Blog

Saum with Spiritual and Physical fitness- ရိုဇာနှင့် စိတ်ရောကိုယ်ပါကျန်းမာရေး

Khutbah

Saum with Spiritual and Physical fitness- ရိုဇာနှင့် စိတ်ရောကိုယ်ပါကျန်းမာရေး


Notice: Undefined index: options in /home/kpr4d695aq7d/public_html/wp-content/themes/edumall/elementor/widgets/original/section.php on line 45

တမန်တော်မြတ်(ဆွ) မိန့်သည်မှာ- အလ္လာဟ်အရှင်မြတ်က ဤသို့ပြောဆို လေသည်- အာဒမ်၏ သားသမီးများအတွက် သူတို့လုပ်သမျှ အီဗါဒသ်များသည် သူတို့အတွက်ဖြစ်ကြသည်။

ရိုဇဟ်နှင့်စိတ်ရောကိုယ်ပါကျန်းမာရေး

အစ္စလာမ်သာသနာတွင် ရိုဇဟ် ဥပုဒ် စောင့်ထိန်းခြင်းသည် အိဗါဒသ် တစ်ခုအဖြစ်ယူဆပါသည်။ ရိုဇဟ် စောင့်ထိန်းခြင်းသည် တစ်နည်းအားဖြင့် ကျန်မာရေးအတွက် အကျိုးပြုစေသော်လည်း စင်စစ် ရိုဇဟ်သည် အလ္လာဟ်အရှင်မြတ်၏ နှစ်သက်မှုကို ရယူရန် ရည်ရွယ်ချက်ဖြင့်သာ စောင့်ထိန်းရခြင်းဖြစ်ပါသည်။ ရိုဇဟ် စောင့်ထိန်းခြင်းသည် လောကုတ္တရာအတွက် အကျိုးကျေးဇူးများစွာရှိသလို လောကီအကျိုးကျေးဇူးများ လည်းရှိပါသည်။ အထူးသဖြင့် ခန္ဓာကိုယ် ကျန်းမာသန်စွမ်းမှုအတွက် အကျိုးများစွာရှိသည်ကို သုသေသန လုပ်ငန်းများအရသိရပါသည်။

အဟာရဗေဒပညာရှင်များသည် ဥပုဒ်စောင့်ထိန်းရာတွင် အရည်သောက်ခြင်းဖြင့်စောင့်ထိန်းရန် အကြံပေး ကြသည်။ ထိုအခါ လူတို့သည် အဖတ်မစားကြဘဲ အသီးအနှံနှင့် ဖျော်ရည်တို့ကိုသာ သောက်သုံးကြ လေသည်။ အချို့သောသူတို့သည် အရည်ကို၄င်း အဖတ်ကို၄င်း သတ်မှတ်သောအချိန်မှလွဲ၍ ကျန်သော အချိန်များတွင် ဥပုဒ်စောင့်ထိန်းသည့်အနေဖြင့် မစားသုံးရန် မှာကြားကြသည်။ ထိုသို့ပြုလုပ်ခြင်းဖြင့် လူသည် မိမိ၏ ခန္ဓာအတွင်းရှိ အစိတ်ဖြစ်စေသော အရာများ ရောဂါဖြစ်စေနိုင်သော အရာများကို ဖယ်ရှား ပစ်သလိုဖြစ်စေသည်။

