အဖို့ အလ္လာဟ်အသျှင်မြတ်သည် (အဖက်ဖက်မှ) လုံလောက်တော်မူပေသည်၊ ထိုအသျှင်မြတ်မှတစ်ပါး ကိုးကွယ်ရာအသျှင်ဟူ၍ အလျင်းမရှိ။ ထိုအသျှင်မြတ်အပေါ်၌သာလျှင် ငါသည် (အစစအရာရာတွင် လုံးဝ) ယုံကြည် လွှဲအပ်ခဲ့လေပြီ၊ ထိုမှတပါး ထိုအသျှင်မြတ်သည်ကြီးကျယ်မြင့်မြတ် လှစွာသော “အရ်ရှ်” ပလ္လင်တော်ကို စိုးပိုင်တော်မူ သောအသျှင်လည်း ဖြစ်တော်မူပေသတည်း။

Leave your thought here

Your email address will not be published. Required fields are marked *

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
Click outside to hide the comparison bar
Compare