ဆေးပညာအရ ကြည့်လျှင် ရိုဇဟ်ဥပုဒ်စောင့်ထိန်းခြင်းလုပ်ငန်းသည် ခန္ဓာအတွင်းရှိ ရောဂါအရပ်ရပ်ကို ဖယ်ရှားနေသည့် လုပ်ရပ်ဟုလည်းဆိုနိုင်ပါသည်။ ထိုသို့ ဥပုဒ်စောင့်ထိန်းနေစဉ် ခန္ဓာကိုယ်အတွင် အခြား မည်သည့် အစားအစာများ မရှိတော့သည့်အခါ ခန္ဓာအတွင်းရှိ အောင်းနေသော အဆီများသည် အစာအဖြစ် အသုံးဝင်လာပါသည်။ ဥပုဒ်စောင့်နေစဉ်အတွင် ခန္ဓာကိုယ်အပူချိန်ရော့နည်းလာတတ်သလို အခြားသော သွေးပေါင်ကျခြင်း၊ သွေးခုန်နှုံးကျခြင်းနှင့် အသက်ရှုနှေးခြင်း စသည့်အခြေအနေများလည်း ဖြစ်လာတတ် ပါသည်။ သို့ဖြစ်၍ ရိုဇဟ်စောင့်ထိန်းနေစဉ်လူသည် နွေးနွေးထွေးထွေး နေသင့်ပါသည်။ ဥပုဒ်စောင့် ထိန်းခြင်းသည် တနည်းအားဖြင့် ရောဂါများစွာကို ပျောက်ကင်းစေနိုင်ကြောင်း သိရှိလာပါသည်။ အဝလွန်ခြင်း၊ ဓါတုပစ္စည်များ လျော့ပါးစေခြင်း၊ ခန္ဓာကို ကိုက်ခဲခြင်း၊ အကြောရောဂါများ၊ အစာအိမ်နာ ရောဂါ၊ ဝမ်းနှင့်အူလမ်းကြောင်းဆိုင်ရာရောဂါများ၊ ပန်းနာရင်ကျပ်နှင့် စိတ်ဖိစီးမှုများကို ပျောက်ကင်းရော့ပါး စေကြောင်းသိရပါသည်။

ဥပုဒ်သီလစောင့်ထိန်းခြင်းသည် တနည်းအားဖြင့် ခန္ဓာနှင့် စိတ်ကို အနားယူစေကာ ရောဂါများမှာ ကာကွယ် မှုကိုပေးနေခြင်းဖြစ်သည်။ ဥပုဒ်သီလစောင့်ထိန်းခြင်းသည် ဆီးချိုရောဂါကို၄င်း၊ အစာအိမ်လမ်းကြောင်း ရောဂါကို၄င်း၊ ဝမ်းချုပ်ခြင်းကို၄င်း ပျောက်ကင်းသက်သာစေပြီး၊ ကိုလက်စ်ထရောလ် လီဗဲလ်ကိုညှိနှိုင်းပေး ခြင်းကိုလည်း ပြုလုပ်ပေးကြောင်း သုသေသနလုပ်ငန်းများအရ သိလာကြပါသည်။

ထိုသို့ လောကီဆိုင်ရာ ခန္ဓာကိုယ်ကျန်းမာရေးကို ကောင်းမွန်စေသည့်အပြင် လောကုတ္တရာ အာခိရသ်နှင့် ပတ်သက်သော အကျိုးဆွဝါဗ်များကာ ပြောပြမဆုံးနိုင်ပင်ဖြစ်သည်။ အချို့သော အကျိုးကျေးဇူးများကို တင်ပြရလျှင်-

သိရ်မိဇီကျမ်းတွင် တမန်တော်မြတ်(ဆွ) မိန့်ကြားချက်ကို တင်ပြသည်မှာ ကျမ်းမြတ်ကုရ်အာန်နှင့် ရိုဇဟ် စောင့်ထိန်းခြင်းသည် လူသားကို အလ္လာဟ်အရှင်မြတ်ထံမှာ အကာအကွယ်ကိုတောင်းခံပေးသည်ဟူ၍ဖြစ် သည်။ ရိုဇဟ်က အလ္လာဟ်အရှင်မြတ်ကို ပြောဆိုသည်မှာ အိုအလ္လာဟ် ကျွန်တော်မျိုးသည် ဤလူသားကို အစားအစာစားခြင်းမှ၄င်း၊ တဏှာကာမ အမှုကိစ္စမှ၄င်း နေ့အချိန်တွင် ကင်းအောင်ပြုလုပ်ခဲ့သည်။ သို့ဖြစ်၍ ဤလူသားအတွက် မိမိ၏ လွတ်ငြိမ်းချမ်းသာခွင့် ဝင်ရောက်တောင်းဆိုမှုကို လက်ခံတော်မူပါ။ ကျမ်းမြတ်ကုရ်အာန်ကလည်း ပြောဆိုသည်မှာ ကျွန်တော်မျိုးသည် ဤလူကို အိပ်ခြင်းမှာ ဝေးစေကာ ကျမ်းမြတ်ကုရ်အာန်အား ဖတ်နေစေခဲ့သည်။ သို့ဖြစ်၍ မိမိ၏ ကြားဝင် ပြောကြားခြင်းကို လက်ခံပါအရှင် ဟုဆိုသည်။ သို့ဖြစ် ၄င်းတို့၏ တောင်းဆိုမှုသည် လက်ခံကဗူလ်ဖြစ်ခဲ့သည်။

ဗူခါရီကျမ်းတွင် လာရှိသည်မှာ တမန်တော်မြတ်(ဆွ) မိန့်သည်မှာ- အလ္လာဟ်အရှင်မြတ်က ဤသို့ပြောဆို လေသည်- အာဒမ်၏ သားသမီးများအတွက် သူတို့လုပ်သမျှ အီဗါဒသ်များသည် သူတို့အတွက်ဖြစ်ကြသည်။ သို့သော် သူတို့စောင့်ထိန်းသောရိုဇဟ်သည် ငါအတွက်သာဖြစ်သည်။ ရိုဇဟ်အတွက် ငါအရှင်ကိုယ်တိုင် အကျိုးဆွဝါဗ်ပေးမည်ဖြစ်သည်။ အခြားဟဒီးဆ်တစ်ပုဒ်တွင် မိန့်သည်မှာ- ငါအရှင်သည်သာလျှင် ရိုဇာ စောင့်ထိန်းသူတို့အတွက် အကျိုးဆွဝါဗ်ပေးမည်။ အကြောင်းမှာ သူတို့သည် ငါအတွက် အစားကို၄င်း အသောက်ကို၄င်း ကာမစိတ်ကို၄င်း ချုပ်တည်းခဲ့ကြသည်။ တမန်တော်မြတ် (ဆွ) မိန့်သည်မှာ ရိုဇဟ်စောင့် ထိန်းခြင်းသည် ဒိုင်းသဖွယ်ဖြစ်ပြီး ငရဲမီးမှ ကာကွယ်ပေးပါသည်။ ထို့အပြင် ရိုဇဟ်စောင့်ထိန်းသူတို့သည် နှစ်ခုသော ဝမ်းမြောက်ခြင်းကို ရရှိကြမည်။ တစ်ခုသည် ရိုဇဟ်ဖြေသောအချိန်တွင်ဖြစ်ပြီး အခြားတစ်ခုမှာ သူသည် သူ၏ မွေးမြူဖန်ဆင်းရှင်နှင့် တွေ့ဆုံမည့်နေ့ဖြစ်သည်။ ထို့အပြင် ရိုဇဟ်စောင့်သူ၏နုတ်မှအနံ့ သည် အလ္လာဟ်ထံပါးဝယ် ကတိုးနံ့ထက်ပင် ကောင်းမွန်ကြောင်း မိန့်ဆိုသည်ကို သိရပါသည်။

ဗူခါရီကျမ်းတွင် လာရှိသည်မှာ ရိုဇဟ်စောင့်ထိန်းခြင်းသည် လူသားအဖို့ အလ္လာဟ်အရှင်မြတ်၏ အမိန့်တော် ကို နာခံခြင်းဟူသည့် အလိုသဘောပါရှိသလို အလ္လာဟ်အရှင်မြတ်၏ နှစ်သက်မှုအတွက် စောင့်ထိန်းခြင်းဟူ သည် နိယသ်ထားရန်လိုအပ်သည်။ ထို့အပြင် မွတ်စ်လင်မ်တို့သည် ရိုဇဟ်စောင့်ထိန်းရာတွင် နှစ်ရက်ဆက် တိုက် စောင့်ထိန်းခြင်းအမှုကို မပြုထိုက်ပါ။ အိမာမ်မာလိက်(ရ) ၏ အလ်မုဝသ်သာ ကျမ်းတွင် တမန်တော်မြတ် (ဆွ) သည် နှစ်ရက် ဆက်တိုက် ရိုဇဟ်စောင့်ထိန်းခြင်းအမှုကို တားမြစ်ထားပြီး တစ်ရက် ရိုဇဟ်စောင့်ထိန်းပြီးတိုင်း ကြားတွင် အစာ စားရမည်ဖြစ်သည်။ ထို့အပြင် ရိုဇဟ်စောင့်ထိန်းခြင်းကို အီဒ်နေ့ နှစ်ရက်အတွက်၄င်း၊ အိုင်ယာမိ သရှ်ရိက်နေ့များတွင်၄င်း တားမြစ်ထားပါသည်။ ဇနီးမယားများသည် နဖိလ်ရိုဇဟ်ကို လင်ယောက်ျား၏ သဘောတူညီချက်မရှိဘဲ စောင့်ထိန်းခြင်းမပြုရပါ။

ရိုဇဟ်ဖြေသည်အခါ ရေတစ်ငုံသောက်ခြင်းဖြင့်၄င်း၊ စွန်ပုလွန်သီးတစ်လုံး စားသုံးခြင်းဖြင့်၄င်း ဖြေသင့်ပါ သည်။ အဘူဒါဝတ်ကျမ်းတွင် တမန်တော်မြတ် (ဆွ) မိန့်သည်မှာ အသင်တို့သည် ဥပုဒ်စောင့်ထိန်းပြီး ၀ါဖြေသည့်အခါ စွန်ပုလွန်သီးတစ်လုံးဖြင့် ၀ါဖြေသင့်သည်။ အကယ်၍ မည်သည့်အရာမှ မရရှိပါက ရေတစ်ငုံဖြင့် ၀ါဖြေသင့်သည်။ ရေသည် သန့်ရှင်းစေသောအရာဖြစ်သည်။ မွတ်စ်လင်မ်ကျမ်းတွင် လာရှိ သည်မှာ တမန်တော်မြတ် (ဆွ) မိန့်သည်မှာ အဂျ်ဝ စွန်ပုလွန်သီးသည် အလွန်ကောင်းသောဆေးတစ်ပါး ဖြစ်သည်။ တဖန် တမန်တော်မြတ် (ဆွ) မိန့်သည်မှာ တနင်္လာနေ့နှင့် ကြာသာပတေးနေ့များတွင် ရိုဇဟ် စောင့်ထိန်းကြလော့၊ ထို့အပြင် လူတို့၏ လုပ်ရပ်အမလ်များကို တနင်္လာနေ့နှင့် ကြာသာပတေးနေ့များတွင် အလ္လာဟ်အရှင်မြတ်ထံတော်သို့ တင်ပြလေ့ရှိပါသည်။ ငါတမန်တော်လိုလားသည်မှာ ထိုသို့တင်ပြချိန်တွင် ထိုသူသည် ရိုဇာစောင့်ထိန်းနေသည့် အခြေအနေတွင် ရှိနေစေချင်ပါသည်။ ထိုအပြင် လတစ်လ၏ ၁၃၊ ၁၄ နှင့် ၁၅ ရက်များ (အိုင်ယာမိဘီဇ်နေ့များ) တွင် ရိုဇဟ်စောင့်ထိန်းနိုင်လျှင်လည်း အလွန်ကောင်းပါသည်။

တနှစ်တာအတွင်း ရမ်ဇမ်လမြတ်အတွင်း စောင့်ထိန်းရသော ဖရဇ်ရိုဇဟ်များကို စောင့်ထိန်းနေရသည်ဖြစ် စေ၊ ကျန်သော ရက်များတွင် နဖိလ် ရိုဇဟ်များ စောင့်ထိန်းနေရသည်ဖြစ်စေ လူသားတို့တွင် အကျိုးကျေးဇူး နှစ်ခု ရရှိကြောင်း သိရပြီ ဖြစ်သည်။ တစ်ခုမှာ အလ္လာဟ်အရှင်မြတ် ကိုယ်တော်တိုင် ချီးမြှင့်မည့် ဆွဝါဗ် ဖြစ်ပြီး၊ အခြားတစ်ခုကတော့ လက်ရှိ ဤ ဒွန္နီယာလောကကြီးတွင် ရိုဇဟ်စောင့်ထိန်းသူ၏ ခန္ဓာအတွင်း ရောဂါများကို ပျောက်ကင်းစေခြင်းပင်ဖြစ်သည်။ မည်ကဲ့ သို့သော် အကျိုးကျေးဇူး ခန္ဓာအတွင်း ရရှိနေသည် ဖြစ်စေ ရိုဇဟ်စောင့်ထိန်းသူတစ်ဦး သဘောပေါက်သင့်သည်မှာ ၄င်းတို့သည် အလ္လာဟ်အရှင်မြတ်ချီးမြှင့် သည် ရဟ်မသ်တော်များသာဖြစ်ပါသည်။ သို့သော် ရိုဇဟ်စောင့်ထိန်းသူတစ် ဦးနားလည်သဘောပေါက် ထားရမည်မှာ ရိုဇဟ်စောင့်ထိန်းခြင်းသည် အဆိုပါ ဒွန္နီယာ၏ အကျိုးကျေးဇူးများ ရရှိရန်၊ ရောဂါများကို ပျောက်ကင်းရန်၊ ခန္ဓာကိုယ် ပိန်ပေါ့ပါးဖြတ်လတ်သွက်လက်ရန်၊ အစားအသောက် ထိန်းချုပ်ရန် စသည့် ရည်ရွယ်ချက်ဖြင့် စောင့်ထိန်း မမိရန်ပင်ဖြစ်သည်။ စင်စစ် ရိုဇဟ်စောင့်ထိန်းခြင်းသည် မိမိတို့အတွက် ပြင်းပြသည့် ဆန္ဒများကို ထိန်းချုပ်ရန်ပင်ဖြစ်ပါသည်။ အဆုံးအနေဖြင့် တင်ပြလိုသည်မှာ ရိုဇာစောင့်ထိန်း ခြင်းဖြင့် မွတ်စ်လင်မ်တို့ သည် အလ္လာဟ်အရှင်မြတ်ထံတော်မှ အကျိုးဆွဝါဗ် အမှန်ပင်ရရှိမည်ဖြစ်ပါကြောင်း သို့သော် မိမိရိုဇဟ်ကို ချို့ယွင်းစေမည့် မုသားပြောခြင်း၊ လိမ်လည်ခြင်း၊ သူများမကောင်းကြောင်း နောက်ကွယ်တွင်ပြောခြင်း၊ မကောင်းမှုဒုစရိုက်များကို လုပ်ခြင်း စသည့် လုပ်ရပ်များဖြင့် မိမိရရှိမည့် ဆွဝါဗ်များကို ယုတ်လျော့စေအောင် မပြုမိလုပ်ရန် အရေးကြီးပါကြောင်း။

အလ္လာဟ်အရှင်မြတ် ရေးသူ ဖတ်သူ အမလ်လုပ်သူများအားလုံး၏ အမလ်များကို လက်ခံတော်မူပါစေ။

Leave your thought here

Your email address will not be published. Required fields are marked *

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
Click outside to hide the comparison bar
Compare